စက်တင်ဘာ – ၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring
ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က ပထမဆုံး ထုတ်ဝေတဲ့ပါတီ စာဆောင်ကို ဒီကနေ့စက်တင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ခဲ့ရာ စာစောင် အယ်ဒီတာ့အာဘော်မှာဒေါက်တာညိုထွန်းအောင်က စစ်ရေး အခြေအနေတွေကို အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။
ဒီနှစ် မိုးနှောင်းရာသီမှာ စစ်တပ်က အရင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နေရာတွေဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူ၊အာရက္ခ-မကွေးအစပ်၊ အာရက္ခ-ပဲခူးအစပ်၊ အာရက္ခ-ဧရာဝတီတိုင်းအစပ်၊ ချင်းပြည်-ပလက်ဝ-အာရက္ခအစပ်နဲ့ အာရက္ခကမ်းရိုးတန်းဖက်တွေမှာ လက်ရှိအသုံးပြုနေတဲ့ စစ်အင်အားထက် နှစ်ဆ သုံးဆတိုးပြီး ကြည်း၊ရေ၊လေထိုးစစ်ကြီးကိုတပြိုင်တည်းလုပ်လာနိုင်လို့စစ်ရိပ်စစ်ငွေ့သန်းလာနေတာကို တွေ့နေရတယ်လို့ ဒေါက်တာညိုထွန်းအောင်က ရက္ခိုင်ဘာသာနဲ့ အသိပေးထားပါတယ်။

Public Service Announcement
“မိုးအကုန် ဆောင်းအစချေမ တိုက်ပွဲတိပိုလို့ပြင်းထန်လာနိုင်ရေအနီအထားကိုလည်း တွိနီရရေ” လို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
အပြီးမသတ်နိုင်သေးတဲ့တိုက်ပွဲတွေကိုတိုက်ရင်း အာရက္ခ တိုင်းပြည်တည်ဆောက်ရေးကိုလည်း တပြိုင်တည်းလုပ်ဆောင်နေကြောင်း ဒေါက်တာညိုထွန်းအောင်က အသိပေးပါတယ်။
လေမုန်တိုင်းဘယ်လောက်ကြီးကြီး ရန်သူရဲ့ထိုးစစ်တွေဘယ်လောက်များများ ခက်ခဲမှုကြားထဲတည်တည်ငြိမ်ငြိမ်နဲ့ရည်မှန်းချက် မပျောက်ဘဲ ဆက်လျှာက်နိုင်ဖို့ အရေးကြီးကြောင်းလည်း AA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။
အာရက္ခပြည်သူတရပ်လုံး မျှော်လင့်နေတဲ့ အမျိုးသားအောင်ပွဲနေ့ရက်ဟာ လက်တကမ်း အလိုရောက်ရှိနေသလို တော်လှန်ရေးရဲ့သဘောသဘာ၀အတိုင်း ခက်ခဲတဲ့အချိန် ကာလတခုကို မလွှဲမရှောင်သာ ရင်ဆိုင်နေရကြောင်းလည်း ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။
တမျိုးသားလုံးရဲ့ အိပ်မျက်ဖြစ်တဲ့ ဖိနှိပ်အုပ်ချုပ်သူရဲ့အောက်က လုံး၀လွတ်မြောက်ရေးမျှော်မျန်းချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ရှေ့ဆုံးကဦးဆောင်တိုက်ပွဲဝင်နေပြီး တော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်းနေရတဲ့ အနေအထား ဖြစ်ကြောင်းအသိပေးပါတယ်။


















































