Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ ထင်ရှားတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

Evergrande Groupဟာ တစ်ချိန်တုန်းက တရုတ် အိမ်ခြံမြေ လုပ်ငန်းရဲ့ မျက်နှာစာလို့ တင်စားရလောက်အောင် ကြီးမားတဲ့ လုပ်ငန်းစုကြီး ဖြစ်ခဲ့ပါတယ်။ တရုတ်မှာ ဆယ်စုနှစ်တွေနဲ့ချီ အိမ်ခြံမြေ စျေးကွက် အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ကာလတွေမှာ အဲဒီ ကုမ္ပဏီဟာ အကြီးအကျယ် အောင်မြင်လာခဲ့ပါတယ်။

ဒါပေမဲ့ အလွန်အကျွံ ငွေချေးယူမှုတွေကို အစိုးရက ကန့်သတ်လိုက်တဲ့ အချိန်မှာတော့ Evergrande Groupအတွက် ချေးငွေ ရရှိဖို့ ခက်ခဲသွားပြီး လုပ်ငန်းလည်ပတ်မှုတွေမှာ ရုန်းကန်လာရပါတယ်။ ၂၀၂၁ မှာတော့ ကုမ္ပဏီဟာ အကြွေးတွေ ပြန်မဆပ်နိုင်တော့ပါဘူးလို့ ကြေညာခဲ့ရပြီး အမှုအခင်းတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဩဂုတ် ၂၀ တရားခွင်မှာတော့ တရုတ်နိုင်ငံ တောင်ပိုင်းက တရားရုံးတစ်ခုက Evergrande Groupနဲ့ လက်အောက်ခံ အိမ်ခြံမြေ လုပ်ငန်းကို ယွမ် ၁၅.၈၂ ဘီလီယံ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။ အဲဒီပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံလောက်နဲ့ ညီမျှပါတယ်။

Public Service Announcement

Public Service Announcement

ကွမ်တုံပြည်နယ်ရဲ့ ရှန်ဇန်း အလတ်တန်း ပြည်သူ့တရားရုံးဟာ Evergrande Group ထူထောင်သူ ရှုကျိယင် (ခေါ်) ဟွေခယန်ကိုလည်း ဘဏ္ဍာရေးဆိုင်ရာ အကြီးစား လိမ်လည်မှု အပါအဝင် စွဲချက်တွေနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

များပြားတဲ့ ပြစ်မှုတွေအတွက် ရှုကို ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်ခဲ့ကြောင်း၊ သူဟာ ထောင်ဒဏ်တစ်သက် စီရင်ချက် ချမှတ်ခံရတဲ့အပြင် နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေး အားလုံးကိုလည်း တစ်သက်စာ ရုပ်သိမ်းခံလိုက်ရကြောင်း၊ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူလိုက်ကြောင်း တရားရုံးရဲ့ WeChat စာမျက်နှာမှာ ရေးသား ကြေညာခဲ့ပါတယ်။

ရှုနဲ့ သူ့ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်မှာ အကြွေးပြန်ဆပ်ရမယ့် ဝတ္တရားတွေကို ဖုံးကွယ် ပျက်ကွက်ပြီး ပိုင်ဆိုင်မှုတွေကို ဖောင်းပွအောင် ကြံစည်ခဲ့တာ၊ အကြီးစား ဘဏ္ဍာရေး လိမ်လည်မှုတွေနဲ့ တခြားနည်းလမ်းတွေကို အသုံးပြုပြီး နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာတွေ ကျူးလွန်ခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။

တရားရုံး ထုတ်ပြန်ချက်ထဲမှာတော့ ရှုဟာ လာဘ်ပေးလာဘ်ယူနဲ့ အဂတိမှုတွေကနေတဆင့် ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ထိန်းချုပ်ခဲ့တယ်လို့ ပါရှိပေမယ့် ဘယ်အဖွဲ့အစည်းတွေလဲ ဆိုတာကိုတော့ နာမည်တပ် ဖော်ပြမထားခဲ့ပါဘူး။ ရှုဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ အလွဲသုံးစားမှု စွပ်စွဲချက်တွေကိုလည်း အပြစ်ရှိတယ်လို့ ဝန်ခံကြောင်း ဧပြီလတုန်းက တရားရုံးက ကြေညာခဲ့ဖူးပါတယ်။

တစ်ချိန်က တရုတ်ရဲ့ အချမ်းသာဆုံး ဘီလီယံနာတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် ရှုအတွက်တော့ အခု စီရင်ချက်ဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။ သူဟာ တစ်ချိန်က အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ အမြင့်ဆုံးအဆင့် နိုင်ငံရေး အကြံပေးတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

တရုတ်လူမှုကွန်ရက် မီဒီယာတွေမှာတော့ ရှုရဲ့ ခေတ်ကောင်းခဲ့ချိန်တုန်းက အနက်ရောင် ဆံပင်နဲ့ သူဌေးကြီးဟာ တန်ဖိုးကြီး ရွှေရောင် Hermes ခါးပတ်ကို ပတ်ထားပြီး ပြုံးရွှင်နေတဲ့ ဓာတ်ပုံကို တရားခွင်မှာ ဆံပင်တွေဖြူပြီး ရဲနှစ်ဦးကြား ရှုတည်တည် ရပ်နေတဲ့ ဓာတ်ပုံကို ယှဉ်ပြထားတဲ့ ပို့စ်က လူအများရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ ဆံပင်ဖြူနဲ့ ဓာတ်ပုံဟာ ဩဂုတ် ၂၀ မှာ တရားရုံးက ထုတ်ပြန်ထားခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Evergrandeနဲ့အတူ Coutry Garden၊ Vankeစတဲ့ တခြား အိမ်ခြံမြေ လုပ်ငန်းကြီးတွေဟာလည်း တရုတ်မှာ အကြီးအကျယ် ရုန်းကန်နေရပါတယ်။ တရုတ်ရဲ့ အိမ်အသစ် စျေးတွေဟာ သုံးနှစ်ဆက်တိုက် ဆက်လက် ကျဆင်းနေပြီး ကုမ္ပဏီတွေ အထိနာနေကြတာပါ။

ရှန်ဇန်း တရားရုံးဟာ Evergrande Groupရဲ့ အကြီးတန်း အမှုဆောင် ၅ ဦးကိုလည်း လိမ်လည်မှုနဲ့ တခြားစွပ်စွဲချက်တွေအတွက် ဩဂုတ် ၂၀ မှာ ၆ နှစ်ကနေ ၁၈ နှစ်ထိ ထောင်ဒဏ်တွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Evergrande Group အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ထောင်ဒဏ် ချမှတ်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၅၆ ဦးထိ ရှိလာပြီး အဲဒီထဲမှာ ရှုရဲ့ သားနှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသ​​​တေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ နှစ်ဖက် လေယာဉ်တွေချင်း ငြိခဲ့ကြတဲ့ ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ်ကို ဂျပန်အတွက် အရေးပါတဲ့ အိမ်နီးချင်းအဖြစ် မှတ်ယူထားကြောင်း ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။ သူက အရှေ့အာရှ အင်အားကြီး ပြိုင်ဘက် နှစ်နိုင်ငံကြားမှာ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ဆိုပါတယ်။

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

Facebook