သြဂုတ် ၄၊၂၀၂၆။DEE/People’s Spring
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ဆယ်နှစ်ခံကတ်လို့ခေါ်တဲ့ နှစ်ရှည်နေထိုင်ခွင့်ကတ်ကို တရားမဝင်နည်းလမ်းနဲ့ထုတ်ပေးတယ်ဆိုတဲ့ ပွဲစားတွေအပါအဝင်ကွန်ယက်တွေကိုဖမ်းဆီးတာမှာ မြန်မာ ၁၂ ဦးကိုပါ ထိုင်းနိုင်ငံ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးထားပါတယ်။
ဘန်ကောက်မြို့ကနေ မဲဆောက်ကိုဆင်းလာတဲ့ အဖွဲ့စုံပါတဲ့ စစ်ဆေးရေးအဖွဲ့ဟာဩဂုတ် ၄ရက်မှာ မဲဆောက်မြို့က ဆယ်နှစ်ခံကတ်
တွေထုတ်ပေးတဲွကိစ္စမှာ ပါဝင်ပတ်သက်မှုရှိတဲ့ မြန်မာတွေ နေထိုင်တဲ့ နေအိမ်တွေကို လိပ်စာအတိအကျနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ မဲဆောက်ရောက်မြန်မာတွေကပြောပါတယ်။

Public Service Announcement
“ဖမ်းတာက လမ်းမှာစစ်ဆေးလို့တွေ့ပြီး ဖမ်းတာ မဟုတ်ဘူး။ အိမ်ကိုတန်းလာပြီး လိပ်စာအတိအကျနဲ့ဖမ်းတာ”လို့မဲဆောက်မြို့မှာ ဆယ်နှစ်ခံကတ်နဲ့ နေထိုင်သူ မြန်မာတစ်ဦးက ပြောပါတယ်။
ထိုင်းသတင်းဌာန Khaosod ရဲ့ဖော်ပြချက်အရ မဲဆောက်မြို့က နေရာ ပေါင်း ၂၅ နေရာကို ထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးရှာဖွေပြီး ထိုင်းအစိုးရအရာရှိ ၃ ဦး အပါအဝင် လူပေါင်း ၁၇ ဦးကိုဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာမြန်မာ၁၂ဦးပါဝင်ပြီးပွဲစား၊ကြားခံပွဲစား၊ ကတ်လုပ်ထားသူနဲ့လျှောက်ထားသူတွေ ပါဝင်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
ဆယ်နှစ်ခံကတ်ဆိုတာ ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့အဖြစ် နှစ်ရှည်နေထိုင်တဲ့သူတွေ၊ နှစ်ကြာရှည်နေထိုင်နေတဲ့သူတွေနဲ့ ရပ်ရွာတွေမှာ ထောက်ခံစာနဲ့ နှစ်ရှည်ကြာနေထိုင်နေတဲ့သူတွေကို မြို့နယ်က ၁၀နှစ်ကြာနေထိုင်ခွင့်ရှိတဲ့ တရားဝင်နေထိုင်ခွင့်ကတ်ပြား ထုတ်ပေးထာဖြစ်ပါတယ်။ဒါပေမယ့်အဲဒီကတ်ပြားထုတ်ပေးရာမှာ ရပ်ရွာ ထိုင်းလူကြီးထောက်ခံချက် ပေးမှုက အရေးပါပါတယ်။
အဲဒီ ဆယ်နှစ်ခံကတ်ပြားကို ထိုင်းဝန်ထမ်းအချို့က တရားမဝင်နည်းလမ်းနဲ့ ထုတ်ပေးခဲ့တာလို့ဆိုပါတယ်။တရားမဝင် နည်းလမ်းဆိုတာ ၁၀ နှစ်ခံကတ်ပြားပြုလုပ်လိုပါက ဘတ် ငါးသောင်းကနေရှစ်သောင်းကြားအထိပေါက်ဈေးရှိပြီး အဲဒီဈေးပေးနိုင်ပါက ကတ်လုပ်လို့ရတဲ့ အခြေအနေ ဖြစ်လာတာပါ။ထိုင်းသတင်းဌာနတွေကတော့ ကတ်လုပ်ပေးတဲ့ပေါက်ဈေး ဘတ်လေးသောင်းကနေ တစ်သိန်းကြားရှိတယ်လို့ဆိုပါတယ် ။
ဒီကတ်တွေ တရားမဝင်ထုတ်ပေးတဲ့ကွန်ယက်ထဲမှာ ထိုင်းအစိုးရ အရာရှိတွေ၊ အာမခံပေးတဲ့ ဒေသခံ ထိုင်းနိုင်ငံသားတွေ၊ အမည်နဲ့ အချက်အလက် အတုတွေကို အသုံးပြုနေတယ်ဆိုတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်နေကြောင်း ထိုင်းရဲတွေက စွပ်စွဲပါတယ်။
အဲဒီ ဆယ်နှစ်ခံကတ်ပြားကို မဲဆောက်မြို့မှာ နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြန်မာအများစု ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မဲဆောက်ရောက် မြန်မာအများစုကတော့ ထိုင်းအစိုးရက တရားဝင်ထုတ်ပေးတဲ့ ပန်းရောင်ကတ် လုပ်ပြီး နေထိုင် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုဘန်ကောက်မြို့ကဆင်းလာတဲ့ စစ်ဆေးရေးအဖွဲ့ အထူးစစ်ဆင်ရေးပုံစံ ဆင်းပြီးစစ်ဆေးတဲ့ ကိစ္စက ဆယ်နှစ်ခံကတ်ပြားထုတ်ပေးမှု ပြဿနာသက်သက် မဟုတ်ဘူးလို့လည်း သိရပါတယ်။ ကနဦး ဆယ်နှစ်ခံကတ်လုပ်ထားရာကနေ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုအဆင့်အထိ တိုးလုပ်လာလို့ ကွင်းဆင်းစစ်ဆေးဖမ်းဆီးတာလို့ မဲဆောက်မြို့မှာနေတဲ့ကတ်လုပ်ထားသူတဦးကပြောပါတယ်။
“ဆယ်နှစ်ခံ မဟုတ်ဘဲ ပီအာကို ကူးလို့ရမယ့် အထောက်အထားတွေ လုပ်တာ။ နောက်ထပ် အထောက်အထားခိုင်လုံရင် နိုင်ငံသားလျှောက်လို့ရတဲ့ အခွင့်အရေးရှိတယ်လေ။ အဲဒီအဆင့်ကို သွားတဲ့သူတွေ ဖမ်းဆီးတာ” လို့ အထက်ပါမြန်မာက ပြောပါတယ်။
ဆယ်နှစ်ခံကတ်ကိုင်ဆောင်ထားသူတွေ ထိုင်းနိုင်ငံသားဖြစ်ခွင့် ထပ်မံလျှောက်ထားပါက ပေါက်ဈေးအဖြစ် ဘတ် ၁၀သိန်းကနေ ၁၅သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
မဲဆောက်မြို့မှာ ဆယ်နှစ်ခံကတ်ပြား ကိုင်ဆောင်တဲ့ မြန်မာ ၇၀၀ အထိရှိနေပြီး အချက်အလက်အစုံကို စစ်ဆေးနေတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“အခု ဆယ်နှစ်ခံကိုင်ဆောင်တဲ့သူတွေလည်း ပြဿနာ တစ်စုံတစ်ရာတက်လာမယ့် သဘောရှိတယ်။အဓိကတော့ ထုတ်ပေးတဲ့ အရာရှိတွေကို သူတို့က ဖမ်းချင်တာ။ ဝင်ဖမ်းနေတာ”လို့ ဦးမိုးကြိုးက ပြောပါတယ်။ ဒီကနေ့ စစ်ဆေးဖမ်းဆီးမှုမှာ ပါဝင်ပတ်သက်မှုရှိတဲ့ ထိုင်းဝန်ထမ်း ၅ဦးလည်း ဖမ်းဆီးခံရတယ်လို့ ဦးမိုးကြိုးကဆက်ပြောပါတယ်။
မဲဆောက်မှာ ထိုင်းနိုင်ငံသား လေးသောင်းကျော်ရှိပြီး မြန်မာနိုင်ငံသား နှစ်သိန်းခွဲ ဝန်းကျင်ရှိတယ်လို့ The Deplomat သတင်းဌာနက ၂၀၂၅ မေလမှာဖော်ပြပါတယ်။ မြန်မာ နှစ်သိန်းခွဲထဲမှာ ဒုက္ခသည်တွေရော ၊ရွေ့ပြောင်းအလုပ်လုပ်သူတွေရော၊ နိုင်ငံရေးကြောင့်တိမ်းရှောင်နေရသူတွေ စသဖြင့်အကုန်ပါဝင်တယ်လို့ဆိုပါတယ်။
ကိုးကား- Khaosod

















































