Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျံနိုင်တယ်ဆိုတဲ့ ကားအသစ်ကို Tesla မိတ်ဆက်ပြသ

လေပေါ်ပျံနိုင်တယ်ဆိုတဲ့ Tesla ကားအသစ်ကို ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မတ်စ်ခ်က မိတ်ဆက် ပြသခဲ့ပါတယ်။

လေပေါ်ပျံနိုင်တယ်ဆိုတဲ့ Tesla ကားအသစ်ကို ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မတ်စ်ခ်က မိတ်ဆက် ပြသခဲ့ပါတယ်။

မတ်စ်ခ် ကြီးကြပ်နေတဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXရဲ့ စမ်းသပ်ဇုန် တစ်ခုမှာ အဲဒီကားကို အောက်တိုဘာ ၁၅ ရက်နေ့က ပြသခဲ့ပါတယ်။ Teslaရဲ့ နှစ်ယောက်စီး Roadster ပြိုင်ကားကို အခြေပြု တည်ဆောက်ထားတဲ့ မော်တော်ကားဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၁ စက္ကန့် မပြည့်ခင်အတွင်း အရှိန်တင်နိုင်မယ်လို့ မတ်စ်ခ်က ပြောပါတယ်။ ပြီးတော့ အဲဒီလို ရုတ်တရက် မြန်နှုန်း မြှင့်တင်နိုင်စွမ်းကိုလည်း လက်တွေ့ မောင်းနှင်ပြခဲ့ပါတယ်။

အများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ပြကွက်ကတော့ အဲဒီကားဟာ ထောင်လိုက်တမျှ မတ်စောက်လှတဲ့ လမ်းအတိုင်း မောင်းတက်သွားပြီး အမြင့်ကနေ ပြန်ပြုတ်ကျချိန်မှာ လေထဲ တစ်ပတ်လည်သွားပြီး လေမှုတ်ထုတ်ထားတဲ့ တွန်းကန်အားနဲ့ ညင်ညင်သာသာ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။

ကားရဲ့ အဲဒီ စွမ်းရည်ကို လက်တွေ့ စမ်းသပ်ပြချိန်မှာတော့ လူတွေ စီးနင်းလိုက်ပါမှု မရှိပါဘူး။ ဒါကလည်း စမ်းသပ်ဆဲ အဆင့်မို့ အမှားအယွင်း ဖြစ်ပြီး ဘယ်သူ့ကိုမှ မသေစေချင်တာကြောင့်လို့ မတ်စ်က ပြောပါတယ်။ အလုပ်ဖြစ်မယ်လို့ ယုံကြည်ပေမယ့် အပြည့်အဝ အာမမခံနိုင်တာကြောင့် လူသားတွေနဲ့ လက်တွေ့ စမ်းမပြသေးတာလို့ သူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဲဒီကားဟာ ရှေ့မှာ ကန့်လန့်ဖြတ် ပိတ်ရပ်ထားတဲ့ ထရပ်ကားတွေနဲ့ တခြားကားတွေကိုလည်း အဲဒီလို လေမှုတ်ထုတ် တွန်းကန်အားသုံးပြီး ကျော်လွှားပြခဲ့ပါတယ်။ ကားမှာ လေထုတ် နော်ဇယ်ပေါက် ၁၀ ပေါက် ပါရှိပြီး ဖိအား အရမ်းမြင့်တဲ့ လေတွန်းကန် စနစ်တွေနဲ့ အလုပ်လုပ်တာလို့ မတ်စ်ခ်က ပြောပြပါတယ်။

အောင်မြင်ခဲ့တဲ့ သရုပ်ပြမှု အပြီးမှာတော့ မတ်စ်ခ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားကုမ္ပဏီနဲ့ ဒုံးပျံကုမ္ပဏီတို့ရဲ့ နည်းပညာ ပေါင်းစပ်မှု ရလဒ်ကို မြင်ခဲ့ရတာလို့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီးက ညွှန်းဆိုသွားပါတယ်။

မတ်စ်ခ်က အခုကားအသစ်ကို လိုအပ်တဲ့ အဆင့်မြှင့်မှုတွေ၊ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်ပြီး ၂၀၂၈ မှာ စတင် ထုတ်လုပ်မယ်လို့ ပြောကြားသွားပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်းအရ Teslaဟာ ထုတ်ကုန်သစ်တွေနဲ့ ပတ်သက်ရင် တရားဝင် ကြေညာထားတဲ့ အချိန်ထက် နှစ်တချို့ ကြန့်ကြာပြီးမှ စျေးကွက်ထဲ ပို့ဆောင်နိုင်တာမျိုးတွေ ရှိခဲ့ပါတယ်။

မိုးပေါ်ပျံနိုင်တယ်ဆိုတဲ့ Roadster အသစ်ကို လူသူပရိသတ်တွေ ရှေ့မှောက်မှာ ပွဲထုတ်ခဲ့တယ် ဆိုတာက ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဖန်တီးထားတာ မဟုတ်ကြောင်း အထင်အရှား ပြသချင်လို့ ဖြစ်တယ်လို့လည်း မတ်စ်က ပြောပါတယ်။

သရုပ်ပြမှု အရဆိုရင်တော့ ကားရဲ့ စွမ်းဆောင်ရည်ဟာ လေထဲမှာ ပျံသွားတာထက် လေထဲမှာ ခုန်ကျော်သွားတာမျိုး၊ အရှိန်ထိန်းပြီး ကျဆင်းတာမျိုးလို့ သတ်မှတ်ရင် ပိုနီးစပ်ပါတယ်။ Teslaက ကားကို အချိန်ကြာကြာ ပျံသန်းစေတာမျိုးလည်း မပြသခဲ့ပါဘူး။

မိုးပျံကား နည်းပညာဟာ မော်တော်ကား ကုမ္ပဏီတွေကြားမှာ ခေတ်စားနေပြီး လက်တွေ့ စမ်းသပ်တီထွင်မှုတွေလည်း ရှိနေပေမယ့် လမ်းပေါ်မှာရော၊ လေထဲမှာပါ ယုံယုံကြည်ကြည် မောင်းနှင်နိုင်လောက်တဲ့ ထုတ်ကုန်မျိုး ထွက်ပေါ်လာစေဖို့ကတော့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ