အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ခဲ့တဲ့ သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး တစ်ပတ်ကြာတဲ့အထိ ဆေးကုသနေရဆဲ ဖြစ်ပြီး သံဃာ ၁ပါး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ခန့်က ချောင်းဦးမြို့နယ်က ပန်းလှတောရကျောင်းတိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ဦးလုံး ယနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သက်တော် ၅၇ နှစ်အရွယ် သံဃာတစ်ပါးမှာ စိုးရိမ်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။
“ရင်ဘတ် အစ ၃နေရာထိတာ။ ၂စ ထုတ်ပြီးပြီ။ အရေးကြီးဆုံး တစ်နေရာကျန်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင် ၄ဆောင်၊ သိမ်ကျောင်း ၁ဆောင် စုစုပေါင်း ၅ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဆရာတော်ကြီးရဲ့ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ဒီနှစ်ဝါတွင်းကာလမှာပဲ သြဂုတ် ၂၁ ရက် ဥပုသ်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ တရားစခန်းက ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
စစ်တပ်က ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ရက်မှာ အသိပေး လျှောက်ထား ထားပါတယ်။
















































