Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ်

ဒီမိုကရေစီအရေး၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်အာဏာရှင်၊ စစ်ဘေးဒုက္ခသည်အကြောင်း စာတစ်လုံးမျှမပါဘဲ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နေရပ်ပြန်ပို့ရေး၊ မြေရှား၊ ပို့ကုန်၊ သွင်းကုန်အကြောင်း အဓိကပါဝင်နေ

  • ကိုပါဝဲလ် ရေးသားသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် US Mission to Burma ခေါင်းစဉ်ဖြင့် မဟာဗျူဟာမြောက် စာတမ်းတစ်စောင် (Integrated Country Strategy) ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းကို မြန်မာနိုင်ငံသားများ သိရှိစေရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စာမျက်နှာ ၁၁ မျက်နှာပါရှိသော အဆိုပါ စာတမ်းတွင် အမေရိကန်၏ အဓိက မဟာဗျူဟာ ရည်မှန်းချက် ၄ ခုနှင့် လုပ်ငန်းစဉ် ၈ ခု ပါဝင်သည်။

ဤစာတမ်းကို လေ့လာပါက တရုတ်နှင့် အိန္ဒိယကဲ့သို့ အင်အားကြီးနိုင်ငံများ၏ နီးစပ်ရာ အရှေ့တောင်အာရှတွင် တည်ရှိသော မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အရေးပါမှုကို ပိုမို ထင်ရှားစေသည်။

ထရမ့်အစိုးရ၏ အမေရိကန်၏ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ ဒေသတွင်းသြဇာလွှမ်းမိုးမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို မည်သို့ ထိရောက်စွာ ပေါင်းစပ်အကောင်အထည် ဖော်ဆောင်မည်ဆိုသည်ကို စာတမ်းတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၁။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်းနှင့် လုံခြုံရေး

အမေရိကန်၏ ပထမ ဦးစားပေးမှာ မြန်မာနိုင်ငံမှ စတင်ဖြစ်ပွားလာသော အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) စင်တာများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများနှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေး ပြဿနာများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြိုခွင်းရန် ဖြစ်သည်။

ထို့အပြင် ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်သို့ B-1/B-2 ဗီဇာ (အလည်ပတ်နှင့် စီးပွားရေးဗီဇာ) ဖြင့် လာရောက်ပြီး သက်တမ်းလွန် နေထိုင်သည့် မြန်မာနိုင်ငံသား ၃၈ ရာခိုင်နှုန်းအထိ ရှိနေသည်။ ဤသက်တမ်းလွန်နေထိုင်နှုန်းကို သုည ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့် သက်တမ်းလွန်သူများကို မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

၂။ ကုန်သွယ်ရေး လိုငွေပြမှုကို ဖြေရှင်းခြင်းနှင့် စီးပွားရေး

ဒုတိယအချက်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အမေရိကန်၏ ကုန်သွယ်ရေး လိုငွေပြမှုကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသို့ အမေရိကန် ပို့ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို ချဲ့ထွင်ရန် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ အကျပ်အတည်းနှင့် စည်းမျဉ်းဆိုင်ရာ ကန့်သတ်မှုများကို ဖြေရှင်းနိုင်ရန် နေပြည်တော်ရှိ ဆုံးဖြတ်ချက်ချမှတ်သူများနှင့် မဟာမိတ်ပြုကာ အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

ထိုမှတဆင့် ၂၀၃၀ နှစ် အကုန်တွင် မြန်မာနိုင်ငံသို့ အမေရိကန် စိုက်ပျိုးရေးနှင့် ကုန်စည် တင်သွင်းမှုကို ၃ ဆအထိ တိုးမြှင့်ရန်နှင့် ဒေါ်လာ ၅ သန်းထက်မနည်းသော စီးပွားရေး သဘောတူညီချက် ၃ ခု အနည်းဆုံး ရယူရန် ရည်ရွယ်ထားသည်။

၃။ ငြိမ်းချမ်းရေးနှင့် သယံဇာတ ရယူနိုင်ရေး

သမ္မတထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ရေရှည်ခံမည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရန် ဆွေးနွေးပွဲများ ကူညီပေးရန် ဖြစ်ပါသည်။

နေပြည်တော်အစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒေသတွင်း အတိုက်အခံများအကြား ပဋိပက္ခများနှင့် မတူကွဲပြားမှုများကို လျှော့ချနိုင်ရန် ဘက်ပေါင်းစုံပါဝင်သော ဖိုရမ်များ ဖန်တီးပေးမည် ဟု ဆိုပါသည်။

ဤသို့ ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရုံမျှမက မြန်မာနိုင်ငံရှိ ပေါများလှသော ရှားပါးမြေရှားသတ္တု အရင်းအမြစ်များကို ရယူနိုင်မည့် အခွင့်အလမ်းများ ရရှိရန်နှင့် အခြားသော ဒေသတွင်း အင်အားကြီးနိုင်ငံများထက် အမေရိကန် ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်များ ဖန်တီးပေးရန် မျှော်မှန်းထားသည်။

၄။ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးမြှင့်ရေး

အမေရိကန်-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးရှိမှုကို မီဒီယာနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ပြသပြီး တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဖြစ်သည်။

လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင်လည်း မြန်မာနိုင်ငံ၏ အကူအညီအလိုအပ်ဆုံး လူဦးရေ၏ ၅၀ ရာခိုင်နှုန်း (လူ ၃ သန်းခန့်) ထံ ရောက်ရှိစေရေး ဆောင်ရွက်ပြီး အမေရိကန်ကို ထိပ်တန်း အလှူရှင်အဖြစ် ရပ်တည်စေမည် ဖြစ်သည်။

ထို့အပြင် Asia Quad (အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ပါသည့် အဖွဲ့)၊ အာရှ သုံးနိုင်ငံ မဟာမိတ် (အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား) နှင့် အာဆီယံတို့နှင့် ပူးပေါင်း၍ ကူးစက်ရောဂါ စောင့်ကြည့်ရေး စနစ်များကိုလည်း ပိုမိုလုပ်ဆောင်မည် ဖြစ်သည်။

အမေရိကန်၏ မဟာဗျူဟာသစ်သည် အမေရိကန်၏ ပြည်တွင်းလုံခြုံရေး၊ နယ်စပ်ထိန်းချုပ်ရေးနှင့် စီးပွားရေး အကျိုးအမြတ်များကို ရှေ့တန်းတင်ထားပြီး၊ ဒေသတွင်းနိုင်ငံများ၏ သြဇာကို တန်ပြန်နိုင်ရန် ငြိမ်းချမ်းရေး စေ့စပ်မှုနှင့် သယံဇာတ ရယူနိုင်ရေးတို့ကို လက်တွေ့ကျကျ ချဉ်းကပ်ထားသည်ကို တွေ့ရှိရသည်။

အမေရိကန်သည် ပြီးခဲ့သည့် စက်တင်ဘာလလယ်တွင် နေပြည်တော်နှင့် ပြန်လည်ထိတွေ့ ဆက်ဆံခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ် ဦးဆောင်သော သံတမန်အဖွဲ့က နေပြည်တော်တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံတွင် အောက်တိုဘာ ဒုတိယပါတ်၌ လျိုဝှက်ထပ်မံ တွေ့ဆုံခဲ့ပြန်သည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒအသစ်ထဲက စာသားတချို့သည် တရုတ် ဒါမှမဟုတ် ရုရှားနိုင်ငံတို့၏ မူဝါဒတွေထဲက တစ်ဝက်ခန့် ကူးယူထားသလားလို့တောင် ထင်ရကြောင်း Burma Campaign UK ဝေဖန်ထားသည်။

Burma Campaign UK သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာဖိအားပေးမှု လာအောင် ဆောင်ရွက်နေသော ဗြိတိန်အခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်း ဖြစ်ပါသည်။

Burma Campaign UK က အမေရိကန်အစိုးရ၏ မူဝါဒစာတမ်းထဲတွင် ရေးသားထားသော စကားလုံးအရေအတွက်တွေကို ယခုလို နှိုင်းယှဉ်ဖော်ပြထားပါတယ်။

● ကုန်သွယ်ရေး (Trade) – ၈ ကြိမ်
● လူ့အခွင့်အရေး (Human rights) – ၂ ကြိမ်
● မြေသတ္တု (Rare earths) – ၁ ကြိမ်
● ဒီမိုကရေစီ (Democracy) – လုံးဝမပါ
● ပို့ကုန် (Exports) – ၅ ကြိမ်
● လေကြောင်းတိုက်ခိုက်မှု (Airstrikes) – လုံးဝမပါ
● ရင်းနှီးမြှုပ်နှံမှု (Investment) – ၇ ကြိမ်
● နိုင်ငံရေးအကျဉ်းသား (Political prisoners) – လုံးဝမပါ
● နေရပ်ပြန်ပို့ရေး (Repatriations) – ၅ ကြိမ်
● ဒုက္ခသည် (Refugees) – လုံးဝမပါ
● သွင်းကုန် (Imports) – ၅ ကြိမ်
● စစ်အာဏာရှင်စနစ် (Dictatorship) – လုံးဝမပါ

ဟုတ်ပါသည်။ မူဝါဒကြေညာစာတမ်းတွင် ဒီမိုကရေစီ၊ လေကြောင်းတိုက်ခိုက်မှု၊ နိုင်ငံရေးအကျဉ်းသား၊ စစ်ဘေးဒုက္ခသည်တွေအကြောင်း တစ်လုံးမျှမပါဝင်ပေ။

ကိုကား – အမေရိကန်၊ နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည့် US Mission to Burma၊ Burma Campaign UK

ဆက်စပ်သတင်းများ

Facebook