ထိုင်းစစ်တပ်ရဲ့ ကြည်းတပ်ဟာ ဒရုန်းစစ်ဆင်ရေးတွေကို ကွပ်ကဲပေးမယ့် သီးခြား စစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့လည်း ကြည်းတပ်က အဆိုပြုထားပါတယ်။
ကာကွယ်ရေးဝန်ကြီး အဒူလ် ဘွန်သမ်ချာရွန်က ကြည်းတပ်ဌာနချုပ်ဆီ သွားရောက်ခဲ့တုန်းက အဲဒီ အစီရင်ခံ တင်ပြမှုတွေကို လက်ခံရရှိခဲ့တာဖြစ်ပြီး ဩဂုတ် ၂၄ ရက်နေ့မှာတော့ အများပြည်သူဆီ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ ဆင့်ကဲပြောင်းလဲနေတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖို့၊ စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အဲဒီလို အားဖြည့်မှုတွေ လိုအပ်ကြောင်း ကြည်းတပ် တာဝန်ရှိသူတွေက အစိုးရကို အဆိုပြုထားပါတယ်။
ကြည်းတပ်က တောင်းဆိုထားတဲ့ထဲမှာ ဒရုန်းစစ်ဆင်ရေး ကွပ်ကဲမှု သီးခြားဌာနတစ်ခု၊ ဘီးတပ် သံချပ်ကာယာဉ်တွေ၊ M777 ဟောင်ဝစ်ဇာ စက်အမြောက်တွေနဲ့ HIMARSလို့ခေါ်တဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့ ပါရှိခဲ့ပါတယ်။
ကြည်းတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီကတော့ ကြည်းတပ်ဟာ ဆင့်ကဲပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေကို မျက်ခြေမပြတ် ဆန်းစစ်နေရင်း စစ်လက်နက်တွေ၊ စနစ်တွေနဲ့ စံသတ်မှတ်ချက်တွေကို အဆင့်မြှင့် ပြောင်းလဲဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီးလည်း ထောက်လှမ်းရေး စွမ်းရည်ကို မွမ်းမံအားဖြည့်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။ ကြည်းတပ်ဟာ ဝေဟင်စစ်ဆင်ရေး စွမ်းရည်ကိုပါ ဖြည့်တင်းတည်ဆောက်ဖို့ ရည်ရွယ်ထားတာကြောင့် ဒရုန်း စစ်ဆင်ရေး ဌာနချုပ် တစ်ခု၊ ဒါမှမဟုတ် ဒရုန်းတွေကို အဓိက ကိုင်တွယ်တဲ့ တပ်ရင်းတစ်ခုကို အလိုရှိနေတာ ဖြစ်ပါတယ်။ အဲဒီ ယူနစ်ဟာ မြေပြင်တပ်ဖွဲ့တွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးနိုင်အောင် ဖွဲ့စည်းမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။
ထိုင်းကြည်းတပ်က နောက်ထပ် အလေးအနက် အလိုရှိနေတာကတော့ လက်နက်ကြီး ပစ်အားကို မြှင့်တင်ဖို့ဖြစ်ပြီး ဒါကြောင့်လည်း M777တွေနဲ့ HIMARSတွေကို ထပ်ဖြည့်ပေးဖို့ ကာကွယ်ရေး ဝန်ကြီးကို တောင်းဆိုထားတာပါ။
မနှစ်တုန်းက နယ်စပ်အငြင်းအခုံ ကိစ္စကို အကြောင်းပြုပြီး ကမ္ဘောဒီးယားနဲ့ စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့နောက် ထိုင်းဟာ စစ်ရေးအင်အား ချဲ့ထွင်မှုတွေကို ပိုမို အာရုံစိုက်လာပါတယ်။
ကြည်းတပ်စစ်ဌာနချုပ် အလည်အပတ် ခရီးစဉ်မှာတော့ ဝန်ကြီး အဒူလ်က လူထုနဲ့ ထိတွေ့ဆက်ဆံနိုင်စွမ်းကို မြှင့်တင်ဖို့၊ အထူးသဖြင့် လုံခြုံရေးနဲ့ ဆက်နွှယ်တဲ့ အရေးကိစ္စတွေ ပေါ်လာရင် တရားဝင် ထုတ်ပြန်ချက်တွေအပေါ် လူထုက ယုံကြည်အားကိုးမှုရှိအောင် ဆောင်ရွက်စေဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Khaosod


















































