အောက်တိုဘာ-၁၄၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မိုးမိတ်မြို့ မြစ်ဆုံကနေကျော်ရင် ရောက်ရှိတဲ့ (၇)မိုင်ရွာအနီးမှာ အောက်တိုဘာ ၇ရက် မနက်စောပိုင်းကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ ပိတ်မိနေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဖမ်းဆီးနေတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
” ဖြတ်သွားဖြတ်လာတော့ မြင်တယ်လို့ ပြောတာကို အတင်းဖမ်းဆီးတယ်။ တချို့ဖမ်းခံထိထားတယ်။ မနေ့ကတော့ ရွာခံတွေကို ထွက်ခိုင်းလို့ ထွက်ခဲ့ရပြီ။ ဒါပေမယ့် အဖမ်းခံရသူတွေ မလွှတ်ပေးသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
မိုးမိတ်မြို့၊ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တွေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မိုးမိတ်-မဘိမ်းလမ်း၊ မိုးမိတ် -သပိကျင်းလမ်းပိုင်းတွေမှာပါ တိုက်ပွဲဆက်ဖြစ်နေတာပါ။
တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ သေဆုံးသူနဲ့ စစ်တပ်က ဖမ်းထားသူအရေအတွက်ကိုတော့ လတ်တလောအတည်မပြုနိုင်သေးပါဘူး။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံကို ၂၀၂၅ အောက်တိုဘာ မှာ TNLAက ပြန်ပေးခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်တပ်စစ်ကြောင်းတွေ ဝင်လာတာပါ။ အဲ့ဒီစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေကမကြာခဏ တိုက်ခိုက်နေပြီး မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာပါ စစ်ရေးတင်းမာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲလို့ ၁၂ရက်အတွင်း အရပ်သား ၄ ဦးသေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်ခဲ့ပါတယ်။



















































