အမေရိကန်ရဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ အမေရိကဘဏ် (Bank of America)ဟာ ငွေကြေး ခဝါချမှုနဲ့ တခြားသော တရားမဝင် ငွေအလွှဲအပြောင်းတွေကို စိစစ်စုံစမ်းဖို့ အကြီးအကျယ် ပျက်ကွက်ခဲ့ဖွယ်ရှိကြောင်း စွပ်စွဲမှုကြောင့် ဒေါ်လာ ၁.၂၁ ဘီလီယံ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ဒါဟာ အမေရိကန် ဘဏ်လုပ်ငန်းနယ်ပယ် သမိုင်းကြောင်းတလျှောက် တတိယ အများဆုံး ဒဏ်ကြေးချမှတ်မှုအဖြစ် မှတ်တမ်း ဝင်လာပြီး အကျိုးဆက် အနေနဲ့ ဘဏ်ရဲ့ အခုနှစ် တတိယ သုံးလပတ် ဝင်ငွေကဏ္ဍမှာ ကြီးကြီးမားမား ထိခိုက် သက်ရောက်မှုတွေ ကြုံလာဖွယ် ရှိနေပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အမေရိကဘဏ်ဟာ ငွေကြေး ခဝါချမှုလိုမျိုး ရာဇဝတ်မှုတွေအတွက် သံသယ ဖြစ်နိုင်လောက်စရာ ငွေကြေး လွှဲပြောင်းမှု အများအပြားကို အစိုးရဆီ တင်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ငွေကြေး လွှဲပြောင်းမှုတွေ စုစုပေါင်း ဒေါ်လာ ၅ ဘီလီယံကျော်လောက်ကို အမေရိကဘဏ်က ထိရောက်သင့်တော်တဲ့ စစ်ဆေးမှုမျိုး မရှိဘဲ လက်ခံပေးထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ငွေအလွှဲအပြောင်းတွေထဲမှာ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ဆက်စပ်ပြီး အန္တရာယ် ရှိစေမယ်လို့တောင် ယုံကြည်ရတဲ့ အခြေအနေမျိုးတွေ ရောနှော ပါဝင်နေတယ်လို့ ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
နိုင်ငံရဲ့ စီးပွားရေး လုံခြုံမှုကို ကာကွယ်ရာမှာ ဘဏ်နဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဟာ ရှေ့တန်းကနေ ပါဝင်နေကြောင်း၊ အခုလို ဘဏ်လုပ်ငန်းကြီး တစ်ခုကတောင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စည်းမျဉ်းတွေကို ထိထိရောက်ရောက် မလိုက်နာဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်ဟာ ဘဏ်လုပ်ငန်းမှာတင် မကဘဲ အမေရိကန်မှာ တရားမဝင် ငွေကြေးစီးဆင်းမှု အန္တရာယ် ကြီးကြီးမားမား ကြုံလာစေနိုင်ကြောင်း ဘက်ဆန့်က ဆိုပါတယ်။
အမေရိကဘဏ်ဟာ ကျင့်ဝတ်စည်းမျဉ်းတွေထက် ငွေကြေးရရှိရေးကိုသာ အလွန်အကျွံ ဦးစားပေးခဲ့တယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး စည်းမျဉ်းကျင့်ဝတ်ရေးရာ ပြန်လည် ဆန်းစစ်မှုမှာလည်း အတွင်းပိုင်းမှာ ကိုယ်ပိုင် သုံးသပ်တာမျိုးထက် ပြင်ပ ဥပဒေ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေဆီက အကြံဉာဏ်တွေကိုသာ အရမ်း မှီခိုခဲ့တယ်လို့လည်း ပြောပါတယ်။
ဘဏ်ရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေကို တားဆီးဖို့အတွက် စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိကြောင်း၊ အဲဒီအတွက်လည်း ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံပြီး ကျွမ်းကျင်ဝန်ထမ်းတွေ ခန့်ထားခဲ့ကြောင်း၊ အဲဒီ လုပ်ငန်းတာဝန်တွေကို မှန်မှန်ကန်ကန် ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။
ဒဏ်ရိုက်ခံရတဲ့ သတင်းကြောင့် အမေရိကဘဏ်ရဲ့ ရှယ်ယာစျေးတွေဟာ ဆက်တိုက် ကျရိပ်ပြလာခဲ့ပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ ကြားမှာလည်း စိုးရိမ်မှုတွေ တိုးလာစေပါတယ်။
အမေရိကဘဏ်ဟာ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက သတ်မှတ်တဲ့ ပိတ်ဆို့ အရေးယူမှု စည်းမျဉ်းတွေကိုလည်း လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဒေါ်လာ ၁၁.၆ သန်း ပေးဆောင်ခဲ့ရဖူးပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အမေရိကန် အစိုးရ ပိတ်ဆို့အရေးယူမှုတွေ ရှိနေတဲ့ ရုရှားနဲ့ အီရန်တို့လို နိုင်ငံတွေကနေ ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းပေးချေမှုတွေကို အမေရိကဘဏ်က ဝန်ဆောင်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နောက်ထပ် အမေရိကန် ဘဏ်လုပ်ငန်း တစ်ခုဖြစ်တဲ့ American Express National Bankဟာလည်း ငွေကြေးခဝါချမှု တားဆီးရေး စည်းမျဉ်းတွေကို လိုက်နာမှု အားနည်းတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဒေါ်လာ သန်း ၃၅၀ ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။
ကိုးကား: Guardian

















































