Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရေနံတွေ လျှို့ဝှက် သယ်ဆောင်ပေးနေတဲ့ သင်္ဘောတစ်စီးကို ပြင်သစ် ဖမ်းဆီး

ရုရှားရေနံတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - X/@EtatMajorFR

ရုရှားရေနံတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်က အတည်ပြုခဲ့ပါတယ်။

အဲဒီရေယာဉ်ဟာ shadow fleetလို့ ခေါ်ဝေါ်ပြီး ပိတ်ဆို့ဒဏ်ခတ် ခံထားရတဲ့ ရုရှား ရေနံလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို တရားမဝင် လျှို့ဝှက် သယ်ယူပေးနေတဲ့ ရေနံတင် သင်္ဘောအုပ်ထဲက တစ်စီးလို့ ယုံကြည်ရကြောင်း ပြင်သစ် စစ်တပ်က ပြောပါတယ်။ ရုရှားကတော့ အဲဒီဖမ်းဆီးမှုကို ပြင်သစ်ရဲ့ နောက်ထပ် ပင်လယ်ဓားပြမှု တစ်ခုလို့ စွပ်စွဲ တုံ့ပြန်ခဲ့ပါတယ်။

ပြင်သစ်စစ်တပ်ဟာ ဘီနင်အလံ လွှင့်ထူထားပြီး အရင်က ကာလင်နင်ဂရက်၊ လက်ရှိမှာ DF Peakဆိုတဲ့ နာမည်နဲ့ ခုတ်မောင်းနေတဲ့ ရေယာဉ်ကို ရီယူနီယံ ကျွန်းနားမှာ အောက်တိုဘာ ၁၂ ရက်နေ့က ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။ ဒါဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ရုရှားရဲ့ shadow fleetနဲ့ ဆက်စပ်တဲ့ ပဉ္စမမြောက် ရေယာဉ်တစ်စီးကို ပြင်သစ်က ဖမ်းဆီးမှု ဖြစ်လာပါတယ်။

ဘီနင်အလံ လွှင့်ထူထားတဲ့ ရေယာဉ်မှာ မသင်္ကာစရာ အချက်တွေ တွေ့ရှိတဲ့အတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း၊ ခုထိလည်း အဲဒီ မသင်္ကာစရာတွေ လျော့မသွားသေးတဲ့အတွက် ရေယာဉ်ကို ရီယူနီယံမှာပဲ ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ကြောင်း ပြင်သစ် စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဇေဗီးယား ရိုင်ဗဲလ်က ပြောပါတယ်။ ရီယူနီယံကျွန်းဟာ အာဖရိကတိုက် အနောက်တောင်ဖက် ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရဟာ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းတွေကြောင့် ရုရှားရဲ့ ဒီဇယ်ဆီတွေကို ရောင်းချခွင့် ပြုခဲ့ပြီး အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးထားပေမယ့် ပြင်သစ်နဲ့ ဥရောပ နိုင်ငံတွေကတော့ shadow fleet ရေနံတင် သင်္ဘောတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပါတယ်။

ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက အခုလို ကြားဖြတ်ဟန့်တားတဲ့ လုပ်ရပ်ဟာ နောက်ထပ် ပင်လယ်ဓားပြမှု တစ်ခုလို့ စွပ်စွဲခဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး သင်္ဘောပေါ်မှာ ရုရှားအမှုထမ်းတွေ လိုက်ပါသွားသလား ဆိုတာကို ဆက်လက် စုံစမ်းနေကြောင်း သံရုံးက ဆိုပါတယ်။ ပြင်သစ် အစိုးရဟာ သင်္ဘောကို ကြားဖြတ် ဖမ်းဆီးမယ့်အကြောင်း ရုရှားဆီ ကြိုတင် အသိပေးမှုလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ရီယူနီယံကျွန်းရဲ့ တောင်ဖက် ရေမိုင် ၄၅၀ လောက်အကွာမှာ ရဟတ်ယာဉ်တွေပေါ်ကနေ ဆင်းသက်ပြီး ပြင်သစ် စစ်သားတွေက DF Peakကို စီးနင်းခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ အတည်ပြုထားခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းကို ရောက်နေနေ၊ shadow fleet ရေယာဉ်တွေကို ခြေရာခံ ဖော်ထုတ်ပြီး ဖြိုခွင်းဖို့ ပြင်သစ်က စိတ်ပိုင်းဖြတ်ထားကြောင်းလည်း မာခရွန်က ရေးသားထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံသား သတင်းထောက် တစ်ယောက်ကို ရုရှားက သူလျှိုမှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက စူပါမားကက်နဲ့ အရောင်းဆိုင် ရာဂဏန်းလောက်မှာ ရေခဲသေတ္တာတွေနဲ့ အအေးပေး စနစ်တွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းအုပ်နဲ့ ဆရာမတစ်ဦးကို ပစ်ခတ်ခဲ့မှုအတွက် ပြင်သစ်မှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကို ရဲတွေက ဖမ်းဆီးထားပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ရုရှားအနေနဲ့ NATOရဲ့ ပိုင်နက်ကို ရူးမိုက်တဲ့ ထိပါးတိုက်ခိုက်မှုမျိုး လုံးဝမလုပ်ဖို့ သတိပေး ပြောကြားခဲ့ပါတယ်။