Connect with us

Hi, what are you looking for?

အတွေးအမြင်

ကျေးဇူးပါ မအေးအေးခိုင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ “အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ”အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

ဓါတ်ပုံ - Za Zayanda Zyd

ဝဇီရာ/People’s Spring

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ “အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ”အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

အဝေးရောက် အနုပညာရှင်တွေဟာ ကျွန်​တော်တို့နိုင်ငံအတွက်ကျရာကဏ္ဍကနေ ဆက်လက်တာဝန်ယူပေးနေကြတာ မကြာခဏ မြင်တွေ့ရလို့ ကျေနပ်မိပါတယ်။ အဲဒီပွဲမှာ ထပ်ပြီး ကျေနပ်စရာတစ်ခု ထပ်တွေ့ရပါတယ်။ အဲဒါကတော့ ဇာတ်ပို့အနုပညာရှင် မအေးအေးခိုင်တစ်ယောက် ပြည်တော်ဝင်သီချင်းမှာ ကပြဖျော်ဖြေခဲ့တာပါ။

မအေးအေးခိုင်ဟာ မောင်နှမသုံးယောက်ရှိတဲ့အနက်အငယ်ဆုံးပါ။မအေးအေးခိုင်ရဲ့ခင်ပွန်း ဟာ သားလေး (၆) နှစ်သား အရွယ်မှာကတည်းက ဆုံးပါးသွားခဲ့တာပါ။ မအေးအေးခိုင်ရဲ့ အကိုတွေအမတွေကလည်း ပြည့်စုံကြတယ်။ ဒါပေမယ့် မအေးအေးခိုင် ပေါ့ပေါ့လေး မနေခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ပို့သရုပ်ဆောင်တွေထဲ ကားရိုက်များသူတွေထဲ ပါဝင်တဲ့ မအေးအေးခိုင်ဟာ ငွေကိုကြိုးစားရှာ၊ ချွေတာစုပြီး သားလေး ကျောင်းစရိတ် ရှာဖွေခဲ့တယ်လို့ သိရတယ်။ အကိုအမတွေရဲ့ စောင့်ရှောက်မှု၊ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ သားလေးကို အမေရိကန်ပြည်​ထောင်စုမှာ ကျောင်းထားခဲ့တယ်။

အနုပညာလုပ်ငန်းတွေပါ ရပ်ဆိုင်းခဲ့ရတဲ့ ကိုဗစ်ကာလမှာ မအေးအေးခိုင်ဟာ လက်ဖက်လည်းရောင်းခဲ့တယ်။ အာလူးကြော်လည်း ရောင်းခဲ့တယ်။ ဆန်လည်းရောင်းခဲ့တာပဲ။ သူက စျေးရောင်းတာကို ဝါသနာပါခဲ့တာ။

ဒီကာလအတွင်း မအေးအေးခိုင် ပျောက်​နေခဲ့တာ ကြာပါပြီ။ မအေးအေးခိုင်ဟာ ဒီကာလအတွင်းမှာပဲ အမေရိကန်မှာ ကျောင်းတက်နေတဲ့ သူ့သားလေးဆီ သွားရောက်နေထိုင်ခဲ့တာလို့ သိရတယ်။ ပြန်ပေါ်လာတဲ့အချိန်မှာတော့ မအေးအေးခိုင်ဟာ ပရိသတ်တွေကို Surprise အကြီးကြီး တိုက်သွားခဲ့တာပါ။

အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ မအေးအေးခိုင်ဟာ သဇင်ပန်းတွေဝေနေအောင်ပန်ပြီး အနီရဲရဲမင်းသမီးဝတ်စုံလေးနဲ့ ပြည်တော်ဝင်သီချင်းမှာ ကပြခဲ့ပါတယ်။ အမကပြနေတာလေး ကြည့်ရင်း မျက်ရည်ဝဲခဲ့ရပါတယ်။ ကြည်နူးလိုက်တာ။ ကျေနပ်လိုက်တာ။ ကျေးဇူးတင်လိုက်တာ။

တကယ်ဆို မိသားစုဝင်တွေကလည်း အဆင်ပြေကြတဲ့သူတွေ။ လွတ်ရာကျွတ်ရာနေရာမှာ မအေးအေးခိုင်တစ်ယောက် အေးအေးဆေးဆေး နေမယ်ဆို နေခွင့်ရတဲ့အနေအထားပါ။ ဘယ်သူကမှလည်း ဘာမှပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် မအေးအေးခိုင် မနေခဲ့ပါဘူး။ ပြည်သူတွေဟာ သူတို့ချစ်ခဲ့အားပေးခဲ့ရတဲ့ မအေးအေးခိုင်ကို ခုလိုပြည်သူ​တွေနဲ့အတူရပ်တည်​ပေးခဲ့တာကို မြင်တွေ့လိုက်ရတာကို အံ့သြကြတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ နောက်ပြီး ကျေးဇူးတွေပါ တင်ခဲ့ကြပါတယ်။

မအေးအေးခိုင်ရေ။ ဒီကာလဟာ ပြည်သူတွေကိုအကြမ်းဖက် ဖိနှိပ် ရက်စက်နေတဲ့ စစ်တပ်ကို ပူးပေါင်းနေကြတဲ့၊ ပြည်သူတွေ ဒုက္ခတွေရောက်နေချိန် ပြည်သူ့မျက်နှာ တစက်လေးမှ မထောက်ကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်​တွေကြောင့် ကျွန်​တော်တို့ ပြည်သူ​တွေအတော်လေးအသည်းကွဲခဲ့ရတဲ့ကာလကြီးပါ။ ပြည်သူတွေအားပေးခဲ့လို့ တောက်ကြွားခဲ့ရတဲ့ အနုပညာရှင်တွေဟာ မိုးထဲရေထဲလည်းရောက်ရော ပြည်သူ့မျက်နှာကိုမကြည့်တော့ဘဲ စစ်တပ်ဘက်ကနေ ပြည်သူကို စော်ကားနေကြတာများ ရက်ရက်စက်စက်ပါ။

မအေးအေးခိုင်တို့လို ပြည်သူ့မျက်နှာ ကြည့်ပေးကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရှင်တွေရှိနေသေးတာ ကျနော်တို့ ဝမ်းမြောက်ဂုဏ်ယူပြီး အားတက်ရပါတယ်။

မအေးအေးခိုင်ရေ။ မအေးအေးခိုင်ရဲ့ အနုပညာသက်တမ်း နှစ်ပေါင်း သုံးဆယ်ကျော်မှာပေါ့။နှစ်သုံးဆယ်ကျော်ကာလအတွင်း မအေးအေးခိုင် ဇာတ်ပို့ပေးခဲ့တဲ့ ဇာတ်ကားပေါင်း ထောင်ချီ ရှိမှာပါ။ မင်းသမီး သူငယ်ချင်းအခန်း၊ အိမ်အကူခန်း၊ အဒေါ်အခန်း၊ အမအခန်း အမျိုးစုံံပေါ့။ မအေးအေးခိုင် ဇာတ်ပို့ပေးခဲ့လို့ ဇာတ်ကားတွေ ပိုပြီး ဇာတ်ရှိန်တက်သွားစေခဲ့မှာ အမှန်ပါ။

အခုလည်း မအေးအေးခိုင်ဟာ ကျရာနေရာကနေ ဇာတ်ပို့ပေးခဲ့တာပါ။ ဒါပေမယ့် ဒီတခါ ဇာတ်ပို့ပေးလိုက်တာက သာမန်ရုပ်ရှင်ဇာတ်ကားတစ်ကား မဟုတ်ပါဘူး။ မအေးအေးခိုင်ရဲ့သားလေးတွေလို လူငယ်ပေါင်းမြောက်များစွာရဲ့အနာဂတ်အတွက်ကြီးစွာသောအပြောင်းအလဲတွေ ကြုံရမယ့် ခေတ်တခေတ်ကိုရောက်ဖို့ အကောင်းဆုံး ဇာတ်ပို့ပေးခဲ့လိုက်နိုင်တာပါ။

ကျေးဇူးများစွာ တင်ရပါတယ် အမရေ။ အမကခဲ့တဲ့သီချင်းလေးထဲလိုပဲ အခါတော်ရောက်ချိန်လည်း နီးလာပြီမို့ အတူတူ ပျော်ပျော်ပါးပါး ပြည်တော်ဝင်ကြရအောင်နော်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။