ယူကရိန်းရဲ့ ထောက်ပံ့ရေး ဝေငှမှု စင်တာတစ်ခုကို ရုရှားက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့တုန်းက တောင်ပိုင်း ဇာပိုရစ်ဇီရာ ဒေသထဲက ကိုမီရှူဗာကာ ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ရုရှားဟာ ကီလိုဂရမ် ၃၀၀၀ အလေးချိန်ရှိတဲ့ ဗုံးအလုံးပေါင်း ၉ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ မစ်ခိုင်လို ဆမ်မီကင်က ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ ၂၆ ဦးထက်မနည်း သေဆုံးသလို ၅ ဦး ဒဏ်ရာရခဲ့ပြီး နောက်ထပ် ပျောက်ဆုံးနေသူ ၂၇ ဦးထက်မနည်း ရှိတယ်လို့လည်း သူက ဆိုပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဒါဟာ စားနပ်ရိက္ခာ ထောက်ပံ့ဝေငှရေး စင်တာအဖြစ် အသုံးပြုနေတဲ့ စာသင်ကျောင်း တစ်ခုကို ပထမဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်ပြီး အရပ်သားတွေ စုဝေးခိုလှုံနေတဲ့ နေရာတစ်ခုကို ပစ်မှတ်ထားတာကတော့ ဒုတိယမြောက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာမှာ ဗုံးဒဏ်ကြောင့် ကျင်းချိုင့်ကြီး ဖြစ်ကျန်နေပုံ ဗီဒီယိုကို နိုဝင်ဘာ ၂ ရက် ညပိုင်းမှာ ဇီလန်စကီးက လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။ အဲဒီနေရာ တဝိုက်မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အသက်ရှင် ကျန်နေသူတွေကို လိုက်လံဖြန့်ကျက် ရှာဖွေနေကြပါတယ်။
ထောက်ပံ့ရေး ပစ္စည်းနဲ့ ရိက္ခာ ဝေမျှရေး နေရာတစ်ခုကို တမင် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ယူကရိန်းရဲ့ စွပ်စွဲချက်အပေါ် ရုရှားစစ်တပ်ကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။ အရင်ကတော့ ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ ကိစ္စကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
အဲဒီနေရာမှာ အရပ်သားတွေ အပတ်စဉ် စုဝေးပြီး ထောက်ပံ့ရေး ပစ္စည်းတွေကို လက်ခံယူလေ့ ရှိကြကြောင်း၊ အဲဒီနေရာဟာ ရိက္ခာဝေပေးတဲ့ စင်တာတစ်ခု ဆိုတာကို ရုရှားအနေနဲ့ မသိစရာ အကြောင်းမရှိကြောင်း ဇီလန်စကီးက ပြောပါတယ်။ ရုရှားဟာ စစ်ပွဲကို ရပ်တန့်စေဖို့ ဆန္ဒမရှိဘူးဆိုတာ ဒီဖြစ်ရပ်က နောက်ထပ် ထင်ရှားတဲ့ သက်သေတစ်ခုလို့လည်း သူက ဆိုပါတယ်။
ဆမ်မီကင်ကတော့ ရုရှားရဲ့ တိုက်ခိုက်မှုဟာ ကိုမီရှူဗာကာ ကျေးရွာအတွက် ဆိုးရွားလှတဲ့ ဘေးသင့်မှု တစ်ခုလို့ မှတ်ချက်ပေးခဲ့ပြီး အပျက်အစီးပုံတွေအောက် ပိမိနေသူတွေ၊ ပျောက်ဆုံးနေသူတွေ ရှိနေဆဲ ဆိုတာကို အတည်ပြုသွားပါတယ်။
ပြီးတော့ နိုဝင်ဘာ ၃ ရက်နေ့ကို တစ်ရက်တာ ဝမ်းနည်းမှု ကာလအဖြစ်လည်း ဇာပိုရစ်ဇီရာ ဒေသထဲမှာ သတ်မှတ် ကြေညာထားပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ရပ်တန့်ရေးအတွက် အမေရိကန်က ကြားဝင် စေ့စပ်ပေးနေပြီး ရုရှား၊ ယူကရိန်းတို့နဲ့ သီးခြားစီ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် ထင်ရှားမြင်သာတဲ့ တိုးတက်မှုတော့ ရှိမလာသေးပါဘူး။ တစ်ဖက်မှာတော့ ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်တဲ့ အခြေအနေကို ကြုံနေရပြီး အဲဒီအချိန်မှာပဲ ရုရှားက တိုက်ခိုက်မှုတွေကို သိသိသာသာ ပိုမို အရှိန်မြှင့်တင် လာနေပါတယ်။
ကိုးကား: BBC





















































