▪︎ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat မေးမြန်းခန်း (အပိုင်း-၂)
မေလ ၄ ရက်နေ့မှာ The Diplomat သတင်းဌာနက အာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီးအပိုင်းနှစ်ခုခွဲခြားဖော်ပြလိုက်ပါတယ်။
မေး-အခုခင်ဗျားတို့နဲ့ အိမ်နီးချင်း နိုင်ငံတွေကြားက ဆက်ဆံရေးအကြောင်း ပြောကြရအောင်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အစိုးရသစ်ကို ခင်ဗျားက ဂုဏ်ပြုကြောင်း ပြောထားတယ်နော်။ အများစု လက်ခံ ယူဆထားတာက BNPဦးဆောင်တဲ့အစိုးရဟာတစ်ဖက်စောင်းနင်း ရပ်တည်မှုမျိုးကို ရှောင်ပြီး ရခိုင်ပြည်နယ်ကိစ္စမှာ နှစ်ဖက်ဆက်ဆံတဲ့ မူဝါဒမျိုး ကျင့်သုံးနိုင်တယ် ဆိုတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ AAကို ဖိအားပေးရင်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးတပ် (RSO)တို့လိုရိုဟင်ဂျာ အဖွဲ့အစည်းတွေကို လက်နက် တပ်ဆင်တာမျိုးတွေ ရှိလာနိုင်တယ် ဆိုတာမျိုးပေါ့။ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ဆီက ဘာတွေကိုများမျှော်လင့်ထားပါသလဲ။

Public Service Announcement
ဖြေ-ကျွန်တော်တို့ မျှော်လင့်တာကတော့ အကျိုးဖြစ်ထွန်းမှုရှိတဲ့ အခြေအနေတစ်ခု ပေါ်ထွန်းလာအောင် ဘင်္ဂလားဒေ့ရှ်နဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ဒေသတွင်း အင်အားစု အသီးသီးကို မှားယွင်းတဲ့ စွပ်စွဲပြောဆိုမှုတွေ လုပ်မယ့်အစား လုပ်ပိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြုမှုမျိုးပြသရမှာပါ။ရခိုင် ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ဖြစ်တည်မှုကိုအသိအမှတ် မပြုဘဲနဲ့တော့ အကျိုးဖြစ်ထွန်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့ ဆိုတာက ခက်ခဲမှာပါ။ နောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့လည်း အကျိုးဖြစ်ထွန်းမှုရှိတဲ့ ပတ်ဝန်းကျင် တစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုပါတယ်။
ကျွန်တော်တို့ရဲ့အလေးအထားဆုံးဦးစားပေး ကိစ္စကတော့ ပြည်သူလူထု ကြုံတွေ့နေတဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ဒါပေမဲ့စစ်သွေးကြွ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေက ပိုပြီးများပြားတဲ့ပြဿနာတွေကိုပဲဖန်တီးပါလိမ့်မယ်။ကျွန်တော်တို့ကတော့ ဖြစ်လာနိုင်သမျှ အခြေအနေ အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါတယ်။
မေး-မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့ပေးနေပါတယ်။ အခုအခါမှာ စစ်တပ်ဟာ ပိုပြီး ရန်လိုလာနိုင်ခြေလည်း ရှိနေတယ်။ RSOနဲ့ ARSAတို့ဟာ မောင်တောမြို့နယ်နဲ့ အရမ်းနီးကပ်တဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ စခန်းချထားတယ်။AA တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်မျက်နှာနှစ်ခုတပြိုင်တည်းကြုံလာနိုင်ခြေကိုတော့ မေ့ထားလို့ မရဘူး မဟုတ်လား။
ဖြေ-အဲဒီအခြေအနေ ဖြစ်မသွားအောင်တော့ ကျွန်တော်တို့ အစွမ်းရှိသမျှလုပ်မှာပါ။ကျွန်တော်တို့အတွက်ကောင်းနိုင်စရာလည်းမရှိဘူးလေ။ဘင်္ဂလားဒေ့ရှ် အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။
မေး-ခင်ဗျားအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်စချင်နေမယ် ထင်တယ်။
ဖြေ-ဟုတ်ပါတယ်။နယ်စပ်မျဉ်းရဲ့နှစ်ဖက်စလုံးမှာ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ စောင့်နေတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလူဦးရေအရမ်းထူထပ်တဲ့ နိုင်ငံပါ။နယ်စပ်တလျှောက်မှာလူ့အဖွဲ့အစည်းတွေ အများကြီးက လူဦးရေ အများအပြားနဲ့ နေထိုင်နေကြပါတယ်။ သူတို့ထဲမှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုထားရတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေလည်း ပါဝင်ပါတယ်။လက်တွေ့အရှိတရားတွေကို လက်ခံပေးမယ်ဆိုရင်ဒီကိစ္စတွေကမျက်နှာပျက်စရာ မရှိဘဲ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ကိစ္စတွေ အဆင်ပြေပြေ ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ ဖက်ကလည်း လိုက်လျောညီထွေစွာ တုံ့ပြန်ပါမယ်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကို ကျွန်တော်တို့က ပြန်ခွင့်ပြုပေးပြီးသူတို့ရဲ့စည်းကမ်းကြပ်မတ် ပေးသွားပါ့မယ်။
မေး-ဘင်္ဂလားဒေ့ရှ်မှာလူသားချင်းစာနာမှုစင်္ကြံဖန်တီးမယ်ဆိုတဲ့ကိစ္စကဘယ်လိုလဲ။အမေရိကန်ကရောတကယ်ပဲပါဝင်ပတ်သက်ဖို့စိတ်ဝင်စားရဲ့လား။
ဖြေ-ကျွန်တော်ကတော့ အမေရိကန်က တကယ်တမ်း စိတ်ဝင်စားနေတယ်လို့ မထင်ပါဘူး။ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း (NGO)တွေနဲ့ တချို့ လူပုဂ္ဂိုလ်တွေ၊ ပြီးတော့တခြား (အမေရိကန် မဟုတ်တဲ့) အင်အားစုတွေကသာဒီပရောဂျက်ကိုစိတ်ဝင်စားတာမျိုးဖြစ်ကောင်းဖြစ်မှာပါ။အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီးမီဒီယာတွေမှာအရမ်းမျှော်လင့်တကြီးဖော်ပြတာမျိုးတွေရှိနေပါတယ်။ဒါပေမဲ့ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတာကြောင့် ဒီကိစ္စက လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်ပွဲဇုန်ထဲ အတင်းထိုးထည့်တာက လူမဆန်တာပဲလေ။ စစ်ပွဲတွေ ပြီးဆုံးသွားရင်တောင် ဒုက္ခသည်တွေ ပြန်လာနိုင်အောင် သင့်တော်ကောင်းမွန်တဲ့ အနေအထားမျိုး ရှိနေဖို့ လိုပါတယ်။
မေး-ပါကစ္စတန်နဲ့ တူရကီတို့ကရော ဘာကြောင့်များ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံနေတာ ဖြစ်မလဲ။
ဖြေ-ဒါကတော့ စိုးရိမ်စရာ၊ပြီးတော့စိတ်ပျက်စရာ အခြေအနေ တစ်ခုပါပဲ။ ဘင်္ဂလားဒေ့ရှ် အတွက်ရော၊ ကျွန်တော်တို့ အတွက်ပါ အကျိုးမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ BNP အစိုးရ အနေနဲ့ မှန်ကန်တဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကို စတင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတလေမှာ မူဝါဒတွေက မှန်ကန်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်ချိန်မှာ လမ်းလွဲသွားတတ်ပါတယ်။
မေး-အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် ပါကစ္စတန်ကရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချလာမယ်လို့ ခင်ဗျား ထင်သလား။
ဖြေ-ဒုက္ခသည်တွေကိုအမြတ်ထုတ်တဲ့ကိစ္စတွေ ရှိလာနိုင်ပါတယ်။ဒါကြောင့်သူတို့ရဲ့အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အိန္ဒိယနဲ့ တူညီတဲ့ အလေးအနက် စိုးရိမ်မှုတွေက ကျွန်တော်တို့ဆီမှာလည်း ရှိပါတယ်။ဒေသတစ်ခုထဲက စစ်သွေးကြွ သဘောထားမျိုးတွေဟာ ပျံ့နှံ့ကူးစက်သွားပြီး ဒေသရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ကတော့ အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။
မေး-အိန္ဒိယအစိုးရဆီကနေခင်ဗျားဘာတွေ မျှော်လင့်ထားသလဲ။
ဖြေ-အိန္ဒိယဟာ ဒေသတွင်းမှာ အရမ်းကို အရေးကြီးတဲ့ ပလေယာမျိုးပါ။ အိန္ဒိယနိုင်ငံ ပိုမိုတိုးတက် အောင်မြင်လာဖို့ကို ကျွန်တော်တို့ တကယ်ပဲ လိုလားပါတယ်။ ပြီးတော့ အိန္ဒိယနဲ့ ပိုပြီးတော့လည်း ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းမှာလည်း ကျွန်တော်တို့က အိန္ဒိယကို အကူအညီပေးဖို့ အသင့်ပါပဲ။
မေး-စစ်ပွဲရပ်စေဖို့ တရုတ်ဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို AAက ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို တုံ့ပြန်ခဲ့သလဲ။
ဖြေ-ဖိအားပေးတယ် ဆိုတာမျိုးထက် တရုတ်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တည်ငြိမ်နေစေချင်တဲ့ သဘောပါ။ တချို့သူတွေကတော့ ဒါကို ဖိအားလို့ သုံးနှုန်းတာဖြစ်နိုင်ပါတယ်။တရုတ်အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်မှာပါ။ ဒါကတော့ နိုင်ငံတိုင်း အတူတူပါပဲ။
မေး-AAက လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြောကြရအောင်။ ပြီးတော့ AAက အတင်းအကျပ် တပ်သားသစ် စုဆောင်းနေတယ် ဆိုတာမျိုး ရိုဟင်ဂျာ၊ ခူမီးနဲ့ ချင်းမျိုးနွယ်စုတွေဆီကနေမကြာခဏထွက်ပေါ်လာလေ့ ရှိပါတယ်။ ခင်ဗျားက ဒါကို ဘာများပြောချင်သလဲ။
ဖြေ-တချို့သူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်လို သုံးနေကြပါတယ်။ စွပ်စွဲချက်တွေရဲ့ အရင်းအမြစ်ကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် တချို့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေဆီကနေ အဲဒီလို စွပ်စွဲမှုတွေ ထွက်ပေါ်လာတယ်ဆိုတာခင်ဗျား တွေ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ သူတို့အတွက် အကျိုးရှိနေစေတာကိုး။ ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ဆိုတာက ချင်းလူ့အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ချင်းပြည်နယ်ထဲမှာ နေထိုင်တဲ့ ချင်းပြည်သူ အများအပြားနဲ့ ကျွန်တော်တို့ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်တို့ချင်း အပြန်အလှန် ရိုင်းပင်းကြသလို ရှေ့ဆက်ပြီးလည်း မွတ်ဆလင် (ရိုဟင်ဂျာ) အစုအဖွဲ့တွေနဲ့ပါ ပိုပြီးကောင်းကောင်းမွန်မွန်ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ကျွန်တော်တို့က ယုံကြည်မှု တည်ဆောက်နေတာပါ။ ဒါက အချိန်ယူရတဲ့ ကိစ္စမျိုးပါ။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကို အကြောင်းပြုပြီး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။ အတင်းအကျပ် တပ်သားသစ် စုဆောင်းတယ်ဆိုတဲ့ ကိစ္စအကြောင်း ပြောပါမယ်။ ရခိုင်ဟာ စစ်ဖြစ်နေတဲ့ ဒေသပါ။ အရေးပေါ် အစီအမံတွေ ကျင့်သုံးတာမျိုး လိုပါတယ်။ တပ်သားသစ် စုဆောင်းတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်း သတိထားပါတယ်။ ပြီးတော့ တာဝန်တွေ၊ လိုက်နာရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့လည်း လူသစ်အားလုံးကို ကျွန်တော်တို့ ရှင်းပြပါတယ်။
မေး-မူးယစ်ဆေးဝါး မှောင်ခိုကိစ္စမှာ AAက ပတ်သက်ဆက်နွှယ်မှု မရှိပါဘူးလို့ ခင်ဗျားက ဖြေရှင်းထားတယ်နော်။ဒါပေမဲ့ရခိုင်ပြည်နယ်မှာ ကျွန်တော် ရှိနေချိန် စုဆောင်းယူထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ပြည်မဖက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်နေတဲ့ အန္တရာယ်မျိုးက ဒီမှာရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကတင်မောင်းတောဒေသခံတစ်ဦးဟာ အိန္ဒိယရဲ့ မီဇိုရမ် ပြည်နယ်ထဲမှာ မူးယစ်ဆေး ပမာဏ အများအပြားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ရခိုင်ပြည်နယ်အတွက် စိန်ခေါ်မှုကြီး ဖြစ်လာမယ်လို့ ခင်ဗျား မထင်ဘူးလား။
ဖြေ-ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ စစ်တပ် အုပ်စိုးတဲ့ ကာလနဲ့ ယှဉ်ရင်တော့ အခုအခါ ရခိုင်ပြည်နယ်ထဲကမူးယစ်ဆေးဝါး ပြဿနာဟာ အများကြီးလျော့ပါးသွားပါပြီ။ပြည်မနဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းအများစုကလည်း ပိတ်နေပါတယ်။ လမ်းတလျှောက်မှာလည်း စစ်ဆေးရေး ဂိတ်တွေက အများကြီးပါ။
မြန်မာနိုင်ငံမှာ မူးယစ်ဆေး ထုတ်လုပ်မှုတွေဟာ စက်မှုလုပ်ငန်းအဆင့်မျိုးထိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ လတုန်းကဆိုရင် ရှမ်းပြည်နယ်ထဲမှာ ကြုံဖူးသမျှ ပမာဏ အများဆုံးမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး စက်ရုံ ဝန်းကြီးတစ်ခုလုံးကို ဖော်ထုတ်သိမ်းယူခံခဲ့ရပါတယ်။ တကယ်တော့ ဒီလို စက်ရုံကြီးမျိုး လည်ပတ်နေတယ်ဆိုတာ သူတို့တွေ အစောကြီးကတည်းက သိထားပြီးသားပါ။
မူးယစ်ဆေးဝါး ပြဿနာကို ရခိုင်ပြည်နယ်ထဲမှာ အမြစ်ပြတ် ရှင်းလင်းထားပြီးပြီလို့တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဆေးစွဲသူတွေ၊ မူးယစ်ဆေး မှောင်ခိုသမားတွေရှိနေတုန်းပါ။အစုန်အဆန် သွားလာနေတဲ့ ငါးဖမ်းလှေတွေပေါ်မှာ ဘာတွေ တင်လာသလဲ ဆိုတာကို ကျွန်တော်တို့ အကုန်အစင် မသိနိုင်ပါဘူး။ ရန်ကုန်ကနေပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကော့စ်ဘဇားနဲ့ စစ်တကောင်းတို့ဆီ ခုတ်မောင်းသွားလာနေတဲ့ သင်္ဘောတွေလည်း ရှိနေပါတယ်။ ပြဿနာကို အမြစ်ကနေ နုတ်ပစ်ဖို့ ဆိုတာကတော့ အချိန်ယူရမှာပါ။
မေး-ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျွန်တော် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် သွားရောက်ခဲ့ပြီး တချို့ ဒေသခံတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာ မဟုတ်တဲ့ ကျေးရွာတွေအပြင် ရိုဟင်ဂျာရွာ တချို့ပါ ARSAရဲ့ ရန်ကိုအချိန်ပြည့် စိုးရိမ် ထိတ်လန့်နေပါတယ်။ ခင်ဗျားရဲ့ အစိုးရဟာ အဲဒီဒေသတွေမှာ အပြည့်အဝ မစိုးမိုးနိုင်သေးဘူး။ဒီတော့အဲဒီနေရာတွေနဲ့ပတ်သက်ပြီးဘယ်လိုစီစဉ်ထားသလဲ။
ဖြေ-ဒီကိစ္စက ထင်သလောက် မလွယ်ပါဘူး။ အခုတော့ ကျွန်တော်တို့ဟာ ဝေးလံသီခေါင်တဲ့ ကျေးလက် ဒေသတွေ၊ အထူးသဖြင့် မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အကူအညီတွေ ပေးထားပါတယ်။ သူတို့ထဲက တချို့ဟာ ARSAနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ကျွန်တော်တို့ ကြားနေရတယ်။ ထိတွေ့ တိုက်ပွဲတွေကြောင့် သေကြေပျက်စီးမှုတွေ များပြားခဲ့ပြီး ဒါကလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ မောင်တောဒေသက လွတ်မြောက်နယ်မြေ ဖြစ်မလာခင်မှာ စစ်တပ်နဲ့ မူးယစ်ရာဇာ ဒီလ်မိုဟာမက်တို့ဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေမှာအရမ်း အင်တိုက်အားတိုက် ပါဝင်ပတ်သက်ခဲ့ပါတယ်။ အခုတော့ ဒေသခံ လူထုအတွက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး အစီအမံတွေ ထောက်ပံ့နိုင်အောင် အဲဒီဒေသကို ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။
မေး-ဆရာဝန်တွေ နည်းပါးတာ၊ ဆေးဝါးပြတ်လပ်တာတွေက ဆိုးဆိုးရွားရွား ဖြစ်နေပြီး ပြည်တွင်းက စစ်ရှောင်တွေရဲ့ အခြေအနေက အရမ်း အကျပ်ရိုက်နေ …
ဖြေ-ဒီကိစ္စတွေကိုလည်း ကျွန်တော်တို့ ကိုင်တွယ်နေပြီး ကျန်းမာရေးနဲ့ တခြားဝန်ဆောင်မှု ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ထဲမှာ ဆေးဖက်ဆိုင်ရာ ကိရိယာ ပစ္စည်းတွေ ပိုမို ဝယ်ယူနိုင်ဖို့၊ ဒေသတွင်းကို ဆေးဝါးတွေ ပုံမှန် ဝင်ရောက်နေစေဖို့၊ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပိုပြီး စည်းရုံး ခန့်အပ်နိုင်ဖို့တွေ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆေးကောလိပ်တစ်ခုနဲ့ သူနာပြု သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီး အဲဒီ အစီအစဉ်တွေ အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ဒီနှစ်ထဲမှာသူနာပြု ၁၂၀ လောက် လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ လောလောဆယ် ကျွန်တော်တို့ဆီမှာ ဆရာဝန် ၅၀၊ ၆၀ လောက် ရှိနေပြီး နောက်ထပ်လည်း လာရောက်ပူးပေါင်းကြမယ်လို့ ခန့်မှန်းထားပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ နောက်ခံ အခြေအနေတွေနဲ့ တိုင်းရင်းသား မျိုးနွယ် ကွဲပြားမှုတွေအကြောင်း ကျွန်တော်တို့ ဘာမှ တွေးတောနေမှာ မဟုတ်ပါဘူး။ အိန္ဒိယ ဆရာဝန်တွေ အပါအဝင် ကျွန်တော်တို့နဲ့ လက်တွဲချင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့က ကြိုဆိုမှာပါ။
မေး-ရှေ့လာမယ့် လတွေမှာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ ဘာတွေ မျှော်မှန်းထားသလဲ။
ဖြေ-AAရဲ့ မျှော်မှန်းချက်တွေ သက်သက်နဲ့တင် နွေဦးတော်လှန်ရေးရဲ့ ရလဒ်အကြောင်း သုံးသပ်ဖို့ဆိုတာ မလုံလောက်နိုင်ပါဘူး။ ဗမာတွေ အများစု နေထိုင်တဲ့ ပြည်မဒေသက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်းအပြောင်းအလဲတွေစတဲ့ တခြားသော ညွှန်ကိန်းတွေကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ သူတို့ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က အပြည့်အဝ လေးစားမှု ရှိပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ဖော်ရွေတဲ့ ဆက်ဆံရေး ရှိနေပြီးစိတ်တူသဘောတူအဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့ကူညီနေပါတယ်။
မေး-နောက်ထပ် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေမယ်လို့ ထင်သလဲ။
ဖြေ-လူထုရဲ့ထိခိုက်နာကျင်မှုတွေအမြန်ဆုံး အဆုံးသတ်ပြီး လက်တွေ့ကျတဲ့၊ အဓွန့်ရှည်တဲ့ ဖြေရှင်းမှုတစ်ခုထွက်ပေါ်နေတာမျိုးမျှော်လင့်မိပါတယ်။မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖြတ်သန်းရမယ့်အဆိုးဆုံး အနေအထားတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ကြိုပြင်ထားရမှာပေါ့။ ။


















































