အောက်တိုဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
KNU သထုံခရိုင် အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာကို စစ်တပ်က အောက်တိုဘာ ၁၂ရက် နေ့လည်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့်အသက် ၄၃နှစ်အရွယ်ဦးမင်းဇော် ၊သူ့ရဲ့ ဇနီးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်စန္ဒာ ၊ ညီဖြစ်သူအသက် ၂၁ နှစ်အရွယ် ဇွဲဇင်ဖြိုးတို့ သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့သူတွေဟာ ငှက်ပျောတောရွာကိုလာပြီး စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်နေသူဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အသက် ၄၃နှစ်အရွယ် အမျိုးသား ၁ ဦးလည်း ဗုံးသီးစ ထိမှန်ပြီး ညာခြေဖြတ်လိုက်ရသလို ဘယ်ခြေလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်ဟာ အဲဒီနေ့မှာပဲ ကျိုက်ထိုမြိ့နယ် ဇီကုန်းစုရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ ပြည်သူတွေရဲ့နေအိမ်ပျက်စီးမှု ရှိခဲ့ပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၁၃ရက်မှာလည်း ကျိုက်ထိုမြို့နယ် ကျောက်ဖျာရွာ အနီး စစ်ဘေးရှောင်နေထိုင်ရာ နေရာတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ Y12 လေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အသေခံ ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပါသေးကြောင်းတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ရှောင်နေထိုင်ရာနေရာအချို့ မီးလောင်ပြာကျ ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။
စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာတွေကို စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာ လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးတွေ အသုံးပြုပြီး နေ့စဉ်လိုလို တိုက်ခိုက်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။
စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်း တိုက်ပွဲမရှိဘဲအရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာလို့လည်း KNU သတင်းရင်းမြစ်က ပြောပါတယ်။



















































