Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATOနိုင်ငံ တစ်ခုခုကို လပိုင်းအတွင်း ရုရှားက တိုက်ခိုက်လာနိုင်ကြောင်း ဒိန်းမတ် ထောက်လှမ်းရေး သတိပေး

မကြာခင် လပိုင်းအတွင်း ရုရှားဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုခုကို တိုက်ခိုက်လာနိုင်တယ်လို့ ဒိန်းမတ် ထောက်လှမ်းရေးက သတိပေး ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

မကြာခင် လပိုင်းအတွင်း ရုရှားဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုခုကို တိုက်ခိုက်လာနိုင်တယ်လို့ ဒိန်းမတ် ထောက်လှမ်းရေးက သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားဟာ NATOရဲ့ စည်းလုံးညီညွတ်မှုကို လက်တွေ့ အကဲစမ်းဖို့အတွက် အဖွဲ့ဝင် နိုင်ငံ တစ်ခုခုကို အကန့်အသတ်နဲ့ စစ်ဆင်တိုက်ခိုက်နိုင်ခြေ ရှိနေတယ်လို့ ဒိန်းမတ် ထောက်လှမ်းရေးဌာန (DDI)က ဆိုပါတယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ စစ်ပွဲက ၄ နှစ်ခွဲကျော် ကြာမြင့်လာတဲ့နောက် ရုရှားဟာ ပိုပြီး အရဲကိုးလာနိုင်ခြေတွေ ရှိတယ်လို့လည်း DDIက မှတ်ချက်ပေးထားပါတယ်။

DDIရဲ့ စက်တင်ဘာ ၂၄ ရက်နေ့ အစီရင်ခံမှုမှာတော့ NATO နိုင်ငံတွေရဲ့ ပိုင်နက်ထဲမှာ ရှိနေပြီး ယူကရိန်းအတွက် အရေးပါတဲ့ အကူအညီတွေ ပေပေးနေတဲ့ အခြေခံ အဆောက်အအုံတွေကို ရုရှားက တာဝေးပစ် စစ်လက်နက်တွေနဲ့ တိုက်ခိုက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ဖြစ်နိုင်ခြေဟာ နည်းပါးတယ် ဆိုပေမယ့် လက်တွေ့ အကောင်အထည် ပေါ်နိုင်ခြေက တဖြည်းဖြည်း တိုးလာနေတယ်လို့ DDIက သုံးသပ်ထားပါတယ်။

ရုရှားဆီက အဲဒီလို ပုံစံ တိုက်ခိုက်မှုမျိုးဟာ လာမယ့် လပိုင်းတွေမှာတောင် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ DDIရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ရုရှားရဲ့ ရည်ရွယ်ချက်ကတော့ ယူကရိန်းအပေါ် ဥရောပရဲ့ အရင်းအမြစ်တွေ စီးဝင်မှုကို ဟန့်တားဖို့၊ NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေကြား သွေးကွဲအောင် သပ်လျှိုဖို့ ဖြစ်တယ်လို့လည်း ဒိန်းမတ်က ပြောပါတယ်။ အဲဒီလို တိုက်ခိုက်မှုမျိုးမှာ NATOဟာ စုပေါင်း အင်အားစု အနေနဲ့ မတုံ့ပြန်လောက်ဘူးလို့ ရုရှားက ယူဆထားပုံ ပေါ်တယ်လို့လည်း DDIက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NATOရဲ့ ပဋိညာဉ် သဘောတူညီမှုတွေအရ အဖွဲ့ဝင်နိုင်ငံတစ်ခု တိုက်ခိုက်ခံရတဲ့အခါ NATO နိုင်ငံအားလုံးက ပူးပေါင်း တုံ့ပြန်ရမယ်ဆိုတဲ့ ကတိမျိုး ပါရှိနေပေမယ့် ရုရှားကတော့ တကယ့် စစ်ရေးအကျပ်အတည်းမှာ NATOက ညီညီညွတ်ညွတ် ရှိမလား ဆိုတာကို စမ်းသပ်ချင်နေကြောင်း DDIက သုံးသပ်ထားပါတယ်။

ရုရှားက NATO နိုင်ငံတွေကို အကဲစမ်းလာမယ့် နည်းလမ်းတွေမှာ တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာတင် မကဘဲ အမှတ်အသား၊ တံဆိပ်မပါတဲ့ တပ်တွေနဲ့ နယ်စပ်ကို ကျူးကျော်တိုက်ခိုက်တာမျိုး နည်းလမ်းတွေပါ သုံးလာနိုင်တယ်လို့ DDI အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို ကိစ္စမျိုးကို ဖုံးဖုံးဖိဖိ၊ သိုသိုဝှက်ဝှက် လုပ်ဆောင်ဖို့က ခက်ခဲနိုင်ပြီး လတွေနဲ့ချီ အချိန်ယူ ပြင်ဆင်ရမယ်လို့တော့ ဆိုပါတယ်။ ရုရှားခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ ဥရောပ လုံခြုံရေး အရာရှိတွေနဲ့ ဥပဒေပြု အမတ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပိုမို သတိထားဖို့ တိုက်တွန်းလာချိန်မှာပဲ DDI အစီရင်ခံစာ ထွက်ပေါ်လာတာပါ။

စက်တင်ဘာ ၂၄ ရက်နေ့မှာ ပိုလန် အစိုးရကလည်း ပြည်တွင်းက Starlink ဂြိုဟ်တု အင်တာနက် မြေပြင်အခြေစိုက် စခန်းတစ်ခု မီးလောင်မှုဟာ ယူကရိန်း စစ်တပ်ရဲ့ အင်တာနက် သုံးစွဲမှုတွေ အနှောင့်အယှက်ဖြစ်အောင် မသမာသူတွေရဲ့ တမင်ရည်ရွယ် ဖျက်ဆီးမှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ တိုက်ရိုက် မစွပ်စွဲပေမယ့် အခြေအနေ အရပ်ရပ်ကတော့ ရုရှားရဲ့ လုပ်ရပ်လို့ ညွှန်ပြနေကြောင်း ပိုလန် ဒုတိယ ဝန်ကြီးချုပ် ခရစ္စတော့ဖ် ဂိုကော့စကီးက ပြောကြားခဲ့ပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံတွေထဲမှာ အဖျက်အမှောင့် လုပ်ရပ်တွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေကို ရုရှားကတော့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook