အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး ပဋိပက္ခ ပြေလည်မှု ရရှိစေဖို့အတွက် တရုတ်က သံတမန်ရေးအရ ကြားဝင်ညှိနှိုင်းပေးဖို့ အားထုတ်မှုတွေ ပိုမို မြှင့်တင်လာနေပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီးအနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ပြန်လာကြဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ် အစိုးရဟာ ဘေဂျင်းမြို့တော်မှာ အီရန်၊ အိုမန်၊ ဆော်ဒီအာရေးဘီးယား အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်ပြီးတဲ့နောက် အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ အီရန်စစ်ပွဲက တိုက်ခိုက်မှုတွေ ယာယီ ရပ်တန့်နေပေမယ့် အီရန်အပေါ် အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ ပြန်စလာနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားခဲ့တဲ့နောက် တရုတ်က သံတမန်ရေးအရ ကြားဝင်ပေးဖို့ ပိုမို အားထုတ်လာတာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အမေရိကန်ရဲ့ ဒေသတွင်း မဟာမိတ် အာရပ်နိုင်ငံတွေဟာ နောက်တစ်ကြိမ် တိုက်ပွဲတွေ ပြန်စလာတဲ့အခါ အီရန်က ဒေသတွင်း နိုင်ငံတွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လာမယ့် အခြေအနေအပေါ် ရတက်မအေး ဖြစ်နေကြပါတယ်။

Public Service Announcement
အီရန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေးကို တရုတ် အစိုးရ အနေနဲ့ အခိုင်အမာ အသိအမှတ် ပြုတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အီရန် အမျိုးသား လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲ အလီ ဘက်ခါရီ ကာနီနဲ့ တွေ့ဆုံချိန်မှာ အသိပေး ပြောကြားခဲ့တယ်လို့ တရုတ် အစိုးရက ထုတ်ပြန်ပါတယ်။
နောက်ပြီး ဝမ်က ပဋိပက္ခကို စေ့စပ်ညှိနှိုင်းမှု နည်းလမ်းနဲ့ ဖြေရှင်းဖို့ တရုတ် အစိုးရကိုယ်စား တိုက်တွန်းခဲ့ပြီး ဒေသတွင်း စွမ်းအင် ဖူလုံရေးနဲ့ ရေလမ်းကြောင်းတွေရဲ့ လုံခြုံရေးအတွက် အာမခံချက်ရှိအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အီရန်ရဲ့ အဓိက စီးပွားရေး မိတ်ဖက် နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ဟာ ၈ လလောက် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ အီရန် စစ်ပွဲကြောင့် နိုင်ငံတကာ ရေကြောင်းသွားလာမှုတွေ ထိခိုက်လာတာနဲ့ ပတ်သက်ပြီး နည်းလမ်းရှာ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ထရမ့်က အီရန်က စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်က အပြီးသတ် ဖြိုခွင်းဖို့ ကျန်နေတဲ့ ပစ်မှတ် တစ်ခု၊ နှစ်ခု ရှိနေသေးကြောင်း ပြောကြားခဲ့ပြီး အီရန်ကလည်း အမေရိကန်ကသာ စစ်ပွဲကို ပြန်စလာရင် လွယ်လွယ်နဲ့ အဆုံးသတ်သွားတော့မှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဒါ့အပြင် အီရန်ရဲ့ လက်တုံ့ပြန်မှုဟာ နိုင်ငံတွေရဲ့ နယ်နိမိတ် ကန့်သတ်မှုတွေ၊ ပထဝီဝင်ဆိုင်ရာ သတ်မှတ်ချက်တွေ အားလုံးကို ထည့်တွက်မှာ မဟုတ်ဘူးလို့ပါ အီရန်ဖက်က ပြောကြားထားပါတယ်။
အခြေအနေတွေကို လက်တွေ့ကျကျ သုံးသပ်ပြီး အစုအဖွဲ့ အသီးသီးဟာ နောက်ထပ် လက်နက်ကိုင် ပဋိပက္ခမီးကို မွှေးမယ့်အစား နိုင်ငံရေးအရ ဖြေရှင်းမယ့် နည်းလမ်းအပေါ် အာရုံစိုက်သင့်ကြောင်း ဝမ်က ဘက်ခါရီ ကာနီကို ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဘေဂျင်းကို ဘက်ခါရီ ကာနီ ရောက်နေတဲ့ အကြောင်းကို ကြိုတင် မထုတ်ပြန်ခဲ့ပါဘူး။
တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ နိုဝင်ဘာ ၂ ရက်နေ့တုန်းက ဘေဂျင်းမှာ အိုမန်စော်ဘွားနဲ့ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်း အရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း အိုမန်စော်ဘွားက တရုတ်ရဲ့ မြို့တော်ဆီ ပထမဆုံး လာရောက်မှု ဖြစ်ပါတယ်။ ရှီက တရုတ်ဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် အကူအညီပေးဖို့ အသင့်ရှိနေကြောင်း စော်ဘွား ဟိုင်သမ်ဘင်တာရစ်ကို ပြောကြားခဲ့ပါတယ်။
အခုလ နှောင်းပိုင်းမှာတော့ တရုတ်ဟာ အီရန်၊ အိုမန်နဲ့ ဆော်ဒီတို့ဆီကို သံတမန်ရေး မစ်ရှင်တွေ စေလွှတ်မှာဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့၊ တင်းမာမှုတွေ လျှော့ချဖို့ ဖြစ်နိုင်ခြေတွေကို ကူညီ ရှာဖွေပေးသွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အရာရှိက ကြေညာထားပါတယ်။
ကိုးကား: AFP





















































