ဝဇီရာ/People’s Spring
အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်းကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်းထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။
အဲဒီလိုဏ်ခေါင်းရဲ့ အခြားတစ်ဖက်မှာ မှော်ဆန်ပြီးဆန်းကြယ်တဲ့ ကမ္ဘာတစ်ခု ရှိနေတာကို သိလိုက်ရတယ်။ သိလိုက်တဲ့အချိန်မှာ သိပ်ကိုနောက်ကျသွားခဲ့ပြီ။ သူ့မိဘတွေက ဧည့်သည်ဝိဉာဥ်တွေအတွက် ပြင်ဆင်ထားတဲ့အစားအသောက်တွေ သွားဖြဲနားဖြဲ စားလိုက်မိလို့ နှစ်ယောက်လုံး ဝက်တွေ ဖြစ်သွားခဲ့တာ။
ချိဟိရိုဟာ အဲဒီမှာ ဟာကုနဲ့ တွေ့တယ်။ ဟာကုက သူ့ကို ဒီမှာမနေဘဲ ပြေးဖို့ပြောတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီး နေဝင်တာနဲ့အမျှ ဝိညာဉ်တွေ ထွက်ပေါ်လာခဲ့ပြီ။ ဟာကုဟာ ချိဟိရိုကို အနံ့မထွက်စေဖို့ အသက်ရှူအောင့်ခိုင်းပြီး ဝိညာဉ်တွေ စိစစ်တဲ့ တံတားကို ဖြတ်ကျော်ကာ ရေချိုးကန်ထဲသို့ တိတ်တဆိတ် ခေါ်ဆောင်ပေးခဲ့တယ်။

Public Service Announcement
ဟာကုက ချိဟိရိုကို ဒီကနေ သူကော သူ့မိဘတွေပါလွတ်မြောက်နိုင်ဖို့အတွက် စုန်းမကြီး ယူးဘာဘာထံမှာအလုပ်တောင်းဖို့နဲ့ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်မယ်လို့ပဲ ဇွတ်ပြောဖို့ လျှို့ဝှက်နည်းလမ်းတွေ သင်ပေးခဲ့ပါတယ်။ နောက်ဆုံးတော့ ချိဟိရို စုန်းမကြီးရဲ့ ရေချိုးကန်မှာ အလုပ်ရသွားပါတယ်။
စုန်းမကြီး ယူးဘာဘာက ရက်စက်ပါတယ်။ ချိဟိရိုကို ဆန် ဆိုတဲ့နာမည် ပြောင်းပစ်ခဲ့တယ်။ သူ့ပိုက်နက်ထဲ ဆိုတော့ သူ့အလိုကျ ဆန် လို့ ပြောင်းပေးလိုက်ရတယ်။ ရေချိုးကန်ကို အပုပ်နံ့ထွက်နေတဲ့၊ အမှိုက်တွေ တထွေးကြီး ပါလာတဲ့ မြစ်ဝိညာဥ်ကြီးလည်း လာလေ့ရှိတယ်။ သူလာရင် ရေချိူးကန်တစ်ခုလုံး ညစ်ပက်သွားတာ။
ရေချိုးကန်မှာမျက်နှာဖုံးစွပ်ထားတဲ့ No-Face(ကာအိုနာရှီီ)နဲ့လည်း ဆုံခဲ့ရတယ်။ သူက ချိဟိရိုကို ခင်တွယ်တာ။ သူက အထီးကျန်လွန်းလို့ဆိုပြီး ရွှေတွေလိုက်ပေးသေးတာ။
ကြောက်ရွံ့တတ်တဲ့ ကလေးမလေး ချိဟိရိုဟာ အဲဒီရောက်မှ အခက်အခဲတွေကို ရင်ဆိုင်ရင်း မိမိကိုယ်ကို အားကိုးတတ်လာပြီး ရင့်ကျက်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာခဲ့တယ်။ အခြားသူတွေ မကူညီချင်ကြတဲ့ ညစ်ပတ်နေတဲ့ ဝိညာဉ်ကြီးနဲ့ မျက်နှာမဲ့ ဝိညာဥ်တွေကို ကြင်နာပေးခဲ့လို့ ပြန်လည်ကူညီမှုတွေ ရရှိခဲ့တယ်။
ဟာကုရဲ့အကူအညီနဲ့ပဲ ချိဟိရိုမိသားစု သူတို့ကမ္ဘာကို ပြန်လို့ရခဲ့တယ်။ ဟာကုကို ချီဟိရိုက နင်ကောမလိုက်ဘူးလားဆိုတော့ ငါပြန်လာခဲ့ပါ့မယ်တဲ့။ ငါတို့ပြန်ဆုံခွင့်ရှိတယ်မလားလို့ ချိဟိရိုကမေးတော့ ဟာကုက ရှိတာပေါ့လို့ဖြေတယ်။ ဇာတ်ကားပြီးသွားခဲ့တယ်။ ချိဟိရိုကတော့ ဟာကု ပြန်အလာကို မျှော်နေမှာ သေချာပါတယ်။
ဇာတ်ကားထဲက စုန်းမကြီး ယူးဘာဘာက နာမည်တွေကို လုယူပြီး ခိုင်းစေတတ်ပေမဲ့ မူလနာမည်ကို မမေ့သမျှ ကာလပတ်လုံး မိမိကိုယ်ကို ဆုံးရှုံးမသွားဘူးလို့ ပြသွားခဲ့တယ်။
အခုဆိုရင် ကျနော်တို့နိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီ။ စစ်တပ်က ကျနော်အားလုံးတို့ရဲ့ မူလဘဝတွေကို လုယူသွားခဲ့တယ်။ ဆေးထိုးအပ်မကိုင်နိုင်တော့တဲ့ ဆရာဝန်တွေ၊ မြေဖြူတောင့် မမြင်ရတာကြာတဲ့ ဆရာဆရာမတွေ၊ ကလောင်မကိုင်နိုင်တော့တဲ့ စာရေးဆရာတွေ၊ ရထားမမောင်းနိုင်တော့တဲ့ စက်ခေါင်းမောင်းကြီးတွေ အများဆိုမှ အများကြီး။
သို့သော် ကျနော်တို့ ကိုယ့်နာမည် ကိုယ့်ဘဝ မေ့လို့မရပါဘူး။ အာဏာရှင်တွေက ဘယ်လိုပဲလုယူဖျက်ဆီးပါစေ ကျနော်တို့ ကိုယ့်နာမည်ကို မမေ့သရွေ့ ကျနော်တို့ဘဝ ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်ပါဘူး။
ချိဟိရိုဟာ မိမိနာမည်ကို မမေ့ခဲ့လို့ မူလကမ္ဘာကို အောင်မြင်စွာ ပြန်နိုင်ခဲ့သလိုပဲ၊ ပြည်သူတွေဟာလည်း မိမိတို့ရဲ့ မူလတန်ဖိုးနဲ့ တာဝန်တွေကို မမေ့သရွေ့တော့ ဒီအမှောင်ထုကနေ လွတ်မြောက်ပြီး မူလဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ကြမှာ သေချာပါတယ်။



















































