ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။
Facebook တစ်ခုတည်းသာ မကဘဲ တွဲဖက်အသုံးပြုတဲ့ စာပို့ appဖြစ်တဲ့ Messengerဟာလည်း ဇွန်လ ၁၂ ရက်နေ့ ညပိုင်းမှာ ချိတ်ဆက်လို့ မရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Facebook၊ Messengerတို့ရဲ့ မိခင်ကုမ္ပဏီ Metaကပဲ ပိုင်ဆိုင်တဲ့ ဓာတ်ပုံဝေမျှမှု ဝက်ဘ်ဆိုက် Instagramကလည်း အသုံးပြုလို့ မရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ Whatsapp သုံးစွဲသူတွေလည်း ပြဿနာ ကြုံခဲ့ရပါတယ်။
Facebook သုံးစွဲသူတွေက သူတို့ရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကနေ အကောင့်တွေ အလိုအလျောက် log out ဖြစ်ကုန်ပြီး log in ပြန်ဝင်လို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မိုဘိုင်းဖုန်း appတွေသာ မကဘဲ Facebook ဝက်ဘ်ဆိုက်ကိုလည်း ကမ္ဘာ့နိုင်ငံ အတော်များများကနေ ချိတ်ဆက်လို့ မရတော့ပါဘူး။
ဝက်ဘ်ဆိုက်မှာ အမှားအယွင်းတစ်ခု ဖြစ်နေလို့ မကြာခင် ပြန်ရမယ်ဆိုတဲ့ စာသားမျိုး Facebookက ရေးသားထားခဲ့ပြီး ခန့်မှန်းခြေ တစ်နာရီ ဝန်းကျင်လောက် အကြာမှာတော့ နေရာတချို့မှာ Facebook ပြန်သုံးလို့ ရလာပါတယ်။

Public Service Announcement
Facebook ဝက်ဘ်ဆိုက် သုံးမရတဲ့ အချိန်မှာပဲ ကမ္ဘာတလွှားက ဝက်ဘ်ဆိုက် ချွတ်ယွင်းမှုတွေကို စောင့်ကြည့်တဲ့ Downdetector ဝက်ဘ်ဆိုက်လည်း ကျသွားခဲ့ပါတယ်။
Metaကုမ္ပဏီကတော့ အခုကိစ္စက ဘယ်လို အမှားအယွင်း ဖြစ်ခဲ့သလဲ ဆိုတာကို မကြေညာသေးပါဘူး။ ဒီပြဿနာဟာ ကမ္ဘာတလွှားက Metaရဲ့ ဝန်ဆောင်မှု အားလုံးကို သက်ရောက်မှု ရှိစေခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား: Independent


















































