နို၀င်ဘာ-၂၊၂၀၂၆။မိုမို/People’s Spring
မန္တလေးမြို့၊ မဟာမုနိဘုရားကြီးကို ၁နာရီ ကျပ် ၅သောင်းနဲ့ လျှပ်စစ်မီးပူဇော်နိုင်တယ်ဆိုတဲ့ ဂေါပကအဖွဲ့ရဲ့ အလှူခံမှုအပေါ် သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာ၀င်တွေက ဝေဖန်နေကြပါတယ်။
မနေ့က(နို၀င်ဘာ ၁ ရက်) ညပိုင်းမှာ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ လူမှုကွန်ယက်စာမျက်နှာကနေ
“မဟာမုနိဘုရားကြီးအား လျှပ်စစ်မီးပူဇော်ရန်အတွက် (၁)နာရီလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ရှေ့တော်အလှူခံဋ္ဌာနတွင် လှူဒါန်းပူဇော်နိုင်ပါကြောင်းအသိပေးကြေငြာအပ်ပါသည်” လို့ ဖော်ပြခဲ့ပါတယ်။

Public Service Announcement
“ရှက်တတ်ရင် ဘုရားထက်ကြီးနေတဲ့ရာထူးက ထွက်လို့ရပြီ၊ ဒီလောက်အလှူငွေတွေ ရနေတာကို လောဘက အတောမသတ်နိုင်ဘူး၊အလှူခံပက်စက်တာနဲ့ပတ်သက်ပြီး မပြောချင်လို့ ကြည့်နေတာကြာပီ၊ဆိုင်ခန်းခတွေ လေလံတွေ တခြားဟာတွေ ဘေးဖယ်ထား၊ရွှေဆိုင်း ရောင်းရငွေတွေ၊တစ်နှစ်ဝင်ငွေ ဘဏ်တိုးမပါအလှူ ခံပုံးတွေထဲငွေတွေသိန်းပေါင်းသိန်းထပ် ရနေတာ နောက် ထပ်ပုံတူဘုရားတစ်ဆူ ဖန်တီးရနေတာ၊ ဘာသာ ဝင်တို့ရဲ့သဒ္ဓါတရား ဖျက်ဆီးနေတယ်၊ပြည်သူက မျက်လုံးတွေ နားတွေ အုံးနှောက်တွေနဲ့ မအကြတော့ဘူး၊ရွှေတိဂုံ ပြီးရင် ဝင်ငွေအရှိဆုံးပဲအဲ့ဒါကို မလိုအပ်တဲ့ခေါင်းစဥ်တွေတပ် အလှူခံနေတာ ဘုရားနဲ့မန်းရွှေမြို့ကို သိက္ခာချနေတယ်”လို့ အဲဒီကြေညာချက်မှာ သံဃာတော်တစ်ပါးက မိန့်ကြားပါတယ်။
ပဲခူးမြို့နယ်က ဂါမဝါသီဆရာတော်ကလည်း “အဲ့ဒီလောက်အထိလည်းလိုအပ် မည်မထင်ပါ။ကြာလာသည်နှင့်အမျှဘုရား အပေါ်ကြည်ညိုမှုနည်းပါးလာနိုင်သည်”လို့ မိန့်ပါတယ်။
လှူဒါန်းသူတွေအနေနဲ့လည်း လိုအပ်တဲ့နေရာနဲ့ လိုအပ်သူတွေဆီကို ကူညီနိုင်မှသာ အမှန်တကယ်မွန်မြတ်မှု ဖြစ်တယ်လို့လည်း မိန့်ပါတယ်။
“ဗုဒ္ဓက သံသရာလွတ်ကြောင်းဟောပြီးမရှိ တဲ့သူတွေ ဝေငှပါ။လိုအပ်တဲ့နေရာ ဝေငှပါ။အဲဒီလို ဟောခဲ့တာပါ။အခုဟာက ကိုယ့်ကျိုးအတွက်အသုံးပြုဖို့ကြိုးစားနေတယ်။ထင်ပေါ်ချင်တာနဲ့ လှူမယ်ဆိုတာသူတွေလည်း အဓိကနဲ့ သာမည ခွဲခြားတက်ကြပါဦး”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မဟာမုနိဂေါပက အဖွဲ့တာ၀န်ရှိသူတွေဟာ စစ်တပ်နဲ့ စစ်အစိုးရအရာရှိဟောင်းတွေပါ၀င်နေပြီး အတွင်းရေးမှူးဖြစ်တဲ့ ဦးမြင့်အောင်ဟာ အရင်က မန္တ လေးတိုင်း ဥပဒေချုပ် တာ၀န်ယူခဲ့သူဖြစ်ပါတယ်။
“ရွှေတိဂုံတို့ မဟာမုနိ တို့ ဗိုလ်တထောင်တို့ ဆိုတာ ပိုက်ဆံပက်ပက်စက်စက်၀င်တဲ့ မီးခိုးတိတ်နေရာတွေ။
ဘုရား၀င်းထဲက လေလံနေရာတွေဆိုလည်း ဂေါပကအရာရှိ နဲ့ နီးစပ်သူပဲရတာ။ရရင်လည်း တစ်နှစ်စာ က ခြောက်လ လောက်နဲ့ကြေတယ်။အဲဒီလောက်မြတ်တာ”လို့ ရွှေတိဂုံ နဲ့ မဟာမုနိ ဘုရားတွေမှာသန့်စင်ခန်း တွေ လေလံ၀င်ဆွဲ ဖူးသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
ရွှေတိဂုံအပါအ၀င် မဟာမုနိ ဘုရားတွေရဲ့ နှစ်အလိုက် အလှူရငွေ စာရင်းတွေကို သက်ဆိုင်ရာ ဂေါပက တွေအနေနဲ့ ထုတ်ပြန်ပေးသင့်ကြောင်းလည်း သူက တောင်းဆိုပါတယ်။
အရပ်သားအစိုးရလက်ထက်က ရွှေတိဂုံစေတီတော်ရဲ့ နှစ်အလိုက်အလှူငွေစာရင်းကို ထုတ်ပြန်အသိပေးဖူးပြီး ၂၀၂၀ တစ်နှစ်ထဲမှာဘဲ ကျပ်ဘီလီယံ ၁၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။





















































