ဇူလိုင်၃၀၊၂၀၂၆။မိထက်/ People’s Spring
ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ မြဝတီမြို့၊ ဘုရင့်နောင် ဈေးအနီးမှာ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ၃၀မိနစ်ခန့်က ဖြစ်ပွားခဲ့တာပါ။
ကရင်နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိန်းသိမ်းရေးရုံးက တပ်ဖွဲ့ဝင် ၁ဦးဟာ Doublecab ကားမောင်းနှင်လာပြီး ဘုရင့်နောင်ဈေးအနီး ဘုရင့်နောင်လမ်းနဲ့ ဇော်ဂျီ (၄) လမ်းမှာရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေအပြင် စျေးဆိုင်တွေကို ပါဝင်တိုက်မိတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
” ကားနဲ့ ဆိုင်ကယ် ၁၀စီးကျော်ထိတယ်။ ဈေးဆိုင်ထဲဝင်တိုးပြီးမှ ရပ်သွားတာ။ ဒဏ်ရာရတာတွေလည်း မဲဆောက်အထိပို့ရတယ်”လို့ ဖြစ်စဉ်ကိုမြင်တွေ့တဲ့သူတစ်ဦးက ပြောပါတယ်။
(၇)နှစ်အရွယ်ကလေးငယ် ၁ဦး ဒဏ်ရာအပြင်းအထန်ရလို့ ထိုင်းနိုင်ငံ၊မဲဆောက်ဆေးရုံကို ပို့ဆောင်ကုသနေရပြီး နောက်ထပ်လမ်းသွားလမ်းလာ ၂ဦးလည်း ဒဏ်ရာရလို့ မြဝတီဆေးရုံမှာကုသနေရတယ်လို့သိရပါတယ်။ စုစုပေါင်း ကား (၄) စီး၊ မော်တော်ဆိုင်ကယ် (၉) စီး၊ သုံးဘီး(၁) စီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကား၊ဆိုင်ကယ်တွေကို တိုက်မိပြီး မရပ်ပဲထွက်ပြေးနေတဲ့ အဲ့ဒီကားကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်တဲ့အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့၊ သို့မဟုတ် BGF တပ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
” BGF တပ်ဖွဲ့ဝင်ကိုတော့ သူ့တပ်က လာခေါ်သွားတယ်။ ထိခိုက်တဲ့သူတွေကို ဘယ်လိုလျော်ကြေးပေးမလဲတော့မသိဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
BGF ဟာ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖြစ်ပြီး မြဝတီမြို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်မြို့တွေက လောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက် နေသူတွေအဖြစ် နိုင်ငံတကာနဲ့ လူအခွင့်အရေးအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။


















































