ဩဂုတ်-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။
ရွှေကူမြို့အနီး ကျွန်းတော်ကျေးရွာကို ဩဂုတ် ၂၃ရက်မှာ စစ်တပ်က မြို့အတွင်းကနေ ပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလို့မြိုခံအချို့က ပြောပါတယ်။
သေဆုံးသူတွေမှာ ကလေးငယ် ၁ဦးပါဝင်တယ်လို့ ဒေသခံတွေကပြောပြီး အသေးစိတ်ကို မသိရသေးပါဘူး။

Public Service Announcement
” စစ်တပ်က မြို့ပတ်ချာလည်ကို လေယာဉ်နဲ့ ဗုံးကြဲနေတော့။ မနေ့ကရော ဒီနေ့ရော။ တိုက်ပွဲက မြို့နားပိုနီးနေပြီး အသံတွေပိုကျယ်လာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေကူမြို့အနီးမှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပြီး သြဂုတ် ၂၄ရက်က ရွှေကူမြို့အနီးဧရာဝတီမြစ်ဆိပ်ကမ်းမှာ စစ်တပ်ရဲ့စက်လှေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက FPV ဒရုန်းနဲ့ တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်စခန်းအချို့ကိုလည်း KIA ၊KPDF က သိမ်းယူခဲ့ပါတယ်။
ရွှေကူမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာနဲ့ စစ်တပ် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သား ၁၅ဦးခန့်ရှိလာပြီ ဖြစ်ပါတယ်။
ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲခဲ့လို့အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၂ရက်ကလည်း ပင်စင်ကုန်းရပ်ကွက်ကို စစ်တပ် ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦးထပ်မံ သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၂၆ရက်က ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ဦးအပါအဝင် အရပ်သား ၂ဦးသေဆုံးခဲ့ပါတယ်။ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်နေသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ထဲမှာတပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို KIA ၊KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးစားနေပြီး မြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်တပ်က မြို့ထဲကနေလက်နက်ကြီးတွေနဲ့ နေရောညပါပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေကူမြို့မှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဇွန်လ ၈ရက်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေ ထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ မန္တလေးမြို့ဂေါဝန်ဆိပ်က ထွက်လာတဲ့ စစ်သင်္ဘော ၂ စင်းအပါအဝင် သင်္ဘော ၁၅ စင်းဟာ ထီးချိုင့်မြို့ကိုကျော်ပြီး ကသာမြို့နယ်အတွင်းကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ကသာမြို့ကနေ ကျော်ရင် ရွှေကူမြို့နယ်ကို ဝင်ရောက်လာမှာဖြစ်ပါတယ်။ အဲဒီသင်္ဘောအုပ်စုကို တော်လှန်ရေးအင်အားစုတွေက ဧရာဝတီမြစ်ကြောင်းတလျှောက် တိုက်ခိုက်နေပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်ကင်းဝေးစေရေးအတွက် ရှောင်ရှားပေးကြဖို့ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


















































