ထွန်းညိုဦး/People’s Spring
ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ ဆိုက္ကားပေါ် ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ ဆိုက္ကားဆရာကို အမျိုးသားတစ်ယောက်ဟာ သူ့လက်မောင်းက အင်္ကျီကို မ တင်ရင်း “ဇရှိလား”လို့ သွားမေးတယ်။ ဆိုက္ကားဆရာက “သွားစမ်းပါကွာ ဆိုက္ကားဆွဲမကောင်းလို့ စိတ်ညစ်နေရတဲ့ကြားထဲ”လို့ ပြန်ပြောတယ်။ ဒါကို အဲဒီအမျိုးသားက “ဇရှိလား”လို့ ထပ်မေးတော့ ဆိုက္ကားဆရာက ဆိုက္ကားပေါ်ကဆင်းပြီး တုတ်ရှာဖို့ပြင်တယ်။ အဲဒီအခါကျမှ သွားစတဲ့ အမျိုးသားက “ဇ ရှိလို့ရှိရင် လက်မောင်းလေးလှဲချင်လို့ ဗွီဒီယိုရိုက်နေတာ”လို့ ပြောလိုက်တယ်။
အဲဒီ Prank ရိုက်တဲ့ အမျိုးသားပဲ နောက်ထပ်ဗွီဒီယိုတစ်ခု ရှိပါသေးတယ်။ ရေကန်ဘေးမှာ လက်တစ်ဖက်ထောက်ရင်း၊ ကန်ရေပြင်ကိုငေးရင်း ဆေးလိပ်သောက်နေတဲ့ အမျိုးသားတစ်ယောက်ဘေးနားကို သွားထိုင်တယ်။ ထိုင်ပြီး အေးနေမှာစိုးလို့ဆိုပြီး စောင်ခြုံပေးတော့ ဆေးလိပ်သောက်နေတဲ့အမျိုးသား ဒေါသထွက်သွားတယ်။ “လူက ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။ နေစမ်းပါကွာ”တဲ့။
ဗွီဒီယိုရိုက်နေတာပါလို့ ပြောတော့လည်း သူဟာပိုတောင်စိတ်ဆိုးသွားတယ်။ အစခံရတဲ့သူက video ရိုက်ထားတာကို စိတ်ဆိုးသွားတာတောင် Prank ရိုက်ကူးသူဟာ သူ့ Video ကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အစခံရသူ စိတ်ဆိုးဒေါသထွက်နေတာတောင် အွန်လိုင်းပေါ် ဗီဒီယိုတင်တာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးနဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပါတယ်။

Public Service Announcement
သူတစ်ယောက်တည်းတင်မကပါဘူး။ ရန်ကုန်မြို့မှာ Prank ရိုက်ကူးသူတွေဟာ စစ်တပ်အာဏာသိမ်းကာလထဲမှာပဲ ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးနေကြပါတယ်။ ဖုန်းမပါလို့ ဖုန်းလေးဆက်ပါရစေပြောပြီး ဖုန်းလုပြေးသလို Prank တွေ၊ ဖုန်းကိုရိုက်ခွဲတာတွေ စုံနေတာပါပဲ။ အဲဒီ Prank တွေဟာ အစခံရသူတွေကော တကယ်ပျော်ကြပါရဲ့လား။
Prank (ပရန့်ခ်)Video တွေဟာ လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို အပျော်သဘော ရယ်မောစေဖို့ ရည်ရွယ်ပြီး
လှည့်စားတာ၊ အံ့အားသင့်စေတာ သို့မဟုတ် စနောက်ကျီစယ်တာတွေကို ဗွီဒီယိုရိုက်ကူးထားကြတာပါ။
အစခံရတဲ့ ကာယကံရှင်ဟာ အံ့အားသင့်သွားတာသို့မဟုတ် တစ်ခုခု တုံ့ပြန်လာပြီဆိုရင် “ဒါဟာ prank လုပ်တာပါ (စနောက်တာပါ)”လို့ ပြန်လည်ရှင်းပြရပြီး အားလုံးအတူတကွ ရယ်မောစေတာပါ။ အစခံရသူပါ ရယ်မောရမှ prank လုပ်တာ အောင်မြင်တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် လူတန်းစားမျိုးစုံ အထူးသဖြင့် အခြေခံလူတန်းစားတွေဟာ အင်မတန်မှ ပင်ပန်းကြီးစွာ ရုန်းကန်နေကြရပါတယ်။ လက်ရှိ မြန်မာနိုင်ငံလို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရ ဘက်ပေါင်းစုံ အကျပ်အတည်းကြုံနေရချိန်မှာ ဆိုက္ကားဆရာအပါအဝင်အခြေခံလူတန်းစားတွေကို ဒေါသထွက်အောင် စနောက်တာ (Prank လုပ်တာ) ဟာ အပျော်သဘောထက် ကျော်လွန်ပြီး ကိုယ်ချင်းစာတရား ကင်းမဲ့ရာ ရောက်ပါတယ်။ အစခံရသူ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ မြင်ရတွေ့ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။
လက်လုပ်လက်စား အခြေခံလူတန်းစားတွေဟာ နေ့စဉ် မိသားစုစားဝတ်နေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့လုံခြုံရေး မရေရာမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု အလွန်မြင့်မားနေသူတွေပါ။ ကိုယ့်သားလေး ဆေးသုတ်လိုက်သွားတာ အချိန်မီမှ ပြန်ရောက်ပါ့မလား။ လမ်းများပေါ်တာဆွဲခံရမလား စိတ်ပူနေကြရသူတွေပါ။ အဲဒီလို အခြေအနေမှာ ဒေါသထွက်အောင် ပြုမူတာဟာ လူတစ်ဦးရဲ့ သည်းခံနိုင်စွမ်းကို မတရား အခွင့်ကောင်းယူရာ ရောက်နေပါတယ်။
နိုင်ငံတစ်ခုလုံး အကျပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခြားသူတွေရဲ့ စိတ်အနှောင့်အယှက်ဖြစ်မှု၊ ဒေါသနဲ့ကြောက်ရွံ့မှုတွေကို အသုံးချပြီး ဖျော်ဖြေရေးအဖြစ် အွန်လိုင်း လူကြည့်များစေဖို့ ဖန်တီးတာဟာ စာနာမှုကင်းမဲ့ရာ ရောက်ပါတယ်။
တကယ်လို့ အစခံရသူဟာ စိတ်ဖိစီးမှု လွန်ကဲနေချိန်မှာ ရုတ်တရက် ဒေါသထွက်သွားမယ်ဆိုရင်၊ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားတာ၊ ထိခိုက်ဒဏ်ရာရစေတာတွေ ဖြစ်ပွားခဲ့မယ်ဆိုရင် အစခံရသူအတွက် အင်မတန်ထိခိုက်နစ်နာသွားမှာပါ။ ဗွီဒီယိုထဲမှာဆိုရင် ဆိုက္ကားဆရာဟာ တုတ်တောင်ကောက်ကိုင်ပြီးပါပြီ။
အမှန်တကယ်တော့ ခုလို စစ်တပ်အာဏာသိမ်းထားတဲ့ ကာလဆိုးကြီးထဲဲမှာ၊ အားလုံးက မွန်းကျပ်နေကြရတဲ့အချိန်မှာ ကျွန်တော်တို့ လိုအပ်နေတာဟာ တစ်ယောက်ရဲ့ဒုက္ခကို တစ်ယောက်က လှောင်ပြောင်ပြီး ရယ်မောတဲ့ အပေါ်ယံပျော်ရွှင်မှုမျိုး မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ မျက်ရည်၊ ဒေါသနဲ့ စိတ်ဖိစီးမှုတွေကို အသုံးချပြီး ဖန်တီးယူရတဲ့ ‘Content’ တွေဟာ အနုပညာလည်း မဟုတ်သလို ဖျော်ဖြေရေးလည်း မမည်ပါဘူး။ အထူးသဖြင့် တစ်နေ့တာ ရပ်တည်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဂုဏ်သိက္ခာကို လေးစားဖို့နဲ့ တစ်ဦးအပေါ်တစ်ဦး အနည်းဆုံး စာနာနားလည်မှု ပေးနိုင်ဖို့ကသာ အခုအချိန်မှာ အလိုအပ်ဆုံး လူသားဆန်မှု ဖြစ်ပါတယ်။


















































