ဩဂုတ် ၄၊ ၂၀၂၆။ထားမြတ်/People’s Spring
၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၀တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်တပ်တို့ဟာ ဩဂုတ် ၃ရက်က စတင်ဆွေးနွေးနေပြီး ဒီကနေ့ ဩဂုတ် ၄ရက်နေ့အထိ ဆွေးနွေးပွဲ ဆက်လုပ်မယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲမှာ ၀တပ် တောင်းဆိုထားတဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို စစ်တပ်ကိုယ်စားလှယ်တွေက အာဏာသိမ်းစစ်ခေါင်းဆောင်တွေထံ တင်ပြထားကြောင်း ဆွေးနွေးခဲ့သလို ၀တပ်ဖွဲ့လည်း စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ ဇွန်လအတွင်းက ၀တပ် ဌာနချုပ် ပန်ဆန်းမြို့ကို သွားရောက်ခဲ့ပြီး အခု ထပ်မံ ဆွေးနွေးပွဲ ပြုလုပ်တာလည်းဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ် အခြေပြု ၀တပ်ဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရာထူးရယူခဲ့စဉ်ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ တပ်ချုပ်အဖြစ် တာဝန်ယူစဉ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံမှု၊ လူမှုစီးပွား တည်ငြိမ်တိုးတက်ရေးကို များစွာကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားတွေနဲ့လည်း မင်းအောင်လှိုင်ကို ၀တပ်ဖွဲ့ UWSAက မြောက်ပင့်ခဲ့ပါသေးတယ်။
မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်ဟာ ၅နှစ်တာအတွင်း အရပ်သား ပြည်သူ ထောင်သောင်းချီဖမ်းဆီး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူလူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

















































