စက်တင်ဘာ-၂၃၊၂၀၂၆။တေဇ/People’s Spring
စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ကိုဝေဖန်ဆန့်ကျင်ပြီး လူထုလှုပ်ရှားမှုတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအာပေးတဲ့ရေးသားမှုတွေ နဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၂၀၂၉ ဦးရှိတယ်လို့ ဒီနေ့(စက်တင်ဘာ၂၃) သတင်းထုတ်ပြန်ပါတယ်။
ဒီလိုဖမ်းဆီးအရေးယူမှုတွေကိုစစ်တပ်က ၂၀၂၂ ဖေဖော်ဝါရီမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၂ နှစ်အတွင်းမှာပဲ ဖမ်းဆီးခံရသူ ၈၇၄ ဦးထိရှိတယ်လို့ D4M ကဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင်၂၀၂၃ မှာ ၆၁၄ ဦး ၊ ၂၀၂၄ မှာ ၃၇၅ ဦး ၊ ၂၀၂၅ မှာ ၁၄၀ ဦးနဲ့ ၂၀၂၆ခုနှစ်မှာတော့ ဩဂုတ်လကုန်အထိ ၂၆ ဦး ဖမ်းဆီးခံရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုင်းနဲ့ပြည်နယ်တွေအနက်ရန်ကုန်နဲ့ မန္တလေးက ဖမ်းဆီးခံရမှု အများဆုံးဒေသတွေဖြစ်ပြီး ရန်ကုန်မှာ ၅၀၄ ဦးနဲ့ မန္တလေးမှာ ၄၆၅ ဦးရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၃၁၅ နဲ့ အမျိုးသမီး ၇၁၄ ဦးပါဝင်ပြီး ဖေ့စ်ဘွတ်ခ်မှာရေးသားတာကြောင့် ဖမ်းဆီးခံရသူ ၁၈၄၇ ဦး ၊ Tik Tok မှာရေးသားတာကြောင့် ဖမ်းဆီးခံရသူ ၁၅၁ ဦး ၊ Viber နဲ့ Telegram အသုံးပြုသူ ၈ ဦးနဲ့ ၂၃ ဦးကတော့ အွန်လိုင်းပလက်ဖောင်း တစ်ခုထက်ပိုပြီးရေးသားမှုတွေကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ မှာဆိုရင် လုံခြုံရေးထိပါးဝာာမဟုတ်ပဲ နိုင်ငံရေး အမြင်မတူတဲ့ မှတ်ချက်ပေးတာတွေ မျှဝေတာတွေအထိ အရေးယူမှုတွေရှိလာတယ်လို့ D4M ကထောက်ပြထားပါတယ်။
စစ်တပ်က လူမှုကွန်ရက်ကနေ လှုံ့ဆော်တာ ၊ ဝါဒဖြန့်တာ ၊ ခြိမ်းခြောက်ဝာာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ၅၀၅-က ၊ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) တို့ရဲ့ အရေးယူဆောင်ရွက်မယ်လို့ ၂၀၂၂ ဇန်နဝါရီ မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
လူမှုကွန်ရက်မှာရေးသားဝာာတွေကို စောင့်ကြည့်အရေးယူတာရှိသလို စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးကာ အရေးယူတာတွေလည်းရှိတာကြောင့် အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို လုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်ပြီး ခရီးသွားလာမယ်ဆိုရင် ကိုယ့်ရဲ့ အချက်အလက်လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် သေချာပြင်ဆင်သင့်တယ်လို့ D4Mကအကြံပြုထားပါတယ်။



















































