နိုဝင်ဘာ-၃၊၂၀၂၆။People’s Spring
အနည်းဆုံး ၇၂ နာရီစာ(၃ ရက်)ဖူလုံစေမယ့် အရေးပေါ်အိတ်တွေပြင်ဆင်ထားဖို့ထိုင်းပြည်သူတွေကို သက်ဆိုင်ရာ အစိုးရ အေဂျင်စီ တစ်ခုက အကြံပြုထားပါတယ်။
ထိုင်းရဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အေဂျင်စီက လူထု အနေနဲ့ အနည်းဆုံး ၇၂ နာရီကြာ ဖူလုံစေမယ့် ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အရေးပေါ် အိတ်တွေ စီစဉ်ထားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒီအကြံပြုချက်ဟာ အရှေ့အလယ်ပိုင်း ဒေသက စစ်ရေး ပဋိပက္ခတွေ အပါအဝင် ကမ္ဘာတလွှားက တင်းမာမှုတွေကြောင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးတော့ဒီအကြံပြုချက်ဟာသဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်ခြေမျိုးတွေ အတွက်လည်း ထုတ်ပြန်နေကျလုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပြီး ထိုင်းမှာ လတ်တလော အရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာမှာ၊ ထိုင်းပြည်သူတွေရဲ့ ဘဝကို အန္တရာယ်တစ်ခုခု ကျရောက်လာမှာမျိုး အဓိပ္ပါယ် မဟုတ်ဘူးလို့လည်းတာဝန်ရှိသူတွေကသေချာရှင်းပြထားပါတယ်။
လူမှုကွန်ရက်မှာလည်း ၇၂ နာရီစာ အရေးပေါ်အိတ်ပြင်ဆင်ဖို့ကိစ္စဟာလူပြောများတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေပါတယ်။ ဒီကိစ္စဟာ ဗြိတိန်နဲ့ ဥရောပနိုင်ငံတချို့ကမမျှော်လင့်တဲ့သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်ခြေတွေနဲ့ နိုင်ငံတကာ တင်းမာမှုတွေကြောင့် လူထု အနေနဲ့ အနည်းဆုံး ၇၂ နာရီစာ ဖူလုံမယ့် အရေးပေါ် အိတ်တွေ ပြင်ဆင်ထားဖို့အကြံပြုရာက စတင်လာခဲ့တာပါ။
ဒီအကြံပြုချက်ဟာ ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခုသာဖြစ်ပြီး အရေးပေါ် အခြေအနေတစ်ခုခု ကြုံလာရင် အဆင်သင့် တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ဥရောပ နိုင်ငံတွေနဲ့ ရုရှားကြားက တင်းမာမှုတွေကြောင့် ကမ္ဘာစစ်ဖြစ်လာတော့မယောင်ချဲ့ကား ပြောဆိုတာတွေလည်း ရှိနေပါတယ်။
၇၂ နာရီဆိုတဲ့ ကိန်းဂဏန်းကအဓိပ္ပါယ်ရှိပါတယ်။ဒါဟာ နိုင်ငံတကာဘေးအန္တရာယ်စီမံခန့်ခွဲရေး စံနှုန်းအရ ဘေးဒုက္ခဆိုးကြီး တစ်ခုခု ကျရောက်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း ရောက်မလာနိုင်သေးရင် ကိုယ့်ကိုယ်ကိုယ် မှီခို ရပ်တည်နိုင်အောင် ပြင်ဆင်ပေးထားတဲ့ အစီအမံ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တော့ ကပ်ဘေးတစ်ခုခု ဖြစ်ပွားပြီး ၇၂ နာရီအတွင်း ကယ်ဆယ်ရေး အဖွဲ့တွေက အဲဒီနေရာကို ရောက်လာနိုင်တယ်လို့ ယူဆထားတာကြောင့်ပါ။
Grab-and-Go Bagလို့လည်း ခေါ်လေ့ရှိတဲ့ အဲဒီ အရေးပေါ် အိတ်တွေမှာတော့ ပျမ်းမျှ တစ်ရက်စာ ရေ ၃ လီတာနှုန်းနဲ့ ၃ ရက်စာ သောက်ရေ၊ ချက်ပြုတ်စရာ မလိုဘဲ တာရှည် အထားခံမယ့် စားစရာ အခြောက်အခြမ်းတွေ၊ အရေးကြီးတဲ့ ဆေးဝါးတွေ ကြိုတင် ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဓာတ်မီးနဲ့ ဘက်ထရီအပိုတွေ၊ ပါဝါဘန့်ခ်နဲ့ နေရာ အချက်ပြဖို့ ခရာ (ဝီစီ)တွေလည်း ပါရှိသင့်တယ်လို့ ဆိုပါတယ်။
ရေမစိုအောင် လုံလုံခြုံခြုံ ထုပ်ပိုးထားတဲ့ အရေးကြီး စာရွက်စာတမ်းတွေ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့ လက်ငင်း အရေးပေါ် သုံးနိုင်ဖို့ ငွေသားတချို့ကိုလည်း အလွယ်တကူ လက်လှမ်းမီအောင် ပြင်ဆင်ထားသင့်ပါတယ်။
အဲဒီ ပြင်ဆင်မှုတွေ အားလုံးဟာ ရုတ်တရက် မထင်မှတ်ဘဲ ကျရောက်လာမယ့် ကပ်ဘေး တစ်ခုခုမှာ အရေးပေါ် တုံ့ပြန်ဖို့ အတွက်သာဖြစ်ပြီး အန္တရာယ်တစ်ခုခု ကျရောက်တော့မယ် ဆိုတာမျိုး ကောလာဟလ သတင်းမှားတွေကြောင့် လူထုကြား စိတ်ပူပန်မှုတွေ ပျံ့နှံ့မသွားသင့်ကြောင်း ပညာရှင်တွေက ရှင်းပြထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား သန်းပေါင်းများစွာလည်း နေထိုင်နေပါတယ် ။
ကိုးကား: Khaosod





















































