Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်သင်္ဘောကို ရေအမြောက်နဲ့ ထိုးခဲ့တဲ့ကိစ္စ ထိုင်ဝမ် တာဝန်ယူရလိမ့်မယ်လို့ တရုတ်သတိပေး

တရုတ်ငါးဖမ်းလှေကို ရေအမြောက် (အားပြင်းတဲ့ မီးသတ်ပိုက်)နဲ့ ထိုးခဲ့တဲ့ လုပ်ရပ်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိုင်ဝမ်က တာဝန်ယူရလိမ့်မယ်လို့ တရုတ် အစိုးရက သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ငါးဖမ်းလှေကို ရေအမြောက် (အားပြင်းတဲ့ မီးသတ်ပိုက်)နဲ့ ထိုးခဲ့တဲ့ လုပ်ရပ်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိုင်ဝမ်က တာဝန်ယူရလိမ့်မယ်လို့ တရုတ် အစိုးရက သတိပေးလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းက ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဟာ နိုင်ငံပိုင်နက် ပရာတက်စ်ကျွန်း ကမ်းလွန် ကန့်သတ်ရေပြင်မှာ ငါးလာဖမ်းတဲ့ တရုတ်သင်္ဘောကို ထွက်ခွာသွားဖို့ ညွှန်ကြားခဲ့ပေမယ့် မသိကျိုးကျွန် ပြုခဲ့တဲ့အတွက် ရေအမြောက်နဲ့ လှမ်းထိုးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ရေအမြောက်ဒဏ်ကြောင့် တရုတ်ရေယာဉ်ဟာ အင်ဂျင်ခန်း ပျက်စီးသွားခဲ့ပြီး တခြားတရုတ်သင်္ဘော တစ်စီးက ဆွဲယူသွားခဲ့ရကြောင်း ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ တရုတ် အစိုးရက အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်ဝမ်ကို တင်းမာတဲ့ သတိပေးမှုမျိုးနဲ့ တုံ့ပြန်လာတာ ဖြစ်ပါတယ်။ တရုတ် အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရ အရာရှိ ချန်ပင်ဟွာက ပရာတက်စ် ကျွန်းစုနဲ့ အနီးတဝိုက် ရေပြင်တွေ ဆိုတာက တရုတ်ရဲ့ အငြင်းပွားစရာမရှိတဲ့ အချုပ်အခြာအာဏာ ပိုင်နက် ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ပိုင်နက် ရေပြင်ဖြစ်တာကြောင့် တရုတ် သင်္ဘောတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာတာဟာ တရားဝင်ပြီး မျှတကြောင်း၊ တရုတ်ဟာ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ချန်က ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ ရေယာဉ်တွေကို ထိုင်ဝမ်က အန္တရာယ်များတဲ့ ထိတွေ့မှုမျိုး လုပ်ဆောင်ခဲ့တာဟာ ရေယာဉ် အမှုထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရာ ရောက်သလို ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှုလည်း ဖြစ်စေခဲ့ကြောင်း၊ ဖြစ်လာသမျှ အကျိုးဆက်တွေကို ထိုင်ဝမ်အနေနဲ့ တာဝန်ယူဖို့ လိုကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်ဖက်ကတော့ ပရာတက်စ်ကျွန်းနားမှာ နှစ်ဖက်ရေယာဉ်တွေကြား ထိပ်တိုက်တွေ့ခဲ့တာကို အတည်ပြုခဲ့ပြီး ထိုင်ဝမ် ကမ်းခြေစောင့်တပ် အနေနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပုံမှန် လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့ကြောင်း ပြောကြားထားပါတယ်။

ပရာတက်စ်ကျွန်းစုဟာ ထိုင်ဝမ်တောင်ပိုင်းနဲ့ တရုတ်ထိန်းချုပ်ထားရာ ဟောင်ကောင်တို့ကြားလောက်မှာ တည်ရှိပါတယ်။ အဲဒီကျွန်းစုဟာ ထိုင်ဝမ်ကနေ ကီလိုမီတာ ၄၀၀ လောက် ကွာဝေးနေတာကြောင့် တရုတ်က တိုက်ခိုက်လာရင် ထိုင်ဝမ် အနေနဲ့ ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း အားနည်းနိုင်ကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်း တစ်ခုလုံးကို ပိုင်နက်အနေနဲ့ သတ်မှတ်ထားသလို လိုအပ်လာရင် အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ အတိအလင်း ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ သီးခြားရပ်တည်မှုကိုပဲ လိုလားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ်ကျွန်း တဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်လာပြီး ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးတာတွေကိုလည်း တိုးမြှင့်လာနေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင်ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့တရုတ်တရားရုံးကဒီနေ့ (အောက်တိုဘာလ ၁၃ ရက်)မှာ သေဒဏ်ချလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းထားတာကြောင့် ပါရာဂွေးနဲ့ ဘီလစ်ဇီ နိုင်ငံတွေရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို တရုတ်က ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။