ဆော်ဒီ အာရေးဘီးယား အစိုးရပိုင် ရေနံနဲ့ စွမ်းအင်လုပ်ငန်းစုကြီး Aramcoရဲ့ စီမံခန့်ခွဲရေး ပင်မရုံး အဆောက်အအုံ တစ်ခုကို ဟိုသီ ပြောက်ကျားတွေက တိုက်ခိုက်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဆော်ဒီ စွမ်းအင် ဝန်ကြီးဌာနက ယီမင်အခြေစိုက် ဟိုသီတွေဟာ နိုင်ငံအရှေ့ပိုင်း ဒါရန်းမြို့မှာရှိတဲ့ Aramco ရုံးအဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အကန့်အသတ်နဲ့ မီးလောင်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အီရန်က အားပေးထောက်ခံတဲ့ ဟိုသီတွေဟာ ဆော်ဒီအစိုးရနဲ့ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့နောက် ဆော်ဒီပိုင်နက်ထဲက လေဆိပ်တွေ၊ အခြေခံ အဆောက်အအုံတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာခဲ့ပါတယ်။
ဒါရန်းမြို့က Aramco ရုံးအဆောက်အအုံ တိုက်ခိုက်ခံရတဲ့ အခြေအနေ အသေးစိတ်ကို အစိုးရက မထုတ်ပြန်ပေမယ့် ကုမ္ပဏီ အရာရှိ တစ်ဦးကတော့ ပဲ့ထိန်းဒုံးကျည် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ ရုံးခန်းတွေ ဖွင့်လှစ်ထားရာ မျှော်စင် အဆောက်အအုံရဲ့ အပေါ်ဆုံး သုံးလွှာမှာ အပျက်အစီးတွေ ဖြစ်ခဲ့တယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က Reutersဆီကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ အဆောက်အအုံမှာလည်း မီးစွဲလောင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဟိုသီတွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ နေရာဟာ Aramcoရဲ့ ရေနံထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ သန့်စင်ချက်လုပ်မှုနဲ့ တခြားသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျယ်ပြန့်တဲ့ ကွန်ရက်တွေကို ထိန်းချုပ်စီမံနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတ်ယ။
ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီအစိုးရဟာ ဟိုသီတွေရဲ့ ပြိုင်ဘက် ယီမင်အစိုးရ တပ်တွေကို အကူအညီပေးပြီး ဟိုသီပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို ဟိုသီတွေကလည်း တာဝေးပစ် ဒုံးကျည်၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန်နေတာ ဖြစ်ပါတယ်။
ဆော်ဒီရဲ့မြို့တော် ရီယတ်ဒ်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ ရက်ပိုင်းအတွင်း ၄ ကြိမ် တိုက်ခိုက်ခံရပြီး လူ ၁၄ ဦးထက်မနည်းသေ၊ ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဟိုသီတွေဟာ ဆော်ဒီအနှံ့မှာရှိတဲ့ Aramcoရဲ့ စက်ရုံတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကိုပါ တိုက်ခိုက်နေခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ရီယတ်ဒ်အပါအဝင် ဆော်ဒီရဲ့ ဒေသတချို့မှာ ဟိုသီတွေရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို လေကြောင်း ကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချခဲ့ပါတယ်။ အဲဒီလို ပစ်ချရာမှာ အစအနတွေ ထိမှန်လို့ လူ ၄ ဦး ဒဏ်ရာရပြီး အိမ် ၁၅ လုံးလောက် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့တယ်လို့လည်း ဆော်ဒီက ထုတ်ပြန်ထားပါတယ်။
ဟိုသီတွေကတော့ ဒါရန်းမှာရှိတဲ့ Aramco ဌာနချုပ်နဲ့ ရီယတ်ဒ်မှာရှိတဲ့ ရေနံချက်စက်ရုံ တစ်ခုကို အောက်တိုဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဆော်ဒီအတွက် အပြင်းအထန် နာကျင်ရတဲ့ ဒဏ်ခတ်မှုတွေ ကြုံတွေ့စေမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ကိုးကား: Reuters



















































