အာဏာသိမ်းစစ်ကောင်စီနှင့် ဗီယက်နမ်စစ်တပ်ပိုင်Viettelကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်နေသော Mytel ဖုန်းအော်ပရေတာ၏ Mytel Myanmar ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ဖေ့စ်ဘွတ်ခ်က ယနေ့ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၏ စာမျက်နှာများ၊ ဂရု(ဖ်)များနှင့် အကောင့်များကို ဖယ်ရှားလိုက်ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta က ယနေ့ထုတ်ပြန်ကြေညာပြီးနောက် Like လုပ်ထားသူ သန်းနှင့်ချီရှိသော Mytel Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာပါ လုံးဝပျောက်ကွယ်သွားခြင်းဖြစ်သည်။
မည်သည့် Page များ၊ဂရု(ဖ်)များ၊ အကောင့်များကိုဖယ်ရှားသည်ဟု မသိရသေးသော်လည်း အကြမ်းဖက်စစ်တပ်နှင့်ဆက်စပ်သော လုပ်ငန်းများစွာရှိနေသဖြင့် အရေအတွက်များမည်ဖြစ်ပြီး ၊Mytel ဖေ့စ်ဘွတ်ခ်စာမျက်နှာဖယ်ရှားခံရကြောင်း ပထမဆုံးသိရခြင်းဖြစ်သည်။
ဖေ့စ်ဘွတ်ခ်သည် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှု တိုးချဲ့လိုက်ပြီး စစ်တပ်၏ ကျူးလွန်နေဆဲ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို နိုင်ငံတကာအသိုင်းအဝန်း၏ ကျယ်ပြန့်သည့်အထောက် အထားများကို အခြေခံကာ ယခုလို အရေးယူလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။စစ်ကောင်စီတပ်ကိုယခုကဲ့သို့ဒဏ်ခပ်အရေးယူသောအခါ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) ၏အစီရင်ခံစာပါ အချက်အလက်များအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

Public Service Announcement
ထို့အပြင် ဖေ့စ်ဘွတ်ခ်သည် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို ဆက်လက်စောင့်ကြည့်နေမည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ဝန်းကျင်လုံခြုံရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လုပ်သွားမည်ဟု ထုတ်ပြန်သည်။
မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ်တူ စီးပွားရေး လုပ်ငန်းများအနေဖြင့် အကြမ်းဖက်အားပေးလုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် လိုအပ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းသည်။
“ဒီလို နိုင်ငံတကာ အသိုင်းအဝိုင်း က ပြစ်ဒဏ်ချ ပိတ်ဆို့အရေးယူမှုတွေကို လုပ်တဲ့အခါ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေအတိုင်း ဆောင်ရွက်ကြတာပါ။ ပြည်သူတွေအနေနဲ့လည်း FFM အစီရင်ခံစာပါ အချက်အလက်တွေ နဲ့ အကြံပြုချက်တွေကို လက်ခံ လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုလက်ရှိ စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာလည်း IIMM ရဲ့ မှတ်တမ်းထဲ၀င်နေပါပြီ” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ဆိုသည်။


















































