Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

မေတ္တာထွေးလို့ နွေးပါစေ Her Love Boils Bathwater(၂၀၂၆)

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

ဝဇီရာ/People’s Spring

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

​တစ်နေ့မှာ ဖူတာဘဟာ အလုပ်ထဲမှာ ရုတ်တရက်ကြီး မူးလဲသွားခဲ့တယ်။ ဆေးစစ်ချက်ရတော့ ဆရာဝန်ကပြောတယ်။ သူ့မှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်တဲ့။အသက်ရှင်ဖို့ လနည်းနည်းလေးပဲ ကျန်တော့တာကို သိလိုက်ရတယ်။

ဖူတာဘ ခေါင်းနပန်းကြီးသွားခဲ့တယ်။ သူမရှိတော့ရင် သမီးကလေးတစ်ယောက်တည်း လူ့လောကကြီးထဲ ဘယ်လိုဖြတ်သန်းမလဲလို့ စိတ်ပူသွားတယ်။သမီးကလေးကသူ့လိုမဟုတ်ဘူး။သူ့လောက်မသန်မာဘူး။ကျောင်းမှာလည်း အတန်းတူကျောင်းသူတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံရတယ်။ ဖူတာဘဟာ သမီး​လေးကို သန်မာလာအောင် လေ့ကျင်ပေးတယ်။

Public Service Announcement

Public Service Announcement

သူဆုံးသွားပြီးနောက်ပိုင်း သမီးလေးတစ်ယောက်တည်း မဖြစ်ရအောင် ခင်ပွန်းဖြစ်သူကို ရှာဖွေခဲ့တယ်။ ခင်ပွန်းဟာ နောက်ထပ်အိမ်ထောင်ကရတဲ့ သမီးကလေးနဲ့ ဒေသတခုမှာ နေနေခဲ့တာပါ။နောက်အိမ်ထောင်အမျိုးသမီးကတော့ သူတို့ကိုချန်ထားပြီး အဝေးကိုထွက်သွားတာကြာပြီတဲ့။ ဖူတာဘဟာ ခင်ပွန်းကိုကော နောက်အိမ်ထောင်ကရတဲ့ သမီးလေးကိုပါ အိမ်ပေါ်ခေါ်တင်ခဲ့တယ်။ မိသားစုအားလုံး စုစည်းပြီး ပိတ်ထားခဲ့ရတဲ့ ရေနွေးစိမ်ကန်လုပ်ငန်းကိုပြန်လည်လည်ပတ်ဖို့ ကြိုးစားတယ်။

နောက်အိမ်ထောင်ကပါလာတဲ့ သမီးကလေးမှာလည်း စိတ်ဒဏ်ရာတွေနဲ့ပါ။ ဖူတာဘဟာ အဲဒီသမီးကလေးကိုလည်း သူ့သမီးရင်း​လိုပဲ သဘောထားပြီး နွေးထွေးမှုတွေ ပေးခဲ့တယ်။

သမီးကလေးနှစ်ယောက်နဲ့ ဖူတာဘ တစ်ညအိပ်ခရီး​လေး ထွက်ခဲ့တယ်။ လမ်းမှာလည်း စိတ်ဒဏ်ရာတွေနဲ့ လေလွင့်နေတဲ့ လူငယ်လေးတစ်ယောက်ကို လမ်းကြုံတင်ခဲ့သေးတယ်။ လူငယ်က ဘယ်ကိုသွားမယ်ဆိုတာ ဦးတည်ချက်မရှိဘူးဆိုလို့ မြောက်ပိုင်းဒေသကိုသွားဖို့ သူလမ်းညွှန်ခဲ့တယ်။ အဲဒီခရီးမှာပဲ သမီး​လေးရဲ့ ဘဝအစစ်အမှန်ကို အသိပေးလိုက်တယ်။ သူ့ရောဂါအခြေအနေကိုလည်း သမီးလေး သိသွားခဲ့တယ်။

သူဆေးရုံတက်နေချိန် သူ့ခင်ပွန်းကို ရှာပေးတဲ့ စုံထောက်ဆီကနေလည်း ဖူတာဘရဲ့ မိခင်သတင်းကြားခဲ့ရတယ်။ ဖူတာဘက အမေကို မမြင်ဖူးဘူး။ အမေ့ကို သူသိပ်မြင်ဖူးချင်ခဲ့တာ။ အမေ့သတင်းကြားတော့ အမေရှိတဲ့တိုကျိုကို လိုက်သွားကြတယ်။ ကားပေါ်ကဆင်းမယ်လုပ်တော့ သမီးဖြစ်သူက ဝှီးချဲယူပေးမယ်ပြောတယ်။ ဖူတာဘက နေပါစေ အမေစိတ်ပူသွားလိမ့်မယ်တဲ့။ အမေ့ရဲ့တုံံပြန်မှုကလည်း မျက်ရည်ကျစရာပါ။

တဖြည်းဖြည်းနဲ့ ဖူတာဘလည်း​ ဝေဒနာ ပြင်းထန်လာပြီးအခြေအနေပိုပိုဆိုးလာခဲ့တယ်။ ခင်ပွန်းဖြစ်သူကတော့ ဆေးလိပ်အသောက်မပျက်။ ပေါ့ပေါ့ပါးပါးပဲ။ ဆေးရုံကပြန်လာတဲ့သမီးကို အမေကဘာမှာလိုက်သေးလဲမေးတော့ “အရည်အချင်းမရှိတဲ့ ဖေဖေ့ဆီမှာ မိသားစုကို ထားခဲ့ရမှာကို တွေးမိလိုက်ရင် စိတ်မချနိုင်လွန်းလို့ အေးအေးဆေးဆေးတောင် သေလို့ရမှာ မဟုတ်ဘူးတဲ့”လို့ သမီးကဖြေတယ်။ ဖူတာဘရဲ့ နောက်ဆုံးအချိန်တွေ ရောက်လာတဲ့အခါမှာတော့….

ဘယ်လိုပဲ gender အရ တန်းတူသဘောထားပါတယ်ဆိုဆိုု အိမ်ထောင်မှုရေးရာမှာတော့ အမျိုးသမီးတွေဟာအမျိုးသားတွေထက် တာဝန်ယူမှု ပိုကိုပိုပါတယ်။

ဖူတာဘလို အရည်အချင်းမရှိတဲ့ ယောကျာ်းမျိုး ရလိုက်တဲ့ အမျိုးသမီးတွေအဖို့တော့ တစ်ဘဝလုံး ဝန်တွေပိတော့တာပါပဲ။

ဇာတ်ကားထဲမှာ အမျိုးသားဖြစ်သူဟာ အိမ်ထောင်သုံးဆက်ကျတဲ့သဘောပါ။ ဘာကြောင့် အိမ်ထောင်ဆက်များရတယ်ဆိုတာ မပြခဲ့ပေမဲ့ သူ့တာဝန်ကို အမျိုးသမီးကပါ ထမ်းခဲ့ရပါတယ်။ မိသားစုတွေမှာ တာဝန်သိသူတွေက တခြားသူတာဝန်​​တွေပါ ထမ်းရတဲ့အခါ ဝန်ပိုဖိစီးလှပါတယ်။

ဖူတာဘ မရှိတော့တဲ့ နောက်ပိုင်း ရေနွေးစိမ်ကန်လုပ်ငန်းလေးနဲ့ မိသားစုတွေ အဆင်ပြေပြေနေနိုင်ခဲ့တယ်။ ဖူတာဘ ပေးထားခဲ့တဲ့ မေတ္တာတွေနဲ့ မိသားစုတတွေ နွေးထွေးစေခဲ့တယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ချစ်ပါတယ် ချစ်ပါတယ်လို့ တဖွဖွပြောနေဖို့ မလိုပါဘူး။ သူ့အနား ကိုယ်မရှိတော့ရင်တောင်မှ သူအဆင်ပြေနေတာကို မြင်ချင်တာ။ သူ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် မားမားမတ်မတ် ရပ်နိုင်တာကို မြင်ချင်တာ။ ဒါကိုပဲ မေတ္တာလို့ ခေါ်တာပါ။

​သေခြင်းတရားက ဘဝကို အဆုံးသတ်သွားစေနိုင်ပေမယ့်၊ စစ်မှန်တဲ့မေတ္တာကတော့ ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာ အမြဲတမ်း အနွေးဓာတ်ပေးလို့ နေပါတယ်။ ဖူတာဘဟာ သူ့ရဲ့ ရေနွေးစိမ်ကန်လေးကို အပူချိန်ပြည့်ဝအောင် ထိန်းပေးခဲ့သလိုပဲ၊ သူ့ရဲ့ မေတ္တာကလည်း ပြိုကွဲလုနီးပါး ဖြစ်နေတဲ့ မိသားစုရဲ့ ဘဝတွေကို တစ်သက်တာစာ နွေးထွေးမှု ပေးသွားခဲ့ပါတော့တယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ဟာမင်တို့မိသားစုမှာ မိခင်ဖြစ်သူရယ် အကိုရယ်ဆိုပြီး မိသားစုဝင် ၃ ယောက်ရှိပါတယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ တစ်ရက်တော့ အကို ကျောင်းသွားကာနီး အမေက သူချက်ထားတဲ့ဟင်း​လေးနဲ့ ဇွတ်ခွံ့ကျွေးနေတယ်။အကိုဖြစ်သူဟာ ကပျာကယာနဲ့ ကျောင်းသွားခဲ့တယ်။ နောက်တော့ အကိုဖြစ်သူ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်။

ရုပ်ရှင်ခံစားမှု

တာမာရုဟာ ပီလီလျူကျွန်းမှာ တာဝန်ကျနေတဲ့ ဂျပန်စစ်သား​​လေး တစ်ယောက်ပါ။ တကယ်တော့ သူက လက်နက်ကိုင်ချင်တာမဟုတ်ဘူး။ ခဲတံကိုင်ပြီး ရုပ်ပြကာတွန်းနဲ့ ပန်းချီဆွဲချင်ခဲ့တာ။

ရုပ်ရှင်ခံစားမှု

Raakh(၂၀၂၆)

ရုပ်ရှင်ခံစားမှု

A Taxi Driver(2017)