ဇော်ဝင်း/People’s Spring
ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။
ဒါကြောင့်လည်း အင်းလျားကန် နဲ့ ကမ္ဘာအေးဘုရာလမ်းသာခြားတဲ့ The Central ကွန်ဒိုမှာ အခန်းတခန်းပိုင်ဆိုင်ဖို့ လွန်ခဲ့တဲ့ ခုနှစ်နှစ်၀န်းကျင်က သူ ကြိုးပမ်းခဲ့ပါတယ်။
အခုတော့ အထပ်မြင့်တိုက်ခန်းပေါ်ကနေ အင်လျားရေပြင်ကို နေ့တိုင်းကြည့်ခွင့်ရမယ်ဆိုတဲ့ ကိုထွန်းထွန်းရဲ့ အိပ်မက်က တဖြည်းဖြည်းနဲ့ ဝေဝါးလို့လာနေပါပြီ။

Public Service Announcement
The Central ကွန်ဒိုအပါအ၀င်ရန်ကုန်မြို့က ကွန်ဒိုတွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေဟာ အခန်းဖိုးကျသင့်ငွေတွေကို ပေးသွင်းထားပြီးဖြစ်ပေမယ့် သတ်မှတ်အချိန်ထိ အခန်းတွေမရသေးတာနဲ့ အဆောက် အဦးကအုတ်မြစ်တောင်မချရသေးတဲ့ ဖြစ်စဉ်တွေဟာ စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး လူသိရှင်ကြားဖြစ်လာခဲ့တာပါ။
အဲဒီထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးအရောင်းဆိုင်ပိုင်ရှင် ကိုထွန်းထွန်း ၀ယ်ယူခဲ့တဲ့ The Central ကွန်ဒို၊တာဝါအမှတ် ၃ ရဲ့ ၁၂ လွှာကဒေါ်လာလေးသိန်းတန် အခန်းလည်းပါနေတာဖြစ်ပါတယ်။
“ဒေါ်လာနှစ်သိန်းကျော်သွင်းပြီးပြီ။တကယ်ဆို မနှစ်ကတည်းကကျန်တဲ့ငွေအပြည့်ပေးပြီး အခန်းကရ ရတော့မှာ။ဒါပေမယ့် ကျွန် တော့်လိုပဲ နစ်နာသူတွေက အရှေ့မှာ တရားစွဲတာတွေလုပ်ပေမယ့် တရားရုံးမှာပဲ အမှုက တစ် တစ် နေတာဘာမှ မထူးဘူး။ ကုမ္ပဏီကို တိုက်ရိုက်သွားမေးတော့လည်းဘယ်နေ့ စဆောက်မလဲတောင် မသိတဲ့အခြေအနေ “လို့ ကိုထွန်းထွန်းကကြုံတွေ့နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
●အငြင်းပွားမှုတွေနဲ့ ကြိုပွိုင့်ကွန်ဒိုတွေ
ရန်ကင်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်းနဲ့ကန်ဘဲ့လမ်းထောင့်ကThe Central ၊သာကေတမြို့နယ်၊ရှုခင်းသာမြို့ပတ်လမ်းဘေးမှာရှိတဲ့ Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်း နဲ့ အလုံမြို့နယ်က The Park Project ကွန်ဒိုတွေမှာ၀ယ်သူနဲ့ရောင်းသူကြားပြဿနာတွေက တဖြည်းဖြည်းကြီးထွားလာနေတာ ဖြစ်ပါတယ်။
၀ယ်ယူသူတွေဘက်က ဥပဒေကြောင်းအရ အကာအကွယ်ဖြစ်နိုင်ဖို့ကြိုးစားမှုတစ်ခုဖြစ်တဲ့ သတင်းစာမှာဖော်ပြချက်တွေအရဆိုရင် ၂၀၁၉ ခုနှစ်ကတည်းကြိုတင်ငွေသွင်းပေးချေမှုနဲ့သတ်မှတ်နှုန်းအတိုင်းလစဉ် ငွေပေးနေရပေမယ့် စာချုပ်မှာပါတဲ့သတ်မှတ်ကာလ ကျော်လွန်တဲ့တိုင်အောင် အခန်းမအပ်သေးတာ ဒါမှမဟုတ် မဆောက်သေးဘဲ ပိုက်ဆံတွေဆက်တောင်းနေတာကြောင့်ဖြစ်ပါတယ်။
ကြိုပွိုင့်၀ယ်ယူထားသူအများစုက ကွန်ဒို အခန်းရောင်းဈေးရဲ့၆၀ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ငွေပေးချေထားကြတယ်လို့ ဖော်ပြထားပါတယ်။
“နစ်နာတာကနိုင်ငံခြားသားတွေလည်းပါတယ်။သူတို့ဆိုရင်လည်းတရားစွဲထားတာတွေပါ ရှိတယ်။Central မှာချည်းပဲ ၁၀၀ ကျော် ကျော်လောက်ရှိတာပေါ့။ဒါပေမယ့် ရှေ့မှာသွင်းထားတဲ့ငွေတွေ ဆုံးမှာဆိုးလို့ ငွေဆက်သွင်းနေတဲ့လူတစ်စုက လည်း သပ်သပ်ရှိနေသေးတယ် “လို့ Central တာဝါ နံပါတ်သုံး ၊ ၁၁ လွှာမှာ တိုက် ခန်း၀ယ်ယူ ထားတဲ့ အသက် ၆၀ အရွယ် ဒေါ်နီလာအေးက ပြောပြပါတယ်။
Central ကွန်ဒိုစီမံကိန်းမှာ အနိမ့်ဆုံးဒေါ်လာ နှစ်သိန်းကနေတစ်သန်းကျော်တန်တဲ့ စုစုပေါင်း အခန်း ၁,၂၀၀ နီးပါးပါဝင်ပါတယ်။တာဝါအမှတ် ၁ နဲ့ဆိုင်ခန်းတွေကိုတော့ ၂၀၁၉ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။
အခန်း ၄၀၀ ကျော်ကို လွှဲပြောင်းပေးထားပြီး အကောင်အထည်ဖော်ဖို့ကျန်ရှိတဲ့အဆောက်အဦးသုံးလုံးအနက်မှာ တစ်လုံးကရှစ်ထပ်အထိ ရောက်နေပြီး ကျန်နှစ်လုံးက သက်ဆိုင်ရာအာဏာပိုင်တွေရဲ့စိစစ်မှုအပြီးမှာဆောင်ရွက်မယ်လို့ The Central က အောက် တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်တွေက သတ်မှတ်ကာလ အထိအခန်းမရသေးတဲ့ ကြိုပွိုင့်၀ယ်ယူထားသူစုဖွဲ့ပြီး The Central အရောင်းပြခန်းကို သွားရောက်မေးမြန်းပြီးမှ ထုတ်ပြန်လာတာဖြစ်ပါတယ်။
The Park Project နဲ့ Emerald Bay ရဲ့ တာဝါ အမှတ် ၃ က ကွန်ဒိုအခန်းတွေကလည်း ဆောက်လုပ်ခွင့်ပါမစ်မကျသေးဘဲ ဆောက်လုပ်နေပြီဆိုတဲ့ မျှော် လင့်ချက်အမှားတွေနဲ့ ရောင်းသူဘက်က ဆွဲဆောင်ခဲ့တာ လို့ နစ်နာသူတွေက ပြောကြပါတယ်။
●ကွန်ဒိုတွေရဲ့နောက်ကွယ်မှ ကုမ္ပဏီနဲ့ပိုင်ရှင်တွေ
လတ်တလော အငြင်းပွားမှုတွေနဲ့ အခန်းရရှိဖို့ မရေမရာ ဖြစ်နေတဲ့ ကွန်ဒိုတွေကို တည်ဆောက်နေတဲ့ ကုမ္ပဏီတွေရဲ့ နောက်ခံအချက်အလက်တွေအရ Central နဲ့ The Park Project က လုပ်ငန်းစုအတူတူပဲ ဖြစ်ပါတယ်။
လက်ရှိ The Central ကိုတည်ဆောက်နေတဲ့ Marga Groupဟာရွှေတိဂုံဘုရားနားက စစ်ထောက်ချုပ်ရုံးပိုင်မြေနေရာမှာDagon City 1 စီမံကိန်းကိုလုပ်ဖို့၂၀၁၄ခုနှစ်တုန်းကစီစဉ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းကMarga Groupနဲ့အတူရွှေတောင်၊ သုခရတနာ နဲ့ Adventure Myanmar စတဲ့ ကုမ္ပဏီတွေက Dagon City 1 စီမံကိန်းလုပ်ကိုင်ခွင့်ရထားတာပါ။
သမိုင်းဝင် အမွေအနှစ်တွေထိခိုက်မှုကြောင့်ပြည်သူတွေနဲ့ သံဃာတော်တွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လို့ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။
ဒါပေမယ့်အစားထိုးမြေနေရာအတွက် ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က (မူလက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပိုင်) မြေနေရာကို ဦးသိန်းစိန်အစိုးရလက်ထက်က ပေးခဲ့တာဖြစ်ပါတယ်။
ပေးခဲ့တဲ့နောက်ကွယ်မှာဟောင်ကောင်အိမ်ခြံမြေကျွမ်းကျင်သူစတီဖင် နဲ့ တရုတ်နိုင်ငံသားဒါရိုက်တာအဖွဲ့၀င်တချို့ပါတဲ့ Marga Group ကတည်ဆောက်ရေးကိုတာ၀န်ယူပြီးမြေနေရာငှားရမ်းမှုကိုသုခရတနာကုမ္ပဏီကတာ၀န်ယူခဲ့တာလို့ ကနဦးသတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
သုခရတနာကုမ္ပဏီကိုမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နဲ့ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်း ပိုင်ဆိုင်ပြီး Flying Tiger Engineeringလုပ်ငန်းခွဲလည်းရှိပါသေးတယ်။
အခုလက်ရှိစစ်ကောင်စီရဲ့အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန အောက်မှာတရားဝင်ပူးပေါင်းဆောင်ရွက်နေတဲ့ ဦးသောင်းထိုက်မင်းဟာ စစ်တပ်အရာရှိဟောင်း မဟုတ်ပေမယ့် စစ်တပ်၊ စစ်တပ်ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တာကြောင့် အခွင့်အလမ်းကြီး မားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ရနေတာလို့ လုပ်ငန်းရှင်အချို့ကပြောပါတယ်။
ဒါကြောင့်လည်းနိုင်ငံတော်ပိုင် အဖိုးတန်မြေနေရာကို တင်ဒါစနစ် (Tender) ခေါ်ယူခြင်းမရှိဘဲ၊ ပွင့်လင်းမြင်သာမှုအားနည်းစွာနဲ့ အစားထိုးလဲလှယ်ပေးခဲ့ရမှုကို ၂၀၁၆ ခုနှစ် လွှတ်တော်မှာဆွေးနွေးခဲ့ဖူးပါတယ်။
မူလက The Central စီမံကိန်းမြေနေရာအတွက် Marga Landmark က မြေ ၁၇ ဒသမ ၇ ဧက ရခဲ့တာဖြစ်ပေမယ့်မြေ ၉ ဧက ကို NLD အစိုးရလက်ထက်မှာ နိုင်ငံပိုင်အဖြစ် ပြန်ယူခဲ့ပါတယ်။
အလုံမြို့နယ်က Green Urban Ventures Develop mentကုမ္ပဏီတည်ဆောက်မယ့် The Park Project ဟာလည်းသူတို့ရဲ့အစိပ်အပိုင်းဖြစ်တယ်လို့ Marga Group က ကြေညာထားပါတယ်။
Emerald Bay ကွန်ဒိုစီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း ပိုင်တဲ့ တက်လမ်းကုမ္ပဏီ နဲ့ စင်ကာပူအခြေစိုက်Golden Paragon တို့ပူးပေါင်းတည်ဆောက်နေတာပါ။
●ကျားဖြန့် နဲ့ တူတဲ့ မြူဆွယ်မှု
အခုလက်ရှိ အငြင်းပွားမှုတွေရှိနေတဲ့ ကွန်ဒိုစီမံကိန်း တွေကို ရောင်းချသူဘက်က နေ့စဉ်နဲ့အမျှ ဖုန်းဆက်ပြီး အခန်းတွေလျှော့ဈေးပေးနေတာ၊လစဉ်အရစ်ကျ ပဲ ငွေပေးသွင်းရမှာ နဲ့ ပြည်တွင်းကစိုင်းစိုင်းခမ်းလှိုင်လိုနာမည်ကျော်အနုပညာရှင်တွေကိုခေါ်ယူပြီးစီမံကိန်းက ဘယ်လောက်ခိုင်မာတယ်ဆိုတဲ့ မက်လုံးတွေနဲ့ သိမ်းသွင်းခံခဲ့ကြရတာလို့ ၀ယ်ယူခဲ့သူတွေက ရင်ဖွင့်ကြပါတယ်။
“ကွန်ဒိုကအခန်းတွေ ဈေးလျော့ထားတယ်ဆိုပြီးပြောတယ်။တခါလည်း မဟုတ်ဘူး။သုံးလေးခါလောက်ရှိတယ်။ဒီခေတ်ဒီအခါနဲ့ ဘာကွန်ဒိုမှ မ၀ယ်နိုင်သေးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်”လို့ The Central အရောင်းဌာနကနေ အခုနှစ်စက်တင်ဘာလမှာ ဖုန်းဆက်သွယ်ခဲ့တာတွေ ကို မြောက်ဒဂုံမြိုနယ်နေ ဒေါ်သန္တာက ပြောပြပါတယ်။
ပိုးဆိုးတာကရောင်းချတဲ့ကွန်ဒိုချင်းတူပါလျက်နဲ့ အခန်းရမယ့်သတ်မှတ်ရက်တွေ ကွာခြားနေတဲ့အပြင်အဆောက်အဦးဆောက်လုပ်ဖို့ ပျက်ကွက်မှုအပေါ် တွေ့ဆုံမေးမြန်းတဲ့အခါ တစ်ယောက်တည်းသာလာဖို့ နဲ့ မှတ်တမ်းမတင်ဖို့ အထိ ကုမ္ပဏီတွေဘက်က သတ်မှတ်ချက်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“သွားတွေ့လို့ ဆက်ဆံပြောဆိုတဲ့အခါတိုင်းလည်း စရံစချတုန်းကလိုမဟုတ်တော့ဘူး။ နင်တို့ကလက်မှတ်ထိုးထားပြီးပြီ။အန်တီ လက်မှတ်ထိုးလိုက်တာအပြစ် ဖြစ်သွားတာလား။မိုက်ရိုင်းစော်ကားပြီးတော့အထက်စီးကကို ဆက်ဆံတယ်”လို့ ဒေါ်နီလာအေးကသူရဲ့ အဖြစ် အပျက်ကို ရင်ဖွင့်ပါတယ်။
အဓိကပြဿနာက ကွန်ဒိုအခန်းအပ်နှံဖို့ ပျက်ကွက်မှု ဖြစ်ပြီး ဘယ်နေ့မှာ အပြီးသတ် လက်ရောက်အပ်နှံမယ်ဆိုတာ ၀ယ်ယူသူတွေဘက်ကတိကျစွာသိလိုနေတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ကွန်ဒိုကုမ္ပဏီတွေရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကလည်း အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုကိုအပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပြီး စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတဲ့ ၀ယ်ယူထားသူတွေအတွက် တိကျမှုမရှိတဲ့ အချက်အလက်တွေသာ တွေ့ရပါတယ်။
“နေ့တိုင်း မျက်နှာကို ဖျက်ရိုက်နေသလို ခံစားရတယ်” လို့ ကိုထွန်းထွန်းက လက်ရှိသူ့ခံစားချက်ကို ပြောပြပါတယ်။
●ရပ်ဆိုင်းတော့မယ့်ကွန်ဒိုစီမံကိန်း နဲ့ ဖျက် သိမ်းနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ
The Central ၊ Emerald Bay နဲ့ The Park Project စတဲ့ကွန်ဒိုစီမံကိန်း ရှုပ်ထွေးမှုတွေ မဖြေရှင်းနိုင်ခင်မှာပဲ ဗိုလ်တထောင်မြို့နယ်က Six One City Project ကွန်ဒိုစီမံကိန်း ဖျက်သိမ်းတော့မယ့် သတင်းတွေ ထွက်ပေါ်လာပါတယ်။
အခန်း ၄၀၀ ကျော်နဲ့ အထပ် ၃၀ နီးပါး အဆောက် အအုံ သုံးလုံးပါ၀င်တဲ့ Six One City Project ကို School City Company Limited က လွန်ခဲ့တဲ့ ၂ နှစ် ၀န်းကျင်က အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခက်အခဲမျိုးစုံကြောင့် အကောင်အထည်မဖော်နိုင်တော့ဘဲ ကြိုတင်အခန်းဝယ်ယူထားသူတွေအ နေနဲ့ ပေးသွင်းထားတဲ့ငွေတွေ ပြန်လည်ထုတ်ယူနိုင်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
School City ကုမ္ပဏီဟာရန်ကုန်မြို့ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ Times City Complex စီမံကိန်းကို တာဝန်ယူ တည် ဆောက်ခဲ့တဲ့ လုပ်ငန်းစုထဲက ဖြစ်ပါတယ်။
ပြည်တွင်းဆောက်လုပ်ရေးလောကအကျပ်အတည်းတွေ့ နေပြီး ဒေါ်လာငွေလျော့နည်းမှုတွေကြောင့်ပြည်ပကဆောက်လုပ်ရေးပစ္စည်းတင်သွင်းခွင့်တားမြစ်ခံရတာ၊ငွေကြေးဖောင်းပွတာနဲ့ စစ်မှုထမ်းစုဆောင်းမှုကြောင့်လုပ်သားရှားပါးတာတွေ စတဲ့အခက်အခဲတွေကြောင့်လို့ ဆောက် လုပ်ရေးလုပ်ငန်းရှင်တချို့က ပြီးခဲ့တဲ့လပိုင်းကတည်းက အသိပေးထားပါတယ်။
“အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်း တွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်းဆောက်လုပ်ရေးလောက က ပိုဆိုးရွားလာတယ်”လို့ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ယောက်က ပြောပါတယ်။
ဒါကြောင့်လည်း အိမ်ခြံမြေကဏ္ဍရဲ့ အုတ်တံတိုင်း ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း၃ ခုထက်မနည်း ကုမ္ပဏီ ဖျက်သိမ်းကုန်တာနဲ့ ဘဏ်ချေးငွေတွေ မပေးနိုင်လို့ တရားစွဲဆိုခံရတာတွေ အခုလပိုင်းထဲမှာ ဖြစ်လာပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အခက်အခဲမျိုးစုံဖြစ်လာတာကကွန်ဒိုတွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေအတွက် စိုးရိမ်ပူပန်မှုကို ပိုတိုးလာစေပါတယ်။
●အခွံလွတ်ကြီး ဖြစ်နေတဲ့ ကွန်ဒို ဥပဒေ
စုပေါင်းပိုင်အဆောက်အအုံတနည်းအားဖြင့် ကွန်ဒို ဥပဒေကို ဦးသိန်းစိန် အစိုးရကသက်တမ်းကုန်ဆုံးဖို့ နှစ်ရက်ပဲလိုတော့ချိန် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာတက် သုတ်ရိုက်ပြီး ပြဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေရဲ့ အားနည်းချက်တွေက လတ်တလောဖြစ်နေတဲ့ကွန်ဒိုစီမံကိန်းတွေရဲ့ ပြဿာနာဇစ်မြစ်လို့ ဆောက်လုပ်ရေးဆိုင်ရာပညာရှင်နဲ့ စီးပွားရေးအကြံပေးတွေက ထောက်ပြကြပါတယ်။
ကွန်ဒိုတည်ဆောက်မယ့်သူရဲ့ရင်းနှီးမယ့် ငွေကြေးကို သက်ဆိုင်ရာအာဏာပိုင်က သီးသန့်အကောင့်ထဲ ထိန်းချုပ်ထားတာ၊ ဆောက်လုပ်မှုအဆင့်အလိုက်သာ ထုတ်ယူစေတာနဲ့ တတိယအဖွဲ့အစည်း (ဘဏ်/အာမခံ) ရဲ့ တာဝန်ခံမှု တွေမရှိတဲ့အပြင် အဆောက်အဦးမပြီးသေးခင်မှာပဲအိမ်ခန်းတွေကိုကြိုရောင်းနိုင်တဲ့ အခွင့်အရေးက ဥပဒေမှာပါ၀င်နေတာဖြစ်ပါတယ်။
နိုင်ငံတကာ ကွန်ဒို ဈေးကွက်ကို လေ့လာနေသူ ကိုဘုန်းမြတ်က “ကြိုပွိုင့်စနစ်နဲ့ ရောင်းချတာဟာ developerတွေအတွက် ဆောက်လုပ်ရေးအရင်းအနှီး လွယ်ကူစွာရရှိစေသလို ဝယ်သူတွေအတွက်လည်း ဈေးနှုန်းသက် သာစွာ ရွေးချယ် ဝယ်ယူခွင့်ရစေတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ဒါပေမဲ့မြေပြင်မှာ အဆောက်အအုံ အမှန်တကယ် မပေါ်ပေါက် လာခင် စာရွက်ပေါ်က အစီအမံကိုပဲယုံပြီး ငွေကြိုပေးရတာဖြစ်တဲ့အတွက် ပရောဂျက်ရပ်တန့်သွားတာ၊ ဆောက်လက်စတန်းလန်းနဲ့ developer ဒေဝါလီခံသွားတာ၊အချိန်မီမအပ်နှံနိုင်တာနဲ့ ဝယ်သူဆီကရတဲ့ငွေကို အခြားစီမံကိန်းတွေမှာ လှည့်သုံးလိုက်တာ စတဲ့ အန္တရာယ်ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိဖြစ်စဉ်တွေက ပိုကြီးမားပြီး စီးပွားရေးအသိုက်အ၀န်းကို ရိုက်ခတ်နိုင်တဲ့အပြင် ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလောက ရဲ့ နာတာရှည် ရောဂါနဲ့အတူ ၀ယ်ယူသူတွေကိုကာကွယ်ဖို့ အစီအမံတွေ အရေးပေါ်လိုအပ်နေတဲ့အခြေအနေတခုဆိုတာသူက ထပ်လောင်းသတိပေးပါတယ်။
“အခန်းအပ်တာနောက်ကျရင် ဘယ်လောက်လျော်ရမယ် ဆိုတာကို တိတိကျကျ ကြိုသိနိုင်တဲ့ စည်းမျဉ်း ဥပဒေမှာမပါသလို ကျပ်သိန်းရာချီ၊ ထောင်ချီ ၀ယ်သူတွေ ကြိုပေးထားရတာမို့ ကုမ္ပဏီဘက်က က အဲဒီငွေကို ဘယ်လိုသုံးမလဲ၊ Project မပြီးရင် ဘယ်လိုပြန်ပေးမလဲဆိုတာဥပဒေထဲပါသင့်ပါတယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာစီးပွားရေးအကြံပေး ဦးစိုးသိန်းက အကြံပြုပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ်က ဆောက်လုပ်ရေးကဏ္ဍမှာ ယုန်မင်း ဆောက်လုပ်ရေးကုမ္ပဏီတွေက ၀ယ်ယူတွေဆီကနေ ကြိုတင်ငွေတွေရယူပြီးတိုက်ခန်းတည်ဆောက်မှုတွေရပ်တန့်သွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။
အကာအကွယ်မရတဲ့ ဥပဒေနဲ့ ကြား၀င်ဖြေရှင်းပေးနိုင်တဲ့ အာဏာပိုင် အဖွဲ့အစည်းမရှိသေးတာကသူကြုံတွေ့ခံစားနေရသလိုနောက်လူတွေ မခံစားစေချင်တာ ဖြစ်တယ်လို့ ကိုထွန်းထွန်းက အခုလို ရင်ဖွင့်ပါတယ်။
“ငွေရေးကြေးရေးဆုံးရှုံးမှုတခုတည်းမဟုတ်ဘူး။ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေဘ၀တွေရောအိပ်မက်တွေရောရိုက်ချိုးခံနေရတာ”။
(မှတ်ချက် -ဆောင်းပါးတွင် ဖော်ပြထားတဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ အမည်တွေကို ကာယကံရှင်တွေရဲ့ ဆန္ဒနဲ့ လုံခြုံရေးအရ ပြောင်းလဲထားပါတယ်။)



















































