နိုဝင်ဘာ-၂၊၂၀၂၆။အိမ်သွင်/People’s Spring
တမူးမြို့ပေါ်က စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ နိုဝင်ဘာ၂ရက် မနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။
တမူးမြို့နယ်၊ မြို့မ(၁၄)ရပ်ကွက်၊ ချောင်းနက်ကြီးကျေးရွာ ပျူစောထီးစခန်းကို မနက်၆နာရီကစပြီး စီးနင်းတိုက်ခိုက်ခဲ့ကြတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က တမူးမြို့ပေါ်ကနေ စစ်ကူတွေရောက်လာတဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆွတ်ခွာခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
တိုက်ပွဲအတွင်း စစ်တပ်နဲ့ ပျူစောထီးအချို့သေဆုံးမှုတွေရှိတယ်လို့ သိရပေမယ့် အသေးစိတ်အတည်ပြုနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်ကလေယာဉ်ပျံဝဲသလို တမူးမြို့အတွင်းမှာလည်း စစ်ကားတွေနဲ့ကင်းလှည့်နေတယ်လို့ သိရပါတယ်။
ချောင်းနက်ကြီးကျေးရွာဟာ တမူးနဲ့ မြို့သစ်မြို့ သွားတဲ့လမ်းပေါ်မှာ တည်ရှိပြီးစစ်တပ်ကထိန်းချုပ်ထားပါတယ်။
တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄မေလမှာသိမ်းယူခဲ့ပြီး ထိန်းချုပ်ထားပါတယ်။ ခမ်းပါတ်မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီစစ်ကြောင်းတွေပြန်ဝင်လာလို့ တိုက်ပွဲတွေပြန်လည်ပြင်းထန်ခဲ့ပြီး မြို့ပေါ်နေရာတွေကို စစ်တပ်ကထိန်းချုပ်ထားပါတယ်။
တမူးမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်းကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။စစ်တပ်ဦးဆောင်ပြီး ရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက အိန္ဒိယ- မြန်မာနယ်စပ်ကနေ ဝင်လာပြီး နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် ကူကီးအမျိုးသားတပ်မတော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲအတွင်း စစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။





















































