ဝဇီရာ/People’s Spring
သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တယ်။ ဘေးနားက အသံပိတ်ထားတဲ့ သူ့ဖုန်းလေး ဖုန်းလာလို့ တဗြီးဗြီးနဲ့ တုန်ခါနေတယ်။ ဖုန်းမျက်နှာပြင်ပေါ်မှာတော့ “အမေ”ဆိုတဲ့ စာလုံးလေး ပေါ်နေတယ်။ သူမကိုင်မိခဲ့ဘူး။
သူကားမောင်းလာတယ်။ သူ့ဖုန်း တုန်ခါလာလို့ ကြည့်လိုက်တော့ အမေ့ဆီကပဲ။ သူ မကိုင်လိုက်ပြန်ဘူး။ ရုံးရောက်ပြီ။ သူ့လက်ချောင်းတွေ လက်တော့ပေါ်မှာ ပြေးလွှားနေတယ်။ သူ့ဖုန်းလာပြန်ပြီ။ လှမ်းကြည့်လိုက်တယ်။
အမေပါပဲ။ သူမကိုင်လိုက်တော့ဘူး။

Public Service Announcement
သူကြက်တောင်ရိုက်နေတယ်။ ခုံပေါ်မှာတင်ထားတဲ့သူ့ဖုန်း မြည်နေပြန်တယ်။ ထုံးစံအတိုင်း သူ့အမေဆီကပဲ။ သူကြက်တောင်ပဲ ရိုက်ကောင်းနေခဲ့တယ်။
ညဘက်ရောက်ခဲ့ပြီ။ Mini Mart ရှေ့မှာ သူခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ဗိုက်ဖြည့်နေခဲ့တယ်။ ဖုန်းလာလို့ ကြည့်မိတော့ အမေ့ဆီက ဖြစ်နေတယ်။ သူမကိုင်လိုက်ဘဲ ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်တယ်။
သူနဲ့ ချစ်သူကောင်မလေးတို့ ဆိုင်တစ်ဆိုင်မှာ ဆုံကြတယ်။ အမေ့ဆီက ဖုန်းလာတာနဲ့ ပတ်သက်လို့ ကောင်မလေးကို သူရင်ဖွင့်ခဲ့တယ်။ “အလုပ်ချိန်လာရင် ရှုပ်လို့မကိုင်ဘူး။ နားချိန်လာရင် ပင်ပန်းလို့မကိုင်ဘူး။ အိပ်ချိန်လာရင် စိတ်တိုလို့မကိုင်ဘူး။ အမြဲနောက်မှာပဲထားခဲ့တာ”တဲ့။ ကောင်မလေးကလည်း ပြန်ပြောတယ်။ “နွယ်နီလည်း အမေ့ဖုန်းတွေ မကိုင်မိဘူး။ တချိန်လုံးဆက်နေတာ။ အာရုံနောက်လို့”တဲ့။
အထက်ပါ ဇာတ်ဝင်ခန်းတွေဟာ Rangoon Radio ကနေ Flame၊ မောင်ဟိန်း၊ ကိုကင်းတို့ စီစဥ်မှုနဲ့ ထုတ်လုပ်ထားတဲ့ ၇ မိနစ်ကျော်ပဲကြာတဲ့ “Missed Calls”ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းတိုလေးထဲ ဇာတ်ဝင်ခန်းတချို့ပါ။ မနေ့က ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အမှတ်တရ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာက ကိုကင်းဖြစ်ပြီး Chi၊ပြည့်ဖြိုးအောင်တို့က သရုပ်ဆောင်ထားပါတယ်။
ဘဝအမောတွေကိုယ်စီနဲ့ ရုန်းကန်နေကြရတဲ့ ဒီခေတ်ကာလ လူငယ်တွေဟာ ဇာတ်ကားထဲက ဇာတ်ကောင်တွေလိုပဲ ကိုယ့်အကျိုးအလိုလားဆုံး ဖြစ်တဲ့ အမေ့ဆီကဖုန်းကို မကိုင်မိတာတွေ ဖြစ်ဖူးကြမှာပါ။ အမေက ငွေလွှဲခိုင်းဖို့ ဆက်တာလည်း ဟုတ်ချင်မှဟုတ်မှာ။ မိခင်တွေဟာ သူ့သားကလေး သူ့သမီးကလေးရဲ့အသံကို ကြားရတာနဲ့ အားတွေပြည့်သွားတတ်ကြတာမို့ ဖုန်းကလေးဆက်ပြီး အားယူကြရတာပါ။
အညာမှာဆိုရင်တော့ စစ်ကြောင်းက ဘယ်ရောက်နေပြီ။ အမေတို့တော့ ဘယ်တောဘယ်တောင်ထဲ ပုန်းနေရပြီ။ အမေတို့အိမ်ကလေးတော့ မီးထဲပါသွားပြီ စသဖြင့် သားတွေသမီးတွေဆီ တိုင်တည်ရင်ဖွင့်လိုကြတဲ့ အမေတွေလည်း အများကြီးပါ။
ဒီဇာတ်လမ်းထဲက သရုပ်ဆောင်တွေဟာ အမေခေါ်တဲ့ဖုန်းကို မကိုင်မိကြပေမဲ့ အမေ့ဆီက လာမယ့်ဖုန်းကိုကိုင်ချင်လွန်းလို့မျှော်နေတဲ့သားတစ်ယောက်လည်း ရှိနေပါတယ်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်ခေါ် ကိုထိန်လင်းပါ။
စစ်တပ်ရဲ့ အကြိမ်ကြိမ်အခါခါ ဖမ်းဆီးအကျဥ်းချခံရတဲ့ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်ဆီကဖုန်းကို ကိုထိန်လင်းမျှော်နေမှာ အသေအချာပါ။ သို့ပေမဲ့ သူလည်း စိတ်တွေပူလှပါပြီ။ သူ့မိခင်ဟာ မနေ့ကပဲ အသက် ၈၁ နှစ် ပြည့်ခဲ့ပြီ။ တိုင်းပြည်အတွက် အနစ်နာခံရင်း ဇရာရဲ့ ဖိစီးမှုကို ခံနေရတဲ့ ခေါင်းဆောင်တစ်ယောက်၊အမေတစ်ယောက်ရဲ့သက်တမ်းဟာ စက္ကန့်နဲ့အမျှ ကုန်ဆုံးနေတာမို့ အချိန်ဆိုတာဟာ ကိုထိန်လင်းအတွက်ရော ကျွန်တော်တို့အားလုံးအတွက်ပါ အလွန်တန်ဖိုးရှိပြီး အကန့်အသတ်ရှိနေပါတယ်။
ရုပ်ရှင်အပြီးမှာ ပြသလိုက်တဲ့ “မျိုးဆက်တစ်ခုလုံး ခေါင်းမော့အိမ်ပြန်မဲ့နေ့အထိ အမေအသက်ရှည်ရှည် စောင့်နိုင်ပါစေ” ဆိုတဲ့ ဆုတောင်းစာသားဟာ ကြည့်ရှုသူတိုင်းရဲ့ မျက်ရည်ကို ခေါ်ဆောင်သွားနိုင်ခဲ့သလို၊ ရင်ထဲမှာလည်း တာဝန်သိစိတ်နဲ့ မျှော်လင့်ချက်ကို တောက်လောင်စေခဲ့ပါတယ်။
လူထုခေါင်းဆောင်မိခင် စောင့်နေတဲ့၊ ကျွန်တော်တို့အားလုံး ခေါင်းမော့အိမ်ပြန်မယ့်နေ့ မြန်မြန်ဆန်ဆန် ရောက်ရှိလာဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို ဒီရုပ်ရှင်က ငြိမ့်ငြိမ့်လေးနဲ့ နက်နက်ရှိုင်းရှိုင်း တင်ဆက်ပြသသွားခဲ့ပါတယ်။


















































