Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာဆေးရုံအပါအဝင် ၄ နေရာကို စစ်တပ် ဗုံးကြဲလို့ တလကျော်အရွယ် ကလေးငယ်အပါအဝင် ၁၂ ဦးသေ၊ ၃၂ ဦး ဒဏ်ရာရ

ဒဏ်ရာပြင်းထန်စိုးရိမ်ရသူ ၁၀ ဦး ဝန်းကျင်ရှိနေပြီး ပြည်သူတွေဆေးဝါးကုသဖို့ အခက်အခဲဖြစ်နေ

(မြောက်ဦး‌ယာယီဆေးရုံကိုစစ်တပ်ဗုံးကြဲခဲ့ပြီး​နောက်​ ​ဘေးကင်းမယ်ထင်တဲ့​နေရာမှာက​လေးငယ်ကို အ​ရေး​ပေါ်​ကုသမှုပြုလုပ်​နေစဥ်။ ဓါတ်ပုံ-AA Info Desk )

နိုဝင်ဘာ-၂၊၂၀၂၆။ခိုင်မြတ်/People’s Spring

မြောက်ဦးဆေးရုံအပါအဝင်နေရာလေးခုကို အာဏာသိမ်းစစ်တပ်က တရက်အတွင်း လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လသားအရွယ်ကလေးငယ်အပါအ ဝင် ၁၂ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်မှာဗုံးကြဲခံရလို့ဆေးရုံတခုလုံးပျက်စီးခဲ့တာကြောင့် ယာယီလည်ပတ်နေတဲ့ မြောက်ဦးမြို့ဆေးရုံအပါအဝင် ကျောက်တော်မြို့နယ် ယိုးချောင်းတံတား၊ ပေါက်တောမြို့နယ် ရွာ ချောင်းကြီးရွာ၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုစစ်တပ်က နိုဝင်ဘာ ၁ ရက်နေ့မှာ ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

“မနေ့က တရက်တည်း ပစ်ခတ်ခံရမှုအရ ရခိုင်ပြည်တပြည်နယ်လုံးအတိုင်းအတာအရ စိုးရိမ်ရတဲ့လူနာက ၁၀ ဦး ပတ်ချာလည်လောက်ရှိတယ်။ ဒီမြောက်ဦးဆေးရုံမှာ ၃ ဦး၊ ယိုးချောင်းတံတားပစ်ခတ်ခံရမှုထဲမှာ ၃ ဦး၊ အခြား ဘက်တွေနဲ့ပေါင်းရင် ၁၀ ဦးလောက်ဟာ အခြေအနေဆိုးဆိုးရွားရွားဖြစ်နေတယ်” လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ နိုဝင်ဘာ ၁ ရက်ညနေ ၄ နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူတွေကို ဆေးကုပေးနေတဲ့ ယာယီ ဆေးပေးခန်း၊ သားဖွားဆောင်နဲ့ပတ်ဝန်းကျင်ကိုဂျက်ဖိုက်တာ ၂ စီးနဲ့ Cluster ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ပါ တယ်။

ယာယီ​ဆေးရုံဗုံးကြဲခံရတာ​ကြောင့်မိခင်ဖြစ်သူသေဆုံးသွားလို့ စာရေးဆရာဝေဟင်အောင်တို့က ပြုစုစောင့်ရှောက်ထားပြီး ဆေးရုံမှာကုသမှုခံယူနေရတဲ့ တလကျော်အရွယ် ကလေးငယ်တဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ ရပါတယ်။

“အဲဒီထဲမှာ ကိုယ်တို့မွေးစားထားတဲ့ကလေးတယောက်၊ အသက်ရှင်ဖို့အတွက် မနည်း ကျားကုတ်ကျားခဲရုန်းကန် နေ ရတဲ့ကလေးတယောက်ဟာ လူ့လောကမှာ ကောင်းကောင်းရှင်သန်ဖို့မရဘဲ အခုလို ပါသွားတာကတော့ ကိုယ် တို့ ကြည့်ရှုစောင့်ရှောက်ထားရတဲ့လူတွေအတွက်လည်း အများကြီးစိတ်မကောင်းဖြစ်ရတယ်။ အထူးသဖြင့် အဲဒီ က လေးအတွက် ပိုပြီးစိတ်မကောင်းဖြစ်ရတယ်။ နောက်ဘ၀မှာလည်း ဒီလိုအဖြစ်မျိုး မကြုံပါစေနဲ့လို့ဆု တောင်းပေးချင်တယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

ဆေးရုံတိုက်ခိုက်ခံရတာကြောင့် လူနာတွေအတွက် ဆေးကုသဖို့အခက်အခဲဖြစ်သွားစေလို့ ကျန်းမာရေးဌာ နအတွက် ဆေးဝါးပျက်စီးမှုတွေရှိကာ ဆရာဝန်တွေအတွက်လည်း လုပ်ရကိုင်ရခက်သွားစေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရာအားလုံးနီးပါးကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီး(ယခင်ဆေးရုံ နေရာ)ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လူနာ၊ လူနာစောင့်နဲ့ ဝန်ထမ်းစတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၃၄ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရကာ ဆေးရုံတခုလုံးလည်း လုံး၀ပျက်စီးသွားခဲ့ပါတယ်။

မူလဆေးရုံကြီးပျက်စီးသွားခဲ့တာကြောင့် နောက်ထပ်လုံခြုံနိုင်မယ့်နေရာတခုမှာသိုဝှက်ပြီး ဆေးရုံသစ်ဖွင့် လှစ်ထားခဲ့ရာ အခုအခါ အဲဒီဆေးရုံသစ်ကိုပါ စစ်တပ်ကဗုံးထပ်ကြဲခဲ့တာဖြစ်ပါတယ်။

“အရမ်းသနားဖို့ကောင်းတယ်။ဗုံးကြဲပြီးတော့ ထွက်ပြေးကြတဲ့အချိန်မှာမပြေးတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေး တွေအများကြီးရှိခဲ့တယ်။ အားနည်းတဲ့ လူနာတွေ၊ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတဲ့ကောင်တွေ၊ ဘယ် လောက်ထိ ရွံစရာကောင်းလဲဆိုတာ စဉ်းစားကြည့်ကြပါ”လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ မြောက်ဦးဆေးရုံအပြင် ကျောက်တော်မြို့နယ် ဝါးတောင်ရွာထိပ်ရှိ ယိုးချောင်းတံတားကိုလည်း မနေ့ ကတရက်တည်းမှာပဲ ဗုံးကြဲခဲ့တာကြောင့် တံတားတခုလုံးကျိုးသွားတဲ့အပြင် လမ်းသွားလမ်းလာ ၇ ဦးထက်မ မနည်း သေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့ပါတယ်။

မနေ့ကတရက်တည်းမှာပဲပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြိုနယ် စနဲမြို့၊ စနဲမင်းပြင်ရွာတို့ကို လည်း ဗုံးကြဲခဲ့တာကြောင့် ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာတွေကိုပါမချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

“နံပါတ်၁စစ်ကောင်စီမှာဗီဇစိတ်တခုရှိတယ်။ သူတို့ဘက်က အထိနာလာပြီ၊ စစ်ရှုံးလာပြီ၊ တခုခုမှာ နာလာပြီဆို ရင် ပြည်သူလူထုကို လာရောက်သတ်ဖြတ်ပြတတ်တယ်ဆိုတဲ့ဗီဇစိတ်ရှိတယ်။ ဆိုတော့ အခုတခါတော့ သူက ရည်ရွယ်ချက်ရှိရှိဖျက်ဆီးမှုတွေပါလာတယ်။ ကျောက်တော်မြို့နယ်က ယိုးချောင်း တံတားကို ရည်ရွယ်ချက်ရှိရှိ လာရောက်ဖျက်ဆီးတာ၊ မြောက်ဦးမြို့က ကလေးတွေမွေးတဲ့ဆေးရုံကို လာရောက် ပစ်ခတ်တာ၊ ဝီရဌာနီထဲက ရွာချောင်းကြီးကို ပစ်ခတ်တာတွေ၊ ကျောက်ဖြူမြို့နယ်က စနဲမင်းပြင်ကို ပစ်ခတ်တာ တွေဟာ ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တာတွေ ဖြစ်တယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့်ကမ်းပေါ်ကစစ်တပ်ခြေကုတ်နေရာအားလုံးကို အာရက္ခတပ်တော် (AA)ကပြန်သိမ်းပိုက်ခဲ့ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ပြီး စစ်တပ်အထိနာ​နေပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ အနည်းဆုံး ၁၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၄ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ