Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ဘေးရေဘေးကြားက အညာတောင်သူတွေရဲ့သောက

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

ထွန်းညိုဦး/People’s Spring

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

သူ့ရဲ့ ကြမ်းတမ်းတဲ့ နေရောင်ဒဏ်သင့် လက်ချောင်းသွယ်သွယ်တွေဟာ ခြောက်သွေ့နေတဲ့ မြေပဲပင်တွေကြားထဲ နစ်ဝင်နေတယ်။ ရက်ပေါင်းများစွာ ချွေးဒီးဒီးကျအောင် စိုက်ပျိုးပြုစုခဲ့ရသမျှ ရေလှိုင်းနဲ့အတူ ပါသွားပြီးနောက် ကျန်ရစ်တဲ့ ရွှံ့ခြောက်၊ နုန်းခြောက်တွေကြားထဲကနေ မြေပဲတွေများ ရလေဦးမလားဆိုပြီး ရသလောက်လေး ပြန်ရွေးနှုတ်ဖို့ ကြိုးစားနေတာပါ။သို့ပေမဲ့ မရတော့ပါဘူး။ အမေအိုရဲ့ မြေပဲခင်း ပျက်စီးသွားခဲ့ပါပြီ။

“တစ်ရွာလုံး။ ကိုယ်မှမဟုတ်ပါဘူးတော်။ ဆီလည်းမစားရဘူး။ပျက်လို့စီးလို့ပါတော်။ ပုပ်လို့နံလို့ပါတော်။ စိတ်တွေလည်း ညစ်လှပါပြီတော်”လို့ အမေအိုက ပျက်စီးနေတဲ့ မြေပဲပင်တွေကို ကိုင်ရင်းငြီးရှာတယ်။

Public Service Announcement

Public Service Announcement

အမေအိုဟာ ဒီပဲယင်းနယ်ကပါ။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ သဖန်းဆိပ်ဆည်ကနေရေ​တွေလွှတ်လိုက်တာကြောင့် ဩဂုတ် ၆ ရက်ကနေ စပြီး မူးမြစ်ကမ်းတစ်လျှောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဒီပဲယင်း စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဘေးဒုက္ခကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ အမေအိုတို့ ဒီပဲယင်းနယ်လည်း အပါအဝင်ပေါ့။ အဲဒီရေကြီးရေလျှံမှုကြောင့် အမေအိုတို့စိုက်တဲ့ မြေပဲခင်းတွေရော စပါးခင်းတွေပါ ရေမြုပ် ပျက်စီးခဲ့ရပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ မိုးမြေပဲကို နှစ်စဉ် ဧက ၁၅,၀၀၀ကနေ ၃၀,၀၀၀ ဝန်းကျင် အထိ ရာသီဥတုနဲ့ မိုးရွာသွန်းမှုအပေါ် မူတည်၍ စိုက်ပျိုးလေ့ရှိတာကြောင့် ပျက်စီးဧကဟာ သောင်းဂဏန်းဝန်းကျင်ရှိနိုင်တယ်လို့ တောင်သူတွေဆီက သိရပါတယ်။

မြေပဲထက်တောင် ပိုပြီးဆုံးရှုံးမှုများတာက စပါးပါ။ နှစ်စဉ် မိုးစပါးဧကပေါင်း သုံးသိန်းခွဲကျော် စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းရဲ့ အဓိက စပါးကျီဖြစ်တဲ့ ရွှေဘိုခရိုင်မှာ ယခုရေဘေးကြောင့် စပါးစိုက်ဧက သိန်းချီ ထိခိုက်ပျက်စီးနိုင်ခြေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ရေဦးမြို့နယ်က အသက်ခြောက်ဆယ်နီးပါး တောင်သူကြီးတစ်ဦးကလည်း စိုက်ပြီးရက်ပိုင်းသာရှိသေးတဲ့ သူ့ရဲ့စပါးခင်း ၃ ဧကလုံး ရေစီးနဲ့အတူ မျောပါသွားရပုံကို ရင်ဖွင့်ခဲ့ပါတယ်။ တစ်ဧကကို ငွေကျပ်ငါးသိန်းဝန်းကျင် ရင်းနှီးထားရတဲ့ အဖိုးတန် ရွှေဘိုပေါ်ဆန်းစပါးခင်းတွေဟာ ရေစီးသန်သန်အောက်မှာ လုံးဝပျက်စီးသွားခဲ့ရတာပါ။

“”ကျနော့်အသက် ငါးဆယ်ကျော် ခြောက်ဆယ်နားနီးပြီ၊ တသက်နဲ့တကိုယ် ဒီလိုပျက်တာမျိုး မကြုံဖူးဘူး။ စိတ်ထဲတော့ ဘာမှဆက်မလုပ်ချင်တော့ဘူး”လို့ တောင်သူ ဦးထွန်း(အမည်လွှဲ)က လူထုနွေဦးကို ပြောပါတယ်။

​မြေပြင်မှာ စိုက်ပျိုးပြီး စပါးခင်းတွေသာမက ပျိုးခင်းသမားတွေပါ အမြစ်ပြုတ် ပျက်စီးခဲ့ရပါတယ်။ မြေပဲစိုက်ခင်းတွေမှာလည်း ရွှံ့နွံတွေ ဖုံးလွှမ်းသွားလို့ မျိုးစေ့တစ်စေ့မျှ မဆုံးရှုံးစေဖို့ ရေစက်တွေနဲ့သွင်းပြီး ဆေးကြောကာ ခက်ခက်ခဲခဲ ပြန်လည်နုတ်ယူနေရကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

“ရွာကမီးရှို့ထားလို့ တောထဲလာနေချိန် ရေဘေးသင့်တာ။ရေကျသွားတော့ မျိုးလေးမှ ရရဆိုပြီး ရေစက်မောင်းပြီးတော့မှ နူတ်ရတယ်။ ရွှံ့နှစ်နဲ့မို့ နူတ်မရလို့ ဥကမြေကြီးထဲကျန်နေလို့ ရေစက်မောင်းပြီးမှ နူတ်ရတယ်။ မြေပဲကိုနူတ် ရေပြန်ဆေးရတယ်”လို့ တန့်ဆည်နယ်က မြေပဲစိုက်တောင်သူတစ်ဦးက ပြောပြတယ်။

အချို့ဒေသခံတွေဆိုရင် ဝမ်းရေးအတွက် ရေနစ်မြုပ်ပြီး အညှောင့်ပေါက်နေတဲ့ စပါးတွေကို နေလှမ်းအခြောက်ခံကာ ဆန်ကြိတ်စားနိုင်ဖို့ ကြံဖန်သယ်ယူနေကြရတဲ့အခြေအနေကို ဆိုက်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးနယ်က တောင်သူကြီးကတော့ သက်နုစပါးတွေ ပြန်စိုက်ဖို့ ပြင်နေတယ်လို့ ပြောပြတယ်။ “စိတ်ထဲတော့ ဘာမှဆက်မလုပ်တော့ဘူးစိတ်ကူးတာ။ ရေမြုပ်သွားတာက ရွှေဘိုပေါ်ဆန်းတွေ။ အဲကောင်တွေက စျေးကောင်းတယ်။ အခုဟာက စျေးသိပ်မရှိဘူးလေ။ တစ်ဝက်လောက်ရှိမှာပေါ့။ နောက်ထပ် ရေကတော့ လာတော့မှလာရော့ပဲ။ ကိုယ်လုပ်မယ့်ဟာကတော့ လုပ်ရမှာပေါ့။ နွေတုန်းကလည်း မလုပ်လိုက်ရဘူးလေ”လို့ တောင်သူကြီးက ပြောတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ရေဘေးအတွက် ဖွဲ့စည်းထားတဲ့ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီကတော့ ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးတာဟာ စားနပ်ရိက္ခာထုတ်လုပ်မှုကို ခြိမ်းခြောက်လာမှာ ဖြစ်ကြောင်း၊ ဆန်းစစ်ချက် ကောက်ယူမှုတွေ၊ပြန်လည်ထူထောင်ရေးနဲ့ မျိုးစေ့တွေ ထောက်ပံ့ပေးမှု နှောင့်နှေးပါက တောင်သူတွေ သီးနှံရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်မယ့် အခြေအနေကို ထိခိုက်စေနိုင်ကြောင်း၊စိုက်ပျိုးရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်းနဲ့ လုပ်ငန်းစီမံချက် ရေးဆွဲခြင်းတို့ကို အမြန်ဆုံး ဆောင်ရွက်ဖို့ အရေးကြီးနေကြောင်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ကျေးရွာချင်းဆက်လမ်း တံတားတွေ အပျက်အစီးများခဲ့လို့ သယ်ယူပို့ဆောင်ရေးတွေမှာလည်း အခက်အခဲတွေရှိနေကြတယ်လို့ သိရတယ်။

“တောင်သူတွေ ရင်းနှီးစိုက်ပျိုးထားရတဲ့ စပါးခင်းတွေက တစ်နှစ်ဆုံးရှုံးရင် သုံးလေးနှစ်လောက်အထိ နာလန်ပြန်မထူနိုင်ကြဘူး”လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပြတယ်။

တောင်သူတွေအတွက် လိုအပ်တဲ့ မျိုးစေ့တွေ ကူညီဖို့ စီစဥ်နေပြီး ပါဝင်ကူညီပေးကြဖို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

လက်ရှိမှာတော့ လယ်ယာတွေ ပျက်စီးမှုကို ပြန်လည်ထူထောင်နိုင်ရေး ထည့်သွင်းစဉ်းစားပြီး လိုအပ်တဲ့ နေရာတွေမှာ မျိုးစေ့ ဖြန့်ဝေရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့စီစဉ်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီက အသိပေးပါတယ်။

ဒီပဲယင်းကတောင်သူအမေအိုကတော့ ပျက်စီးမြေပဲခင်းတွေကိုကြည့်ရင်း “ကျုပ်တို့လည်း ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိဘူး။ မျိုးကလည်းမတက်နိုင် ဝယ်စရာကလည်းမရှိ။ ဒုက္ခများ အကြီးအကျယ် ရောက်ပါတယ်တော်။ ဒီမယ် ဘာမှမရှိပါဘူးတော့”လို့ အော်ချလိုက်ပါတော့တယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။