-ငြိမ်း ရေးသားသည်။
လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။
ဒါဟာဗေဒင်ဆရာဆီကရတဲ့အချက်အလက်၊ အကြားအမြင်ဆရာဆီကရလာတဲ့ အချက်အလက်၊ ဗိန္ဓောဆရာဆီ ကရတဲ့ အချက်အလက်၊ ဒေါက်တာရမ်းကုတွေဆီကရတဲ့ အချက်အလက်၊ နဂါးမယ်တော်ကြီးဆီကရတဲ့ အချက် အလက်၊ ဆရာထူးခန့်ကျော်ဆီကရလာတဲ့အချက်အလက် မဟုတ်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ အပြည် ပြည်ဆိုင်ရာကင်ဆာသုတေသနအေဂျင်စီ(IARC)တို့က စိုက်လိုက်မတ်တတ်လေ့လာခဲ့ရာကနေတွေ့ရှိခဲ့တဲ့ ခိုင်မာ တဲ့ အချက်အလက်ပဲဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းခန့်ဟာ မိမိကိုယ်တိုင်ကင်ဆာဖြစ်ခြင်း ဒါမှမဟုတ် မိမိနဲ့နီးစပ်တဲ့ မိသားစုဝင်တစ် ဦးဦး ကင်ဆာဖြစ်ခြင်းကနေတစ်ဆင့် ဒီရောဂါရဲ့ သက်ရောက်မှုကို ကြုံတွေ့ခံစားရမယ်လို့လည်း အဲဒီအဖွဲ့တွေက သုံးသပ်ထားပါတယ်။ ဆိုလိုတာက ကင်ဆာကပေးတဲ့ ရောဂါဝေဒနာ၊ စိတ်ဝေဒနာတွေကို ကမ္ဘာ့လူသား ၈ ရာခိုင်နှုန်းလောက်ကသာ ကင်းလွတ်ခွင့်ရရှိပြီး ကျန်တဲ့ ၉၂ ရာခိုင်နှုန်းက မလွဲမသွေခံစားရစေမယ်ဆိုတဲ့သဘောပါပဲ။

Public Service Announcement
ဒီအချက်အလက်ဟာ ကမ္ဘာလူသား ဘယ်သူ့ဘယ်သူအတွက်မှ ပျော်စရာကောင်းတဲ့ အချက်အလက်မဟုတ်ပါဘူး။ တွေးမိတိုင်းကြောက်ရမယ့်အချက်အလက်ပါ။ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကင်ဆာလူနာသစ် ၂၀ ဒသမ ၆ သန်းလောက်တွေ့ရှိရပြီး သေဆုံးသူ ၁၀ သန်း ခန့်ရှိတယ်။ လာမယ့် ၂၀၅၀ ခုနှစ်မှာ ကင်ဆာလူနာသစ် ၃၅ သန်းနီးပါးအထိ မြင့်တက်လာမယ်ဆိုတဲ့ အချက်အလက်ကလည်း နူရာဝဲဆွဲ၊ လဲရာသူခိုးထောင်းဆိုသလို ပျော်စရာကောင်းမနေပြန်ပါဘူး။
ကမ္ဘာ့မှာ နှစ်စဉ်တွေ့နေရတဲ့ ကင်ဆာလူနာ သစ်အရေအတွက်ဟာ မြန်မာ့လူဦးရေစုစုပေါင်းရဲ့ ထက်ဝက်နီးပါးရှိပါတယ်။ ဒီလိုပဲ ကင်ဆာကြောင့် နှစ်စဉ်သေဆုံး သူဦးရေကလည်း ရန်ကုန်မှာနေထိုင်တဲ့ လူဦးရေစုစုပေါင်းထက်ပင်များနေပါသေးတယ်။ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အပြည်ပြည်ဆိုင်ရာကင်ဆာသုတေသန အေဂျင်စီ (IARC)တို့ ပူးတွဲထုတ်ပြန်လိုက်တဲ့ “၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါအခြေအနေ အစီရင် ခံစာ”ထဲက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ ဇူလိုင် ၈ ရက်နေ့ကမှ ထုတ်ပြန်လိုက်တဲ့ ပူပူနွေးနွေး အစီရင်ခံစာ လည်းဖြစ်ပါတယ်။
ဒီအစီရင်ခံစာပေါ်မှာအခြေခံတဲ့ WHO နဲ့ IARC တို့ရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်ထဲမှာတော့ “ကင်ဆာရောဂါ ကြောင့် နေ့စဉ်လူပေါင်း ၂၆,၀၀၀ ကျော် အသက်ဆုံးရှုံးနေပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာဟာ အဲဒီရောဂါ ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို ရင်ဆိုင်နေကြရတယ်”လို့ ဆိုထားပါတယ်။
နေ့စဉ်လူပေါင်း ၂၆,၀၀၀ ကျော်သေဆုံးတယ်ဆိုတဲ့အချက်အလက်ကို အသေးစိတ်ပြန်ကောက်ရရင် တစ်နာရီတိုင်း လူတစ်ထောင်ကျော်၊ တစ်မိနစ်တိုင်း လူ ၁၈ ယောက်သေဆုံးနေတာကိုပြဆိုပြီး သုံးစက္ကန့်တိုင်း လူတစ်ဦး သေဆုံး နေတယ်ဆိုတဲ့ အချက်အလက်လည်းဖြစ်ပါတယ်။ မြန်မာမှာဆိုရင်လည်း နှစ်စဉ် ကင်ဆာလူနာသစ် ၈၀၀၀၀ ကနေ ၉၀၀၀၀ ဝန်းကျင်တွေ့ရှိနေပြီး သေဆုံးသူကတော့ ၆၀၀၀၀ ဝန်းကျင်ရှိပါတယ်။ ဒီတော့ မြန်မာမှာ ကင်ဆာကြောင့် နေ့စဉ် သေဆုံးသူဟာလည်း ၁၆၀ ကျော်ရှိတာကို ပြဆိုပါတယ်။
တစ်နေ့ကပဲ စကားဝိုင်းတစ်ခုမှာ ကျွန်တော်တို့ စကားလက်ဆုံကျရင်း ပြည်တွင်းဖြစ်ကင်ဆာတွေအကြောင်းဆီ စကားရောက်ပါတယ်။ ကျွန်တော့်မိခင်၊ ဦးလေးနဲ့ အစ်ကိုဖြစ်သူတို့ ကင်ဆာနဲ့ပဲ မကြာသေးခင်က ရှေ့ဆင့်နောက် ဆင့်ကွယ်လွန်သွားတဲ့အကြောင်း။
မိခင်က ရင်သားကင်ဆာ၊ ဦးလေးက အူမကြီးကင်ဆာ၊ အစ်ကိုက အဆုပ် ကင်ဆာနဲ့ပါ။ ကျွန်တော့်မိခင်ဆုံးပြီး ရက်ပိုင်းအတွင်းမှာပဲ ခေါင်းရင်းအိမ်က အသက်(၅၀)ဝန်းကျင် အမျိုးသမီး တစ်ဦး သားအိမ်ခေါင်းကင်ဆာနဲ့ ဆုံးပါတယ်။ သိပ်မကြာလိုက်ဘူး အဲဒီအမျိုးသမီးရဲ့ တစ်အိမ်ကျော်၊ ကျွန်တော်တို့ အိမ်နဲ့ဆို နှစ်အိမ်ကျော်က အမျိုးသမီးလည်း ဆုံးပြန်ပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ပါပဲ။ အစ်ကိုတစ်ယောက်လို ခင်မင်ရင်းနှီးသူတစ်ယောက်လည်း အဲဒီကာလထဲမှာပဲ အဆုပ်ကင်ဆာနဲ့ ဆုံးပြန်ပါတယ်။
ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေဘက်ကို ကြည့်လိုက်ရင်လည်း ဒီကာလထဲ ကင်ဆာကြောင့် လူ့ဘဝကို စွန့်ခွာသွားရသူ အတော်များများကို တွေ့ကြရပါမယ်။ စာရေးဆရာငြိမ်းအေးအိမ်၊ စာရေးဆရာမောင်သာချို၊ လူရွှင်တော်ပန်းသီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ စာရေးဆရာမင်းခိုက်စိုးစန်၊ သရုပ်ဆောင်ညောင်ညောင်တို့ဟာ ကင်ဆာရောဂါနဲ့ပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးကွယ်လွန်သွားခဲ့ကြပါတယ်။
ဒီအခြေအနေတွေပေါ်မှာ အခြေခံပြီး မြန်မာမှာဖြစ်နေတဲ့ ကင်ဆာတွေဟာ ဘယ်လောက်အထိ အဖြစ်ဆိုးနေပြီလဲ။ ကျွန်တော်တို့ကို ဘယ်လောက်အထိ ခြိမ်းခြောက်နေပြီလဲဆိုတဲ့စကားနဲ့စပြီး စကားဝိုင်းမှာ ထည့်သွင်းဆွေးနွေးဖြစ်ပါတယ်။ တကယ်လည်း ခြိမ်းခြောက်လာနေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ စကားဝိုင်းအပြီး နောက်တစ်ရက် အကြာမှာ ထွက်ရှိလာတဲ့ WHO နဲ့ IARC တို့ရဲ့ ဒီအစီရင်ခံစာက သက်သေထူနေပါတယ်။
ကျွန်တော့် အမေ၊ ဦးလေး၊ အစ်ကိုစတဲ့ ကျွန်တော့်ရဲ့ မိသားစုဝင်တွေထဲက ရိုက်ခတ်မှု၊ အစ်ကိုလို၊ ညီလို၊ ဦးလေးလို ခင်မင်ရတဲ့ ကျွန်တော့်အနီးဝန်းကျင်ကဖြစ်ရပ်တွေရဲ့ ရိုက်ခတ်မှု၊ ထင်ရှားကျော်ကြားသူတို့ကြုံရတဲ့ ဖြစ်ရပ်တွေရဲ့ ရိုက်ခတ်မှုတွေကြောင့် ကင်ဆာဆိုတာကို တစ္ဆေတစ်ကောင်လို ကျွန်တော်ကြောက်လန့်နေခဲ့တာ ကြာပါပြီ။ ညာ ရင်ဘတ်ဆီက အောင့်တောင့်တောင့်ဖြစ်တာနဲ့ အသည်းလား။ ဝမ်းဗိုက်ဆီက နာလာတာနဲ့ အူမကြီးလား။ဆီးစပ်က အောင့်ရင် ဆီးကျိတ်လား။ စတဲ့လားပေါင်းများစွာနဲ့ နေ့စဉ်ကင်ဆာတစ္ဆေအခြောက်ခံနေရသူတစ်ဦးပါ။ အခုအစီရင် ခံစာက အကြောက်ပေါ် အကြောက် ထပ်ဆင့်လိုက်ပြန်တဲ့ နောက်ထပ်တစ္ဆေတစ်ကောင်ပါပဲ။
ကင်ဆာရောဂါဟာ အခုလိုကြောက်မက်ဖွယ်ကောင်းအောင် အရှိန်အဟုန်နဲ့ ဖြစ်ပွားလာရတဲ့ အဓိကတရားခံက ဘယ်သူပါလဲ။ ဓာတုမကင်းတဲ့ စားသောက်ဖွယ်ရာတွေလို့ တချို့က ဖြေကြမယ်။ တချို့က ရက်လွန်မှိုတက်အစား အသောက်တွေလို့ဖြေမယ်။ တချို့က လေထုညစ်ညမ်းမှု၊ တချို့က ရေထုညစ်ညမ်းမှု၊ တချို့က ရာသီဥတုဖောက် ပြန်မှု၊ တချို့က အာဆင်းနစ်၊ တချို့က ရွှေနဲ့ မြေရှားစတဲ့ သတ္တုတွေ တူးဖော်ထုတ်လုပ်လို့၊ တချို့က ဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲလို့ဆိုပြီး ပုံစံမျိုးစုံနဲ့ဖြေကြပါလိမ့်မယ်။ အဲဒီအဖြေတွေက မှားသလားဆိုတော့လည်း မမှားပါဘူး။ ဒါပေမယ့် သူတို့က အဓိကတရားခံတွေတော့ မဟုတ်ပါဘူး။ အဓိကတရားခံက “လူ”ဆိုတဲ့ သတ္တဝါပါပဲ။
လောဘသားတွေကို ထမ်းပိုးထားရတဲ့ ကမ္ဘာကြီးက သူ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ရုံခါနေပြီဆိုတဲ့ သတိပေးချက် ကို ဒီအစီရင်ခံစာထဲမှာ တွေ့ရပါတယ်။ လူသားမျိုးနွယ် ပျောက်ဆုံးသွားတဲ့အထိ ရုံခါမခံရချင်ရင်တော့ လူမှု အသိုင်းအဝိုင်းအလွှာအသီးသီးကဆေးမြီးတိုနဲ့ ကုတန်တာကု၊ အရေးပေါ်ကို ပို့သင့်တာပို့ကြဖို့ပါပဲ။ ဒီကနေ့မှာ သိသိသာသာခြိမ်း ခြောက်လာနေတဲ့ ကင်ဆာအပါအဝင် ကျန်းမာရေးဆိုင်ရာဘေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးတွေကနေ ဘယ်လိုရှောင်လွှဲပြီး ကျန်းမာတဲ့၊ ချမ်းသာတဲ့ ကမ္ဘာသစ်တစ်ခုကို ဘယ်လိုဖန်တီးကြမလဲဆိုတဲ့ အဖြေကို စူးစူးစိုက်စိုက်အားထုတ်ရှာဖွေကြဖို့ မစောတော့တဲ့အချိန်ကာလကို ရောက်ရှိလာပါပြီ။ မျှစ်ကို ဆေးမဆိုး၊ မုန့်ဖတ်ထဲ ဖော်မလင်မထည့်တာကနေစပြီး လူသားတို့ ဘဝဘေးကင်းလုံခြုံရေးအပေါ် ကျွန်တော်တို့ ကိုယ်စီ ရိုးသားပေးကြဖို့ လိုပါတယ်။
ဉာဏ်ရည်နိမ့်အာဏာရှင်တွေ အုပ်စိုးထားတဲ့ ဒီကနေ့မြန်မာနိုင်ငံအတွက်တော့ ကျွန်တော့်ဆီမှာ သီးခြားသတိပေး ချက်ရှိပါတယ်။ အာဏာရှင်နဲ့ ဝိသမလောဘသားတို့ လက်ဝါးချင်းရိုက်မိကြတဲ့အခါ၊ အာဏာရှင်နဲ့ လက် တစ်လုံးခြားသူတို့ လက်ဝါးချင်းရိုက်မိကြတဲ့အခါ၊ အာဏာရှင်နဲ့ ရေငုံနှုတ်ပိတ်နေတတ်သူတို့ လက်ဝါးချင်းရိုက်မိကြ တဲ့အခါ ကင်ဆာဟာ WHO နဲ့ IARC တို့ ခန့်မှန်းသုံးသပ်ထားတာတွေထက်ပိုပြီး စောလျင်စွာ၊ ပြင်းထန်စွာ အိမ်ပေါက်စေ့ဆီ တံခါးလာခေါက်လိမ့်မယ်ဆိုတာပါပဲ။


















































