ဇူလိုင်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။
ချင်းတွင်မြစ်ကမ်း ဘေးကျေးရွာဖြစ်တဲ့ သရောင်းစံပြကျေးရွာကိုဇူလိုင်လ ၂၆ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
“နွားငါးကောင်သေဆုံးတယ်။အိမ်နဲ့ နွားတင်းကုပ်တစ်ချို့ ထိတယ်။ ဒေသခံအများစုက ရှောင်နေကြလို့တော်သေးတာပါ။စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တယ်။လေကြောင်းပါလာပစ်တာ”လို့ ဖောင်းပြင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဖောင်းပြင်မြို့နယ်ထဲက ကျေးရွာတချို့ရှိနေအိမ်တွေ ထိမှန်ပြီး မီးလောင်လို့ အခြားအိမ်တွေ မီးမကူးအောင် ဒေသခံတွေက ငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
တိုက်ခိုက်ရေးသင်္ဘော သုံးစီးပါတဲ့ အစီး ၂၀ ကျော်ပါ သင်္ဘောအုပ်စုဟာ ဇွန်လလယ်မှာ ဟုမ္မလင်းနဲ့ ခန္တီးမြို့ကို တက်သွားပြီး အခု ပြန်ဆင်းလာတာပါ။ စစ်တပ်က ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကစစ်စခန်းတွေထံ လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာဖြစ်ပါတယ်။
“အခု ပြန်ဆင်းလာတာ ခါလီတွေ။ ငါးစီးဆင်းလာတာ။ တချို့အစီးတွေ ခန္တီးမှာကျန်ခဲ့တယ်။ ဖောင်းပြင်ကနေ ဆင်းရင် မော်လိုက်၊ ကလေးဝ၊မင်းကင်းဘက် သတိထားကြရမှာပါ” လို့ ဖောင်းပြင်မြို့နယ်ထဲကတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
စစ်သင်္ဘောအုပ်စုဟာကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဆန်တက်စဉ်မှာ ဇူလိုင်လဆန်းနဲ့လလယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင်စစ်သား ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန်ရသလို သင်္ဘောအချို့လည်းပျက်စီးတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင် ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၅ရက်မနက်ကလည်းမော်လိုက်နဲ့ဖောင်းပြင်မြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး သင်္ဘောတစ်စီးကိုနှစ်မြုပ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
စစ်သင်္ဘောအုပ်စုဖြတ်သန်းသွားတဲ့မြို့တွေမှာ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် နေထိုင်သူတွေနဲ့ မြစ်ကြောင်းကို အသုံးပြုသွားလာလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ လုံခြုံစိတ်ချရတဲ့နေရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ရုပ်သံ-ဒေသခံ


















































