ဥဂ္ဂါ ရေးသားသည်။
“စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်” ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။
ယခုရက်ပိုင်းအတွင်းမော်စကိုသို့ သွားရောက်ခဲ့တဲ့ အဆိုပါခရီးဟာ အတုအယောင် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ်မိမိ သမ္မတအဖြစ် ကြေညာပြီးနောက် ပြည်ပသို့ သွားရောက်ခဲ့တဲ့ ပဉ္စမမြောက် ခရီးစဉ် ဖြစ်ပါတယ်။ ယင်းမတိုင်မီ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။
တစ်ဖက်မှာ ရုရှားက အာဆီယံထဲမှာ ကိုယ့်အသံကို ကြားစေမယ့် မိတ်ဖက်တစ်ဦး လိုအပ်နေပြီး အခြားတစ်ဖက်မှာ မြန်မာစစ်အစိုးရကလည်း နိုင်ငံတကာဇာတ်ခုံမှာ “ကျွန်တော်တို့ကို မမြင်ချင်ယောင်ဆောင်လို့ မရဘူး” ဒီမှာကြည့်ဆိုတဲ့ ပူတင်က လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်တစ်ခု လိုအပ်နေပါတယ်။ဒါကြောင့်ဒီခရီးစဉ်ဟာစီးပွားရေးထက်၊ နိုင်ငံရေးအရ တစ်ယောက်ကိုတစ်ယောက် “မင်းမှာ ငါရှိတယ်၊ ငါမှာ မင်းရှိတယ်” လို့ ပြသတဲ့ ဓာတ်ပုံရိုက်ပွဲတစ်ခုနဲ့ ပိုတူနေပါတယ်။

Public Service Announcement
ဒီလို သုံးသပ်ချက်တွေထဲက ထင်ရှားတဲ့တစ်ခုကတော့ ရုရှားနဲ့ အရှေ့/အလယ်ပိုင်း ဥရောပရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေကို အဓိကဖော်ပြတဲ့ BNE IntelliNews က ဘာလင်အခြေစိုက် သတင်းထောက် Ben Aris ရဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။
Ben Aris ရဲ့ အဓိကသုံးသပ်ချက်က စာချုပ်တွေအများကြီးလက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့အကောင်အထည်ပေါ်နေတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုက အလွန်နည်းပါးနေဆဲဖြစ်တယ်။ ရုရှားအတွက် အဓိကအကျိုးကျေးဇူးက အာဆီယံ (ASEAN) ထဲမှာ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ရရှိထားခြင်းဖြစ်ပြီး၊ မြန်မာစစ်အစိုးရအတွက်တော့ နိုင်ငံတကာမှာ သမ္မတအဖြစ် လက်ခံတဲ့ ပူတင်နဲ့ အတူရိုက်တဲ့ဓာတ်ပုံနဲ့ သူ့ရဲ့နိုင်ငံရေးအသိအမှတ်ပြုမှု ရယူဖို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ဆောင်းပါးအစမှာပဲ ရုရှားနဲ့ မြန်မာတို့ဟာ ကရင်မလင်မှာ စာချုပ်နဲ့ နားလည်မှုစာချွန်လွှာ စုစုပေါင်း ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နျူကလီးယားစွမ်းအင် (Nuclear Energy)၊ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနက်ဆိပ်ကမ်း၊ ဂြိုဟ်တုနဲ့ ရှာဖွေရေးကယ်ဆယ်ရေးစနစ်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် အဲဒီစာချုပ်တွေဟာ “အနာဂတ်မှာ လုပ်မယ့် အစီအစဉ်တွေသာ” လို့ပဲ သတ်မှတ် ထားပါတယ်။ အကြောင်းကတော့ စာချုပ်တွေမှာ အကြီးစားစီမံကိန်းတွေကို ပြောထားပေမယ့် လက်တွေ့ စီးပွားရေးအခြေအနေကို ကြည့်လိုက်ရင်တော့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅ သန်းတောင် မပြည့်သေးဘဲ အဲဒီပမာဏဟာ ရုရှားရဲ့ ရေနံစိမ်းတင်ပို့မှု ၃နာရီစာသာ ရှိတယ်လို့နှိုင်းယှဉ်ဖော်ပြထားပါတယ်။စာချုပ်တွေက ကြီးမားပေမယ့် အခြေခံစီးပွားရေး ဆက်ဆံရေးကတော့ အလွန်သေးငယ်ပါတယ်လို့ ဆိုလိုတာပါ။
ဒီလက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေထဲမှာ အရေးကြီးဆုံးအဖြစ် ဖော်ပြထားတာကတော့ “မတရားသော တစ်ဖက်သတ် အကျပ်ကိုင် အရေးယူဆောင်ရွက်မှုများ၏ ဆိုးကျိုးများကို တုံ့ပြန်ရန်၊ လျှော့ချရန်နှင့် ကုစားရန် နည်းလမ်းများဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးတွဲကြေညာချက်” ဖြစ်ပါတယ်။ Ben Aris ကဒီစာချုပ်က နှစ်ဖက်စလုံး ဘာလိုချင်လဲဆိုတာကို အထင်အရှား ဖော်ပြနေတယ်လို့ သုံးသပ်ပါတယ်။
တကယ်တော့ နှစ်နိုင်ငံစလုံးဟာအနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြင်းထန်စွာ ရင်ဆိုင်နေရပြီး နှစ်ဦးစလုံး ယခုကဲ့သို့ အတူတကွ ပူးတွဲထုတ်ပြန်ခြင်းမှအပ အခြားဘာမျှ မတတ်နိုင် ကြကြောင်း ၎င်းကဆိုပါတယ်။
ကျန်တဲ့ သဘောတူညီချက်အများစုကတော့ ဝန်ကြီးဌာနအချင်းချင်း နားလည်မှုစာချွန်လွှာ (MOU) တွေဖြစ်ပြီး လျှပ်စစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology)၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ အာကာသနဲ့ ဂြိုဟ်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများ ပါဝင်တယ်။
စီးပွားရေးအရ တကယ်အကောင်အထည်ဖော်မယ့် တစ်ခုတည်းသောစာချုပ်ကတော့ ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က ရုရှားရဲ့ RC-Investments ရန်ပုံငွေအဖွဲ့နဲ့ မြန်မာရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ရေရှည် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့ရေး နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဖို့ လုပ်ထုံးလုပ်နည်းစာချုပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပူတင်က သူ့မိန့်ခွန်းမှာ စွမ်းအင်ကဏ္ဍကို အလေးထားပြောခဲ့ပြီး မြန်မာတောင်ပိုင်းမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ LNG တင်ပို့ရေးနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် Ben Aris က ဒီအချက်ကိုလည်း သံသယရှိပါတယ်။မြန်မာနိုင်ငံရဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက ဆက်တိုက်ကျဆင်းနေပြီး အဓိက ရတနာဓာတ်ငွေ့ကမ်းလွန်မြေကလည်း အထွက်နှုန်း လျော့လာနေချိန်၊ပြည်တွင်းမှာလည်း လျှပ်စစ်နဲ့ လောင်စာဆီ ပြတ်လပ်မှုတွေကြောင့် နှစ်နှစ်နီးပါး လောင်စာဆီကို ခွဲတမ်းနဲ့ သုံးစွဲနေရတဲ့ အခြေအနေ အခြေအနေမှာ LNG ကိုတင်ပို့မယ့် အဓိကလမ်းကြောင်း ဖြစ်လာနိုင်တယ်ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ခြေ နည်းတယ်လို့ ထောက်ပြထားပါတယ်။
နျူကလီးယားစွမ်းအင်ကတော့ ပူတင် အထူးအလေးထားပြောတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရုရှားပုံစံအသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ(SMR)ကိုမြန်မာမှာတည်ဆောက်ဖို့ သဘောတူထားပြီး ၁၁၀ မဂ္ဂါဝပ်ကနေ ၃၃၀ မဂ္ဂါဝပ်အထိ တိုးချဲ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ နျူကလီးယားစွမ်းအင်မရှိသေးဘဲ၂၀၁၉ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား ၂၄.၃ တာရာဝပ်နာရီ ထုတ်လုပ်ခဲ့ပြီး၊ လက်ရှိမှာ လက်နက်ကိုင် အတိုက်အခံအဖွဲ့တွေက နိုင်ငံဧရိယာရဲ့ သုံးပုံတစ်ပုံနီးပါးကို ထိန်းချုပ်ထားတာမို့ နိုင်ငံအနှံ့ လုံခြုံရေးအခြေအနေ တည်ငြိမ်မှုမရှိတာကို ဆောင်းပါးက ထောက်ပြထားပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကိုတော့ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ အများဆုံး မြင်ရတဲ့နေရာအဖြစ် ဖော်ပြထားပါတယ်။Inter RAO၊ Gazprom International နဲ့ RosGeo လို ရုရှားကုမ္ပဏီတွေက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ LNG Terminal နဲ့ တုပဉ္စလက် (AI) အသုံးပြုဓာတ်ငွေ့ရှာဖွေရေး စီမံကိန်းတွေကို ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့်အများစုကတော့သဘောတူညီချက်အဆင့်မှာပဲ ရှိနေသေးတယ်လို့ဆိုပါတယ်။
Ben Aris က စီးပွားရေးအရ အရေးပါတဲ့ တိုးတက်မှုတစ်ခုရှိတယ်လို့တော့ ဝန်ခံထားပါတယ်။အဲဒါကရုရှားရူးဘယ်ငွေ (Ruble)နဲ့ ငွေပေးချေမှုစနစ် တိုးချဲ့လာတာပါ။ ပူတင်ရဲ့ အဆိုအရ နှစ်နိုင်ငံ အရောင်းအဝယ်ရဲ့ သုံးပုံနှစ်ပုံကို ရူးဘယ်နဲ့ ဆောင်ရွက်နေပြီဖြစ်ပြီး Mir ကတ်တွေကို မြန်မာဟိုတယ်နဲ့ စတိုးဆိုင်တချို့မှာ လက်ခံနေပြီလို့ ဆိုပါတယ်။ မြန်မာဗဟိုဘဏ်ကလည်း Sberbank နဲ့ ဆိုက်ဘာ လုံခြုံရေး၊Smile Payနဲ့ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ စာရေးသူကတော့ ဒါဟာကုန်သွယ်မှုတိုးလာတာထက် ပိတ်ဆို့မှုကိုရှောင်လွှဲနိုင်တဲ့နည်းလမ်းတစ်ခုအဖြစ်ပိုအရေးကြီးတယ်လို့သုံးသပ်ပါတယ်။
ကုန်သွယ်ရေးကိန်းဂဏန်းတွေကို ကြည့်ရင်လည်းနှစ်နိုင်ငံကြားကုန်သွယ်မှုဟာ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၇၄.၇၃ သန်းအထိ တိုးလာပေမယ့် အခြေခံပမာဏကအလွန်သေးငယ်နေဆဲ ဖြစ်ပါတယ်။မြန်မာကအဝတ်အထည်၊ ဖိနပ်၊သရက်သီးယို၊လူဆံပင် စတာတွေ တင်ပို့ပြီး ရုရှားကတော့ ရေနံထွက်ပစ္စည်း၊ ဓာတ်မြေသြဇာနဲ့ စက်မှုပစ္စည်းတွေ တင်ပို့နေပါတယ်။
ဒီခရီးစဉ်မှာ စစ်ရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်အသစ် မပါဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနဲ့ ရုရှားတို့ဟာ ငါးနှစ်သက်တမ်းရှိတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုးထားပြီးသားဖြစ်သလို၊ အသေးစိတ်အကြောင်းအရာ တွေကိုလည်း အများပြည်သူထံ ထုတ်ပြန်ထားတာ မရှိပါဘူး။ လက်ရှိမှာတော့ ရုရှားဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ၊ စစ်ဘက်သင်တန်းတွေ ပေးတာနဲ့ မြန်မာစစ်ဘက်အရာရှိအများအပြားကိုရုရှားတက္ကသိုလ်တွေမှာ ပညာသင်ဆု ပေးတာတွေကတော့ ဆက်လက်ရှိနေပါတယ်။
ပညာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍမှာရုရှားဘာသာစကားကို ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေအပြင် စစ်တက္ကသိုလ်မှာလည်း သင်ကြားပေးနေပါတယ်။လက်ရှိမှာတော့ မြန်မာကျောင်းသား ၄၀၀ နီးပါး ရုရှားတက္ကသိုလ်တွေမှာ ပညာသင်ကြားနေပြီး အခုအချိန်အထိ စုစုပေါင်း ၇,၀၀၀ ကျော် ရုရှားမှာ ပညာသင်ယူခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပူတင်ရဲ့ မိန့်ခွန်းမှာ စီးပွားရေးထက် သမိုင်းကြောင်းကို ပိုမိုအလေးထားခဲ့တာကိုလည်း Ben Aris က သတိထားမိပါတယ်။ ဆိုဗီယက်ခေတ်ကမြန်မာကိုကူညီခဲ့တာတွေကိုပြန်လည်ပြောဆိုခဲ့ပြီးမင်းအောင်လှိုင်ကိုအာဆီယံနဲ့ ရုရှားဆက်ဆံရေးတိုးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ စာရေးသူကတော့ ဒါဟာ ရုရှားအတွက် အာဆီယံထဲမှာ ဩဇာလွှမ်းမိုးနိုင်မယ့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံ လိုအပ်နေတာကို ပြသနေတယ်လို့ သုံးသပ်ပါတယ်။
ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွေမှာ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ရေးလို အကြောင်းအရာတွေ ပိုများနေပြီး အကြီးစားစီးပွားရေး စီမံကိန်းတွေကိုလက်တွေ့အကောင်အထည်ဖော်မယ့် လှုပ်ရှားမှုကတော့ နည်းပါးနေဆဲလို့ ဆောင်းပါးက မှတ်ချက်ပြုထားပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင် ဒီမော်စကိုခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေးကို အဆုံးအဖြတ်ပြောင်းလဲပေးမယ့် စီးပွားရေးအောင်မြင်မှုတစ်ခုထက် နိုင်ငံရေးအရ အပြန်အလှန်အားပေးတဲ့ သင်္ကေတတစ်ခုအဖြစ် ပိုထင်ရှားနေပါတယ်။ လက်မှတ်ထိုးခဲ့တဲ့စာချုပ်အများစုက အနာဂတ်ကတိကဝတ်တွေအဖြစ်သာ ရှိနေသေးပြီးလက်တွေ့အကောင်အထည်ဖော်မှုကတော့အချိန်ယူစောင့်ကြည့်ရဦးမယ့်အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။အဲဒါကြောင့် နိုင်ငံတကာမီဒီယာတချို့က ဒီခရီးစဉ်ကို “စာချုပ် ၁၀ ခု” ဆိုတဲ့ ကိန်းဂဏန်းထက်၊ အဲဒီစာချုပ်တွေ ဘယ်လောက်အထိ အကောင်အထည် ပေါ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းနဲ့ပဲ ပိုပြီး ရှုမြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ။
ကိုးကား – BNE IntelliNews


















































