ဩဂုတ်-၂၅၊၂၀၂၆။ဆဏ်း/People’s Spring
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့ကြေညာပါတယ်။
ဒီပွဲက နွေဦးတော်လှန်ရေးမှာ ကျဆုံးသူတွေရဲ့ မိသားစုတွေအပါအဝင် CDM မိသားစုတွေနဲ့ ပညာရေးရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ ပါဝင်ဖျော်ဖြေမှာပါ။
ဒီပွဲရဲ့ ပိုစတာမှာ နွေဦးတော်လှန်ရေး စတင်ခဲ့ချိန်ကနေ ဒီနှစ် ဇွန် ၁၆ အထိပြုစုထားတဲ့ ကျဆုံးသူ ၈၀၀၀ ကျော်ရဲ့ နာမည် ၊ အသက်တွေကိုရေးသားထားတယ်လို့ ပွဲစီစဉ်တဲ့ Maryland Music Concert က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

Public Service Announcement
“Theatre 21 Album ထဲက သီချင်းတွေ တခွေလုံးဆိုမှာပါ။ရိုက်ကူးရေးလုပ်ပါမယ်။ ဖုန်းနှင့်ရိုက်ခွင့်မပြုပါ။ ရှိုးပွဲပြီး မကြာခင်မှာ လက်မှတ်နှင့် Onlineပြသပါမယ်။ပြသပြီး မကြာခင် ခွေထုတ်ရောင်းပါမယ်။ သေတဲ့အထိ သိမ်းဆည်းရမယ့် ပစ္စည်းအချို့ပါပါမယ်။” လို့ ဒီဖျော်ဖြေပွဲ နဲ့ ပတ်သက်ပြီး လင်းလင်းက ရေးသားထားပါတယ်။
Theatre 21 ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ပွဲတွေ အွန်လိုင်း ပြသမှုတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးကို ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်မိသားစုတွေ ၊ ခပ်မာမာ ဖြတ်သန်းနေဆဲ CDM မိသားစုတွေနဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမယ်လို့ လင်းလင်းက တရားဝင်အသိပေးထားပါတယ်။
ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေနဲ့ CDM မိသားစုတွေအတွက် မြေပြင်က မိတ်ဆွေတွေရဲ့ အကူအညီနဲ့ စာရင်းပြုစုပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးမြေပြင်ထဲက ပညာတော်ပြီး ဘွဲ့ရတဲ့အထိဆက်လက်သင်ယူခါ နိုင်ငံအတွက် တာဝန်ပြန်ထမ်းမယ့် လူငယ်၃ ဦးကို နိုင်ငံခြားပညာတော်သင်လွှတ်မှာပါ။တိုင်းရင်းသားတဦး၊ ယောက်ျားလေးတဦး၊ မိန်းကလေးတဦးပါ။ ကျနော်ထိစပ်ယုံကြည်ရတဲ့ မြေပြင် ပညာရေးCDM လူကြီးသူမများက လူငယ် ၂၀၀ကျော်ထဲကနေ ရွေးချယ်ထားတာပါ။” လို့ ပညာရေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး လင်းလင်းက အသိပေးထားပါတယ်။
Theatre 21 က လင်းလင်းရဲ့ ခြောက်ခွေမြောက် တစ်ကိုယ်တော်ခွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်ကဖြန့်ချိခဲ့တာပါ။
ဒီအခွေထွက်တဲ့ အချိန်ကလည်းExclusive Package ရောင်းချရာမှာ ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေရေးထိုးထားတဲ့ ပဝါတွေထည့်ပေးခဲ့ပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေကို လင်းလင်းကိုယ်တိုင်လည်း သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေရေးသားထားတာပါ။
လင်းလင်း နဲ့ ချစ်သုဝေတို့က ၂၀၂၅ မှာ ရောင်နီ နာမည်နဲ့ အမေရိကန်နိုင်ငံ က မြို့ ၁၁ မြို့မှာ ဖျော်ဖြေပွဲတွေပြုလုပ်ပြီး အမေရိကန်ဒေါ်လာ ၇သိန်းခွဲကျော်ကို အရေးပေါ်သဘာဝဘေးနဲ့စစ်ရှောင်များ ၊ ကျန်းမာရေး ၊ ပညာရေး နဲ့ တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှု တွေအတွက်ပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း လင်းလင်းက သူ့ရဲ့ YouTube Members တွေနဲ့ Facebook Subscriptions Groupကရရှိတဲ့ ငွေတွေကို မြေပြင်ကCDM တွေအတွက် ပို့ဆောင်ပေးနေပါတယ်။


















































