သြဂုတ် – ၂၅ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောပါတယ်။
ဖာပွန်ခရိုင်ဟာKNU ရဲ့ အုပ်ချုပ်ရေးနဲ့စစ်ရေးနယ်မြေခွဲဝေသတ်မှတ်ချက်အရ မူတြော်ခရိုင်ဖြစ်ပြီးတပ်မဟာ (၅) နယ်မြေဖြစ်ပါတယ်။
ဖာပွန်မှာ လက်လွှတ်ထားရတဲ့တပ်ရင်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ဟာ လက်ရှိမှာကတိုင်တိမြို့အထက်ဖားလုံးရွာမှာရောက်ရှိနေတာရက်အတန် ကြာပြီဖြစ်ပေမယ့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement
“(စစ်တပ်စစ်ကြောင်းက)ဖားလုံးမှာရောက်တယ်၊ ရက်အတော်ကြာနေပြီ အဲဒီနေရာမှာပဲ တန့်နေတာ၊ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာပေါ့” လို့ ပဒိုစောထိုရော်ဘင်က ဆိုပါတယ်။
စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရရှိတာနဲ့ ထွက်ပြေးတာတွေရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေ ရှိနေတယ်လို့ ပဒိုစောထိုရော်ဘင်က အသိပေးပါတယ်။
ရှေ့ဆက်တိုးမရတာကြောင့်စစ်တပ်ဟာဖာပွန်ခရိုင်၊တပ်မဟာ (၅) နယ်မြေထဲလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီးသြဂုတ်လဆန်းပိုင်း ၅ ရက်နေ့က ထီးသဘလူးထကျေးရွာအုပ်စု ၊ ဘောသို့ထရွာထဲကို ဗုံးကြဲရာမှာ အမျိုး သမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအသက် ၅၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ဒါအပြင်နေအိမ် ၃၂ လုံးနဲ့ ဓမ္မာရုံနှစ်ဆောင်လည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ KHRG က အသိပေးထားပါတယ်။
စစ်တပ်ကတော့ ဖာပွန်မြို့နဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့ ၊ဖာပွန်-ကမမောင်းကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက်အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ရာမှာ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ခွဲထွက် DKBA အဖွဲ့တို့ကလည်းပါဝင်ကူညီပေးနေတယ်လို့ကရင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။


















































