Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ကာလကို နိုင်ငံအလိုက် လျှော့ချမယ်လို့ ထိုင်းအစိုးရ ကြေညာ

နိုင်ငံခြားသားတွေကို ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့် ပေးထားမှုတွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြောင်းလဲ သတ်မှတ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AFP

နိုင်ငံခြားသားတွေကို ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့် ပေးထားမှုတွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြောင်းလဲ သတ်မှတ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေရဲ့ လူမြင်ကွင်းသူမြင်ကွင်းရှေ့ မဖွယ်မရာ လုပ်ရပ်တွေ၊ ဥပဒေ ချိုးဖောက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့တဲ့နောက် ထိုင်းကမ္ဘာလှည့် ခရီးသွား ဝန်ကြီးဌာနက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၉၀ ကျော်ရဲ့ နိုင်ငံခြားသားတွေကို ဗီဇာမလိုဘဲ ရက်အတော်ကြာ လည်ပတ်ခွင့် ပြုထားမှုကို ပြန်လည် စိစစ်သွားမယ်လို့ သိရပါတယ်။ တချို့နိုင်ငံတွေရဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ ထိုင်းမှာ ရက် ၃၀ လောက် နေထိုင်ခွင့် ရမှာဖြစ်ပေမယ့် တချို့ကတော့ ၁၅ ရက်ပဲ နေခွင့်ရတော့မယ်လို့ ဆိုပါတယ်။

ထိုင်းဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိနေတဲ့ နိုင်ငံတစ်ခုပါ။ ထိုင်းအစိုးရဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် အစွမ်းကုန် ပံ့ပိုးပေးနေပေမယ့် ကိုဗစ် ကပ်ရောဂါ ကာလမတိုင်ခင် အရှိန်အဟုန်မျိုးကိုတော့ ပြန်မရနိုင်သေးဘဲ ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ထိုင်းနိုင်ငံရဲ့ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ နိုင်ငံခြားသား စုံတွဲတွေက မဖွယ်မရာ လုပ်ကြတဲ့ ကိစ္စတွေ၊ ဟိုတယ်တွေမှာ နိုင်ငံခြားသားတွေက မူးယစ်ဆေးဝါး သုံးစွဲတာ၊ လိင်ပိုင်းဆိုင်ရာ မှောင်ခို မှုခင်းတွေ ကျူးလွန်တာ၊ ခွင့်ပြုချက် မရှိဘဲ စာသင်ကျောင်းတွေ ဖွင့်ထားတာမျိုး ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ထိုင်းအစိုးရဟာ နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံခြားသားတွေရဲ့ အပြုအမူပိုင်းအပေါ် မူတည်ပြီး ဗီဇာကင်းလွတ်ခွင့် ကာလတွေကို ပြန်လည် စိစစ် တင်းကျပ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ထိုင်းဟာ ကမ္ဘာ့နိုင်ငံ ၉၀ ကျော်ရဲ့ နိုင်ငံသားတွေကို ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ ထိ လည်ပတ်ခွင့် ပြုထားခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာတော့ နိုင်ငံခြားသားတွေအတွက် ဗီဇာသက်တမ်း သတ်မှတ်ပေးမှုကို နိုင်ငံအလိုက် မတူညီဘဲ လျှော့ချဖို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း ကမ္ဘာလှည့် ခရီးသွားဝန်ကြီး ဆူရာဆက် ပန်ချာရွန် ဝိုရာကူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်အရ ကမ္ဘာလှည့် ခရီးသည်တွေဟာ ဆိုက်ရောက်ဗီဇာ ကင်းလွတ် သက်တမ်းကို ၁၅ ရက်၊ ရက် ၃၀ စီသာ ရနိုင်တော့မှာဖြစ်ပြီး အဲဒီထက် ပိုပြီး အချိန်ကြာကြာ နေချင်ရင်တော့ လူဝင်မှု ကြီးကြပ်ရေး ရုံးတွေမှာ ဗီဇာသက်တမ်း သွားတိုးရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ နိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖန်ကက်ကောင်က ထိုင်းရောက် နိုင်ငံခြားသားတွေရဲ့ ဗီဇာကင်းလွတ် နေထိုင်ခွင့် ကာလကို လျှော့ချရခြင်းဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းတိုက်ဖျက်ရေး အားထုတ်မှုရဲ့ အစိတ်အပိုင်း တစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ နိုင်ငံတစ်ခုချင်းစီကို ပစ်မှတ်ထားပြီး ဗီဇာကင်းလွတ်ကာလ လျှော့ချတာမျိုး လုပ်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ဘယ်နိုင်ငံရဲ့ နိုင်ငံသားတွေက ဗီဇာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ထိုင်းမှာ ရာဇဝတ်မှုတွေ ကျူးလွန်နေသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အပြောင်းအလဲတွေ ရှိလာနိုင်ကြောင်း ဆီဟာဆက်က သတိပေးထားခဲ့ပါတယ်။

ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုတွေကြောင့် နိုင်ငံစီးပွားရေး တိုးတက်စေတဲ့ ကောင်းကျိုးမျိုးတွေ ရှိနေသလို လက်ရှိ ခွင့်ပြုချက်တွေကိုလည်း တချို့တွေက အမြတ်ထုတ်ပြီး တလွဲ အသုံးချခဲ့တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ရာချာဒါ ဒါနာဒီရက်က မေလ ၁၉ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းက ထိုင်းဟာ ဗီဇာကင်းလွတ်ခွင့် အများဆုံး ကာလကို ရက် ၃၀ သာ သတ်မှတ်ထားရာကနေ နိုင်ငံခြားသား ဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာတော့ ရက် ၆၀ ထိ တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝင်ငွေဟာ ထိုင်းနိုင်ငံ နှစ်စဉ် GDPရဲ့ ၁၀ ရာခိုင်နှုန်းကျော်ထိ ရှိနေကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။