အောက်တိုဘာ-၁၆၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။
မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက် မနက်ပိုင်းကစပြီးစစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ အောက်တိုဘာ ပထမလပတ်မှာ ရပ်တန့်သွားပါတယ်။
တိုက်ပွဲက မိုးမိတ်-သပိတ်ကျင်းလမ်း၊ မိုးမိတ်-မဘိမ်းလမ်းနဲ့ မြစ်ဆုံရွာ၊ (၇)မိုင်ရွာတွေဘက်ကို ရောက်သွားတာဖြစ်ပြီး ညောင်နီကျေးရွာအနီးမှာ ဒီကနေ့ တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
” မနက်ကစပြီး တအုန်းအုန်းချနေတာ။ မြို့နဲ့နီးတယ်။ လေယာဉ်ကို ကြောက်နေရတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်- သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းကျေးရွာအနီးမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။
ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
” တိုက်ပွဲဧရိယာက ကျယ်နေတာ။ မဘိမ်းဘက်လည်း စစ်ရေးသတိပေးထားတယ်။ ဒေသခံတွေကတော့ စစ်ကြောင်းသတင်းနားစွင့်ပြီး လွတ်ရာရှောင်ကြရတယ်”လို့ မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။
မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတာပါ။ အဲ့ဒီစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေကမကြာခဏ တိုက်ခိုက်နေပြီး မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာပါ စစ် ရေးတင်းမာခဲ့ပါတယ်။
ယခုရက်ပိုင်းတိုက်ပွဲတွေမှာ အရပ်သား သေဆုံးသူ ၂ ဦးရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲလို့ ၁၂ရက်အတွင်း အရပ်သား လေးဦးသေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ထုတ်ပြန်ခဲ့ပါတယ်။
မိုးမိတ် – မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့ တွေဟာ နယ်မြေချင်းဆက်စပ်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။
















































