ဂျပန်နိုင်ငံသား သတင်းထောက် တစ်ယောက်ကို ရုရှားက သူလျှိုမှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ရုရှားဖက်ဒရယ် လုံခြုံရေးဌာန (FSB)က ဂျပန်နိုင်ငံသား သတင်းစာ ဂျာနယ်လစ် တစ်ယောက်ကို ရုရှားအရှေ့ဖျား ဒေသမှာ ဖမ်းဆီးထားတာ ဖြစ်တယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဟော့ကိုင်းဒိုးရှင်ဘွန်း သတင်းဌာနရဲ့ ယူဇ်နို-ဆက်ခဲလင့်စ်ခ် ဒေသ အခြေစိုက် ဗျူရိုမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်ဟာ ရုရှားရဲ့ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို လျှို့ဝှက် စုဆောင်းနေခဲ့ကြောင်းလည်း FSBက စွပ်စွဲခဲ့ပါတယ်။
အဖမ်းခံရတဲ့ ဂျာနယ်လစ်ရဲ့ နာမည်ဟာ ယူကီ အင်မိုင်ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ထုတ်ပြန်ခဲ့ပါတယ်။ သူက ဂျပန်အစိုးရဟာ ရုရှားကို စေလွှတ်ထားတဲ့ သတင်းထောက်ကို သူလျှိုအဖြစ် အသုံးချခဲ့တာလို့လည်း ပြောပါတယ်။ ရုရှားရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အချက်အလက် စုဆောင်းမှုတွေ ဂျပန်က ပြုလုပ်နေတာကို ဖော်ထုတ် တွေ့ရှိရတဲ့အတွက် စိတ်ပျက်မိကြောင်းလည်း ဇာခါရိုဗာက ဆိုပါတယ်။
ရုရှားအစိုးရ မီဒီယာကတော့ ဂျပန်နိုင်ငံသားကို FSB အရာရှိ တစ်ဦးက စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယို ဖြတ်ပိုင်းတစ်ခုကိုပါ ဖော်ပြခဲ့ပါတယ်။ စွပ်စွဲခံရသူဟာ ဂျပန်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားပြီး ရုရှား ထိန်းချုပ်ထားရာ ကျွန်းတွေပေါ်က နေထိုင်သူတွေရဲ့ အချက်အလက်တွေ၊ ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ စစ်မှုထမ်း စုဆောင်းမှုတွေ၊ ဆန္ဒအလျောက် စစ်မှုထမ်းဖို့ စာရင်းပေးသူတွေ အကြောင်းတွေကို လျှို့ဝှက် ထောက်လှမ်းနေခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အင်မိုင်ဟာ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး၊ ပြီးတော့ ယူဇ်နို-ဆက်ခဲလင့်စ်ခ် ဒေသက မြောက်ကိုရီးယား ရွှေ့ပြောင်းလုပ်သားတွေ အကြောင်းနဲ့ ဒေသခံတွေရဲ့ ဘဝအခြေအနေတွေကို သတင်းယူနေတဲ့ ဂျာနယ်လစ် တစ်ဦးပါ။ သူ့ကို ဒီဇင်ဘာ ၁၂ ရက်နေ့ထိ ထိန်းသိမ်းထားဖို့ ရုရှားတရားရုံး တစ်ခုက ညွှန်ကြားထားပြီး FSBက စုံစမ်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဂျပန်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတွေကို ဩဂုတ်လတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင် သွားရောက် လည်ပတ်ခဲ့တဲ့နောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုဖမ်းဆီးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဂျပန်ဂျာနယ်လစ်ကို ရုရှားက ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့တော့ တိုကျိုမှာရှိတဲ့ ရုရှားသံရုံးက လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ကိုးကား: Japan Times



















































