အင်ဒိုနီးရှား လေတပ်ရဲ့ Su-30MK2 တိုက်လေယာဉ် တစ်စီးဟာ စမ်းသပ်မောင်းနှင်မှု အစီအစဉ် တစ်ခုမှာ ပြေးလမ်းကို ချော်ထွက်သွားခဲ့ပါတယ်။
တိုက်လေယာဉ်ကို အကြီးစား မွမ်းမံ ပြင်ဆင်မှုတွေအပြီး ပြေးလမ်းပေါ်မှာ အရှိန်နဲ့ မောင်းနှင်တဲ့ စမ်းသပ်မှုမှာ အခုလို ပြဿနာ ကြုံခဲ့ရတာပါ။ ရုရှားလုပ် တိုက်လေယာဉ်ဟာ တောင်ပိုင်း ဆူလာဝေဆီမှာရှိတဲ့ မက်ကာဆာမြို့ထဲက ဆူလ်တန် ဟာဆန်နျူဒင် နိုင်ငံတကာ လေဆိပ်နဲ့ လေတပ်စခန်းမှာ ပြေးလမ်းပေါ် အရှိန်မြှင့် မောင်းနှင်တဲ့ စမ်းသပ်မှုအတွင်း ဘရိတ်စနစ် ချွတ်ယွင်းခဲ့တာ ဖြစ်ပါတယ်။
ဘရိတ်သေချာ မမိတာကြောင့် လေယာဉ်ဟာ ဆင်းသက်ပြီးချိန်မှာ အရှိန်လျှော့လို့ မရဘဲ ပြေးလမ်းကနေ မီတာ ၃၀ လောက် အကွာထိ မြက်ခင်းပေါ်ကို ကျော်ထွက်သွားပြီးမှ ဆင်ခြေလျှော တစ်ခုမှာ ဦးစိုက်လျက်သား ထိုးရပ်သွားခဲ့ပါတယ်။
အခုဖြစ်စဉ်မှာ နှစ်ယောက်စီး လေယာဉ်ပေါ်က လေသူရဲတွေ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း လေတပ်က အတည်ပြုထားပါတယ်။ နောက်ပိုင်းမှာတော့ လေယာဉ်ကို ပြုပြင်ထိန်းသိမ်းရေး လေယာဉ်ရုံ တစ်ခုဆီ ပြန်လည် ဆွဲယူသွားခဲ့ရပါတယ်။

Public Service Announcement
အခုလေဆိပ်ဟာ စစ်ဘက်၊ အရပ်ဖက် ပူးတွဲအသုံးပြုနေတာ ဖြစ်တဲ့အတွက် လေယာဉ် လမ်းချော်မှုအပြီး အရပ်ဖက် လေကြောင်း ခရီးစဉ် တချို့ကို လမ်းကြောင်းပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ လေဆိပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ အရမ်းဆိုးဆိုးရွားရွား နှောင့်နှေး ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လေယာဉ်လမ်းချော်မှုမှာ အမြီးပိုင်းက မီးခိုးတချို့ အူထွက်ခဲ့ပေမယ့် လေယာဉ်တစ်စီးလုံးကို မီးလောင်တာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေမှာတော့ မီးသတ်ကား တစ်စီးက လေယာဉ်ပေါ် ရေတွေ ဖြန်းပက်နေပြီး လေယာဉ်နားမှာ လူတွေ စုစုဝေးဝေး ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
အင်ဒိုနီးရှားဟာ ရုရှားကုမ္ပဏီ Sukhoiက ထုတ်လုပ်တဲ့ အကြီးစား တိုက်လေယာဉ်တွေကို ၂၀၀၀ ပြည့်လွန်နှစ်တွေ ကတည်းက အသုံးပြုနေခဲ့ပြီး Su-30MK2 ၉ စီးနဲ့ ၁၁ စီးကြား ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပါတယ်။ မြန်မာစစ်တပ်ကတော့ Su-30တွေရဲ့ ပိုပြီး အဆင့်မြင့်တဲ့ မျိုးကွဲ Su-30SME ၆ စီး ပိုင်ဆိုင်ထားပါတယ်။
အင်ဒိုနီးရှား လေတပ်ဟာ နိုင်ငံရဲ့ လေကြောင်းစစ်ဆင်ရေး စွမ်းရည်ကို ချဲ့ထွင်ဖို့အတွက် ပြင်သစ်ရဲ့ Rafale တိုက်လေယာဉ်တွေကို ဝယ်ယူထားသလို တရုတ်ရဲ့ J-10C တိုက်လေယာဉ်တွေ ဝယ်ယူရေးကိုလည်း ဆွေးနွေး သဘောတူထားပါတယ်။
အစောပိုင်းက အင်ဒိုနီးရှားဟာ တောင်ကိုရီးယားရဲ့ တိုက်လေယာဉ်အသစ် KF-21 တည်ဆောက်မှု စီမံကိန်းမှာ မိတ်ဖက်အဖြစ် ပါဝင်ခဲ့ရာက နုတ်ထွက်ခဲ့ပေမယ့် အဲဒီ လေယာဉ်တွေကို တောင်ကိုရီးယားဆီက ဝယ်ယူဖို့တော့ ရည်ရွယ်ထားဆဲလို့ သိရပါတယ်။
ကိုးကား: Aviacionline


















































