ဝဇီရာ/People’s Spring
နာမည်ကျော် မြန်မာသရုပ်ဆောင် ဒေါင်းရဲ့ Omukade ဆိုတဲ့ ထိုင်းရုပ်ရှင်ဇာတ်ကား ဇန်နဝါရီမှာ ရုံတင်ပြီးတဲ့နောက် Netflix Platform မှာ ကြည့်ရှုလို့ရပါပြီ။ ဒီကားဟာ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Creepy Crawly” (The One Hundred ) ရုပ်ရှင်ရဲ့ Prequel (ဇာတ်လမ်းအစပျိုး အကြိုဇာတ်လမ်း) လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်၊ ဂျပန်စစ်တပ်က ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အချိန်မှာ အခြေခံထားပါတယ်။ ဂျပန်စစ်တပ်ဟာ စစ်ရေးအရ အရေးပါတဲ့ ရထားလမ်းတစ်ခုအမြန် ဖောက်လုပ်ဖို့အတွက် ဖမ်းဆီးရမိထားတဲ့ ဗြိတိသျှမဟာမိတ်စစ်သုံ့ပန်းတွေနဲ့ ဒေသခံ ထိုင်း-မြန်မာနယ်စပ် ဒေသခံတွေကို အဓမ္မစေခိုင်းခဲ့ပါတယ်။
ဒေါင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီး မြေအောက်ဥမင်ထဲမှာ အဓမ္မအလုပ်ကြမ်း ခိုင်းစေခြင်းခံရတဲ့ ထိုင်း-မြန်မာနယ်စပ် ဒေသခံတိုင်းရင်းသားလမ်းပြတစ်ဦးအဖြစ် ပါဝင်ထားတာပါ။

Public Service Announcement
တံတားဖောက်လုပ်နေစဥ်မှာပဲ ဗြိတိသျှစစ်သားတစ်ယောက် ၊သူ့ကိုကယ်ထုတ်ဖို့ လုပ်သားခေါင်းဟန်ဆောင်ထားသူတဦး ၊ သူတို့ကိုလမ်းပြပေးဖို့ ဂျပန်စစ်စခန်းကို ပျော်တော်ဆက်မယ်အသွင်ယူလာတဲ့မိန်းကလေး(မင်းသမီး Narilya)တို့ကထွက်ပြေးကြပါတယ် ။ ဂျပန်အရာရှိဟာလမ်းပြအမျိုးသမီးရဲ့ခုခံတိုက်အသတ်ခံလိုက်ရတဲ့အပြင် စစ်သုံ့ပန်းဗြိတိလျှစစ်သားထွက်ပြေးသွားတာမို့ ဂျပန်စစ်သားတွေနဲ့ လမ်းပြဒေါင်းတို့ကနောက်ကလိုက်ကြပါတယ်။
ထွက်ပြေးရင် လိုက်ရင်းနဲ့ သတ္တုတွင်းဟောင်းရောက်သွားကြပါတယ် ။အဲဒီအချိန်မှာ ဗြိိတိန်နဲ့ မဟာမိတ်တွေက ဂျပန်စခန်းနဲ့ တံတားကို ဗုံးကြဲရင်း ၊ သတ္ထုတွင်းဝက ဂျပန်စစ်သားတွေကိုပါဗုံးကြဲရင်း သတ္ထုတွင်း ပြိုကျကာ လမ်းပိတ်သွားခဲ့ပါတယ်။ ဂျပန်စစ်သားအချို့၊ ဗြိတိသျှစစ်သုံ့ပန်းတွေနဲ့ လမ်းပြတွေ (မင်းသမီး Narilya နဲ့ မင်းသား ဒေါင်း တို့အပါအဝင်) ဟာ အပြင်ထွက်စရာ လမ်းမရှိတော့ဘဲ မှောင်မည်းပြီး မွန်းကျပ်စရာကောင်းတဲ့ မြေအောက်ဥမင်လိုဏ်ဂူကြီးထဲမှာ အားလုံး အတူတူ ပိတ်မိသွားပါတော့တယ်။
အပြင်ထွက်ဖို့ လမ်းရှာနေရင်း သူတို့အားလုံး ရင်ဆိုင်လိုက်ရတာကတော့ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်ဆိုးကြီးပါပဲ။ အဲဒါကတော့ ဂျပန်ပုံပြင်လာ ဒဏ္ဍာရီထဲက အသားစားဧရာမကင်းခြေများနတ်ဆိုးကြီး “Omukade” ပဲ ဖြစ်ပါတယ်။ ဒီသတ္တုတွင်းဟောင်းကြီးဟာ အဲဒီကင်းခြေများကြီး ရာစုနှစ်ချီ အိပ်စက်အခြေချရာ အသိုက်အအုံဖြစ်နေပြီး လူသားတွေ ဝင်ရောက်လာတဲ့အတွက် နိုးထလာကာ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် လိုက်လံအမဲလိုက်ပါတော့တယ်။
ဒီဇာတ်ကားဟာ ဂျပန်ဒဏ္ဍာရီထဲက Omukade (ဧရာမကင်းခြေများနတ်ဆိုး) နဲ့ ထိုင်းရိုးရာပုံပြင်ထဲကရှေးခေတ် ဧရာမကင်းခြေများကြီးတွေကိုပေါင်းစပ်အခြေခံထားတာ ဖြစ်ပါတယ်။
ရုပ်ရှင်ဟာ Horror အမျိုးအစားဖြစ်တာကြောင့်လည်ပင်းပြတ်တာ၊ ကင်းခြေများတွေ ခန္ဓာကိုယ်ထဲက ထိုးထွက်လာတာ စတဲ့ သွေးသံရဲရဲ လန့်စရာအခန်းတွေ၊ သွေးထွက်သံယို မြင်ကွင်းတွေ အများကြီး ပါဝင်ပါတယ်။ အလုံပိတ် ဥမင်လိုနေရာမျိုးမှာ ရိုက်ကူးထားလို့ ကြည့်ရတာ မွန်းကျပ်ပြီး ရင်တထိတ်ထိတ်နဲ့ အသည်းယားစရာ ကောင်းပါတယ်။
ဒီနေ့တော့ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်းပဲ အပြင်လောကမှာလည်း အခက်အခဲတွေကြားက ရဲရဲဝံ့ဝံ့ ရပ်တည်နေတဲ့ သရုပ်ဆောင် ဒေါင်းအကြောင်းကို အဓိကထား ပြောချင်ပါတယ်။
ထူးခြားချက်တွေက ဒီဇာတ်ကားမှာထိုင်းဒါရိုက်တာကိုဒေါင်းကို အဓိကဇာတ်ကောင်အဖြစ်ယုံကြည်ချက်အပြည့်ထားပြီးရိုက်ကူးထားတာဖြစ်သလို ၊ဒေါင်းကလည်း စတန့်ခန်းတွေမှာ အထောက်အကူပစ္စည်းတွေမပါပဲ လက်ချည်ဗလာစွန့်စားသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်ထိုင်းစကားပြောပြီးကြိုးစားသရုပ်ဆောင်ထားတာပါ ။ ဒီဇာတ်ကားရိုက်နေတုန်းမှာ ဒေါင်းဟာ ကိုယ်ပါတဲ့အခန်းပဲဖြစ်ဖြစ် ၊မပါတဲ့အခန်းပဲဖြစ်ဖြစ်အချိန်ပြည့် ရိုက်ကွင်းမှာပဲနေပြီးအာရုံစူးစိုက်ရိုက်ကူးခဲ့ပါတယ်။ Netflix မှာ မေ ၂၁ ရက်ကစတင်ပြသရာမှာ လူကြည့်အများဆုံး နံမှတ် ၁ နေရာချိတ်နေပါတယ်။
ဒီဇာတ်ကားရုံတင်တော့မယ်ဆိုတော့ ဒေါင်းဟာ တော်လှန်မီဒီယာတွေမှာ အင်တာဗျူးလုပ်ဖို့ ဆန္ဒရှိပုံမရဘူး။ ဒါဟာ တခြားကြောင့် မဟုတ်ပါဘူး။ သူ့ကို တော်လှန်ရေးလုပ်တဲ့အတွက် အားပေးတာမျိုး သူမလိုချင်တာမို့ပါ။
ဒါကိုလည်း နောက်ပိုင်း People’s Spring နဲ့ အင်တာဗျူးမှာ ထည့်ပြောခဲ့ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တော်လှန်ရေး လုပ်တာကြောင့် အားပေးတာမျိုးမလုပ်ဘဲ အရည်အသွေးအပေါ် မူတည်ပြီး အားပေးဖို့ ပရိသတ်ကို မှာပါတယ်။ မြန်မာသရုပ်ဆောင်တွေမညံကြောင်းပြသလိုတဲ့ခံယူချက်နဲ့ နိုင်ငံတကာ သရုပ်ဆောင်ဈေးကွက်မှာ မြန်မာသရုပ်ဆောင်တွေ နေရာရလာဖို့ အစွမ်းကုန်ကြိုးစားထားတယ်လို့ဒေါင်းက လူထုနွေဦးနဲ့ မေးမြန်းခန်းမှာဖြေကြားထားပါတယ်။
အာဏာမသိမ်းခင်က ဒေါင်းရဲ့ရုပ်ရှင် အကုန်နီးပါး ကြည့်ခဲ့ဖူးပါတယ်။ သေချာတာက ဇာတ်ကောင်စရိုက်အပေါ် စိတ်ဝင်စားမှုရှိတယ်။ ဇာတ်ကောင်နေရာကိုဝင်ခံစားပြီး ဇာတ်ကောင်ရဲ့ ကံသုံးပါးကို သရုပ်ဆောင်တယ်။ နောက်တစ်ခုက စာဖတ်သောသရုပ်ဆောင်တစ်ယောက် ဖြစ်နေခြင်းပါ။ ဒါကြောင့်လည်း သူ့ဇာတ်ကားတွေဟာ အရေအတွက် အများကြီးမရှိပေမဲ့ တစ်ကားဆိုတစ်ကား ပရိသတ်ရင်ထဲရောက်စေခဲ့တယ်။
ကျွန်တော်အကြိုက်ဆုံးကတော့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ပါ။ ဒေါင်းဟာ အဲဒီဇာတ်ကားမှာ မေ့ပျောက်ဖို့ မလွယ်တတ်တဲ့၊ သိမ်ငယ်မှုတွေရှိတဲ့၊ အတ္တလည်းကြီးတဲ့ ဆရာမဂျူးရဲ့ဇာတ်ကောင် ယုမော် ဖြစ်နေခဲ့ပါတယ်။ အမျိုးသမီးပရိသတ်တွေဟာ ဇာတ်ကောင်အပေါ် အားမလိုအားမရဖြစ်မှုတွေ၊ နားလည်ရခက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အာဏာသိမ်းလိုက်တော့ ထိုင်းနိုင်ငံကို ဇာတ်လမ်းတွဲရိုက်ကူးရေးရောက်နေခဲ့တဲ့ ဒေါင်းဟာ ကိုယ့်နိုင်ငံရဲ့အခြေအနေတွေအတွက် ထိုင်မရထမရဖင်တကြွကြွ ဖြစ်နေခဲ့မှာ သေချာပါတယ်။ အာဏာသိမ်းကာလတလျှောက်လုံးမှာလည်း ယနေ့ထက်ထိ သူရပ်တည်နေတာတွေ အားလုံးအသိမို့ အသေးစိတ် ရေးမပြတော့ပါဘူး။
တကယ်တော့ ကျွန်တော်တို့တတွေဟာ အနုပညာရှင်တွေကို သိပ်ချစ်ပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ အနုပညာရှင်တွေ ရှေ့ကဦးဆောင်ဆန္ဒပြတော့လည်း ပြည်သူတွေ ကျေနပ်အားရခဲ့တယ်။ အနုပညာရှင်တွေ ဖမ်းဆီးခံရတော့လည်း ကိုယ့်မိသားစုဝင်တစ်ယောက် အဖမ်းခံရသလို ကျွန်တော်တို့တတွေ စိတ်ရောကိုယ်ပါ ညှိုးခြုံးရတယ်။ မှတ်မှတ်ရရ နိုင်ငံကျော် မင်းသမီးတစ်ယောက် အဖမ်းခံရတဲ့သတင်း TV မှာ ကြေညာစဥ်ကဆို ဒစ်ဂျစ်တယ်စိပ်ပုတီးလေး လက်ထဲကိုင်ထားတဲ့ သူ့ပုံလေးကိုကြည့်ရင်း တော်တော်ကြေကွဲခဲ့ရတယ်။
ဒေါင်းအကြောင်း ပြန်ဆက်ရရင် ကျွန်တော်တို့အနာဂတ်တွေ အာဏာသိမ်းစစ်တပ်က ဖျက်ဆီးလိုက်ချိန်မှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တာဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အင်အားတစ်ခုပါ။ အခု စစ်ကောင်စီလက်အောက်မှာလည်း သာသာယာယာနဲ့ ငွေကို သည်းကြီးမည်းကြီးရှာနေတဲ့ သရုပ်ဆောင်တွေ အများကြီးပါပဲ။ သို့သော် ဒေါင်းဟာ အဲဒီလမ်းကို ယောင်လို့တောင် မလှမ်းခဲ့ပါဘူး။
ဒေါင်းလိုပဲ ကျွန်တော်တို့ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ အဆိုတော်တွေနဲ့ တခြားအနုပညာရှင်တွေလည်း အများကြီးရှိနေပါသေးတယ်။ မတရားတဲ့လုပ်ရပ်တွေ နေ့စဥ်ဖြစ်ပွားနေတဲ့ နိုင်ငံထဲမှာ၊ အမှောင်ကြီးစိုးတဲ့ညတွေမှာ စိတ်ဓာတ်ကျမိတဲ့အခါတိုင်း ငါတို့နဲ့အတူ ဒီလိုလူတွေရပ်တည်ပေးနေကြပါလားဆိုတဲ့အသိက အားတစ်ခု ဖြစ်စေပါတယ်။
ဒေါင်းရိုက်ကူးထားပြီးတဲ့ ဇာတ်ကားတွေထဲက ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ၊ ဒါရိုက်တာ ဏကြီးရိုက်တဲ့ ချစ်ခင်စ မှော်ရုံမှာလေ စတဲ့ ရုပ်ရှင်နှစ်ကားကိုတော့ ကျွန်တော် တော်တော်လေး ကြည့်ချင်နေမိပါတယ်။ မြန်မာပြည်က ရုပ်ရှင်ရုံတွေမှာပဲ ကြည့်ချင်တာပါ။ ကျွန်တော်တို့ မကြာတဲ့ ကာလမှာ ကြည့်ခွင့်ရမယ်လို့ ယုံကြည်နေမိပါတယ်။
















































