တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့တုန်းက ဘူဆန်မြို့ရဲ့ မြောက်ပိုင်းဆိပ်ကမ်း ကမ်းနားဥယျာဉ်နဲ့ ဆက်စပ်တည်ရှိရာ လူလုပ် တူးမြောင်းထဲမှာ အဲဒီငါးမန်းကို စပြီး တွေ့ခဲ့ရပါတယ်။ တူးမြောင်းရဲ့ ရှုပ်ထွေးမှုကြောင့် ငါးမန်းဟာ ပင်လယ်ထဲ ပြန်မထွက်တတ်ဘဲ အဲဒီမှာပဲ ဆက်ပြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဘူကန်ဂီလို့ ချစ်စနိုး နာမည်ပြောင် ရထားတဲ့ ငါးမန်းအကြောင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ကြတဲ့နောက် တောင်ကိုရီးယားမှာ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိလာပါတယ်။
တောင်ကိုရီးယားရဲ့ ချူဆွတ် အားလပ်ရက်ကာလ စတင်တဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ အဲဒီငါးမန်းကို လာရောက်စုဝေး ကြည့်ရှုသူ တစ်သိန်းကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။ အရင်နှစ်တွေတုန်းက အခုလိုနေ့မျိုး အဲဒီတဝိုက်မှာ လာရောက်လည်ပတ်သူက ၂၀၀၀ ဝန်းကျင်ထက် မပိုပါဘူး။

Public Service Announcement
ဘူကန်ဂီရဲ့ ကောင်းမှုကြောင့် ရုတ်တရက် လည်ပတ်သူတွေ တိုးလာတဲ့အတွက် ဒေသခံ စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကတော့ ဟန်ကျနေပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာလည်း ငါးမန်းကို လာကြည့်မယ့်သူ အများအပြား ရှိလိမ့်မယ်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ဘူကန်ဂီဟာ ကိုယ်အလျား ၁၁ ပေခွဲလောက် ရှည်လျားတဲ့ အရွယ်ရောက်ပြီး ငါးမန်းတစ်ကောင်ပါ။ မျိုးစိတ်ကို အတိအကျ မသိရပေမယ့် အဏ္ဏဝါဗေဒ ပညာရှင်တွေက ကော့ပါးငါးမန်း၊ ဒါမှမဟုတ် အမည်းရောင် ဒက်စ်ခီ ငါးမန်းမျိုးစိတ် တစ်ခုခု ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နှစ်မျိုးစလုံးက လူသားတွေကို အန္တရာယ်ပြု တိုက်ခိုက်နိုင်ခြေ ရှိတာကြောင့် မတော်တဆမှုတွေ မဖြစ်ရအောင် တူးမြောင်းတဝိုက် လူတွေ သွားရောက် လည်ပတ်ခွင့်ကို ဘူဆန်မြို့တော် အုပ်ချုပ်ရေး အဖွဲ့က မနက် ၆ နာရီနဲ့ ညနေ ၆ နာရီကြားသာ အချိန်ကန့်သတ် ခွင့်ပြုပေးထားပါတယ်။
ဘူကန်ဂီကို လူထု စိတ်ဝင်စားမှု မြင့်တက်လာချိန်မှာပဲ စီးပွားရေး လုပ်ငန်းတွေကလည်း သူ့ရဲ့ ပုံရိပ်ကို အသုံးချဖို့ အပြိုင် ကြိုးစားလပါတယ်။ ဥပမာ Ediya ကော်ဖီ အမှတ်တံဆိပ်က ဘေးကင်းတဲ့ နေရာကနေ ကော်ဖီလေးသောက်ရင်း ငါးမန်းကို စောင့်ကြည့်ဖို့ ကြော်ငြာစာကို လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ငါးမန်းစတွေ့ပြီး ကတည်းက အဲဒီနေရာ တဝိုက်မှာ ဖြန့်ဝေထားတဲ့ ကော်ဖီရောင်းအားက ရုတ်တရက် ထိုးတက်လာကြောင်းလည်း ကုမ္ပဏီက အတည်ပြုပါတယ်။
ဘူဆန် ငါးပြတိုက်ကလည်း သူတို့မှာရှိတဲ့ ငါးမန်းတွေဟာ ဘူကန်ဂီလိုပဲ လှပပါတယ်လို့ Instagramမှာ ရေးသားထားပြီး followerတွေက သဘောတကျနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဘူဆန်ရဲ့ ဒေါင်ခရိုင် အုပ်ချုပ်ရေး အဖွဲ့ကတော့ အဲဒီငါးမန်းကို ခရိုင်ရဲ့ တရားဝင် လာဘ်ကောင်လေးအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။
ဘူဆန် မြို့တော်ဝန် ဂျောင်ဂျေဆူးက မြောက်ပိုင်းဆိပ်ကမ်း ကမ်းနားဥယျာဉ်ကို ကမ္ဘာကြီးက အာရုံစိုက်မိလာဖို့ နှစ်ပေါင်း တစ်ရာမှာ တစ်ခါလောက်သာ ရနိုင်တဲ့ အခွင့်အရေးမျိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ငါးမန်းရှိတဲ့ နေရာကို တချို့က ကြက်သားအစိမ်းတွေ၊ ပုပ်နေတဲ့ငါးတွေ လှမ်းပစ်ချပေးခဲ့တဲ့နောက် အာဏာပိုင်တွေက ဒါမျိုးလုံးဝ မလုပ်ဖို့၊ ဘူကန်ဂီကို အစာမကျွေးကြဖို့ တားမြစ်ထားပါတယ်။ တူးမြောင်းထဲမှာ ငါးမန်းတွေရဲ့ သဘာဝ အစာဖြစ်တဲ့ ငါးမျိုးစိတ်တွေ အများအပြား ရှိနေတာကြောင့် ဘူကန်ဂီက ကိုယ်တိုင် အမဲလိုက်ပြီး အစာရှာဖွေနိုင်မှာ ဖြစ်ကြောင်း၊ အသားစိမ်းငါးစိမ်းတွေ ပစ်ချခြင်းက ရေထုကို ညစ်ညမ်းစေရုံသာ မကဘဲ ငါးမန်းကို ရန်လိုအောင် လှုံ့ဆော်ပေးသို ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာ အရာရှိတွေက ရှင်းပြထားပါတယ်။
ဒါပေမဲ့ ပိတ်ရက်ကာလ ပြီးသွားရင်တော့ ဘူကန်ဂီကို ပင်လယ်ဖက်ဆီ ပြန်လည် ရွှေ့ပြောင်း မောင်းထုတ်ပေးဖို့ တာဝန်ရှိသူတွေက စဉ်းစားထားပါတယ်။ ငါးမန်းအနေနဲ့ ပင်လယ်ဖက်ဆီ ကိုယ်တိုင် ထွက်ပေါက် ရှာတွေ့ဖို့ မျှော်လင့်ထားပြီး အဆင်မပြေရင်တော့ ရေယာဉ် အသေးစားတွေကို အသုံးပြုပြီး ဖြည်းဖြည်းချင်း ခြောက်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ငါးမန်း အရမ်းလန့်သွားပြီး အကြမ်းပတမ်း တုံ့ပြန်တာမျိုး၊ ကိုယ်တိုင် ဒဏ်ရာရသွားတာမျိုးတွေ ဖြစ်မှာကိုလည်း စိုးရိမ်ရပြီး လောလောဆယ် အထိတော့ တူးမြောင်းထဲမှာပဲ လွတ်လွတ်လပ်လပ် ကူးခတ်ခွင့် ပြုထားပါတယ်။
ကိုးကား: SE Daily



















































