ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့ ဝင်ရောက် စေ့စပ်ညှိနှိုင်းပေးထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပေမယ့် အခုတော့ အဲဒီ အခြေအနေက ပျက်စီးသွားမယ့်သဘော ဖြစ်လာပါတယ်။
ထရမ့်ဟာ ရုရှားရဲ့ ဒီဇယ်တွေကို အမေရိကန်က ဝယ်ယူဖို့ ညှိနှိုင်းထားသလို ရုရှားရေနံချက် စက်ရုံတွေကို မတိုက်ခိုက်ဖို့လည်း ယူကရိန်းကို ဖိအားပေးထားပါတယ်။ ဒါပေမဲ့ အဲဒီလို သတိပေးထားတဲ့ ကြားကနေ ယူကရိန်းဟာ ရုရှားရဲ့ ရေနံချက် စက်ရုံတွေနဲ့ တခြားစွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြန်စနေပြီလို့ ယုံကြည်ရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့မှာ ရုရှားက ရာဇန်ဒေသမှာရှိတဲ့ ရေနံချက် စက်ရုံတစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ စွပ်စွဲချက်သာ မှန်ကန်ရင်တော့ ရုရှားနဲ့ ယူကရိန်းတို့ကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြအောင် ကြားဝင် ညှိနှိုင်းပေးခဲ့တယ်လို့ ထရမ့်က ကြေညာထားတဲ့နောက်ပိုင်း ယူကရိန်းက ရုရှားရေနံချက် စက်ရုံတစ်ခုကို ပထမဆုံး တိုက်ခိုက်မှု ဖြစ်လာမှာပါ။
ရိုမေးနီးယား ရေပိုင်နက်နား ပင်လယ်နက်ထဲ စီးဝင်ရာ ဒနူဘီမြစ်ဝနားမှာ အရပ်ဖက် သင်္ဘောနှစ်စီး တိုက်ခိုက်ခံရမှုကလည်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခမှာ အရပ်ဖက် ရေယာဉ်တွေ ပစ်မှတ်ထား ခံနေရတဲ့ အခြေအနေတွေ ပိုဆိုးလာနေကြောင်း မြင်သာစေခဲ့ပါတယ်။ ရိုမေးနီးယား သမ္မတ နီကူဆာဒန်က ရုရှားဒရုန်းတွေဟာ ရိုမေးနီးယား လေပိုင်နက်ထဲ ကျူးကျော်လာပြီး ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေနံတင် သင်္ဘောနှစ်စီးကို ထိမှန်ခဲ့တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Public Service Announcement
အဲဒီတိုက်ခိုက်မှုမှာ သင်္ဘောတွေ မီးလောင်ကုန်ပြီး သင်္ဘောသား ၇ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့လည်း ဒန်က ဆိုပါတယ်။ အခုဆိုရင် ပင်လယ်နက် ရေပြင်ရဲ့ လုံခြုံရေးဟာ ကြောက်စရာ အခြေအနေမျိုး ဖြစ်လာနေကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းဟာ ငြိမ်းချမ်းရေး စကားပြောဖို့ ဆန္ဒရှိကြောင်း ပြသတဲ့ အနေနဲ့ တိုက်ခိုက်မှုတွေကို ယာယီ ရပ်တန့်ခဲ့ကြောင်း၊ ဒါပေမဲ့ ရုရှားဖက်က ဆက်ပြီး ရန်လိုနေတဲ့အတွက် ရုရှား ရေနံချက် စက်ရုံတွေကို ယူကရိန်းက ပြန်လည် တိုက်ခိုက်တော့မှာဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ရန်သူ့ ရေနံချက် စက်ရုံတွေကို မတိုက်ဖို့ တားဆီးထားတဲ့ သတ်မှတ်ချက်ကို ဖယ်ရှားလိုက်ပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ နောက်ပြီး ရုရှားတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ယူကရိန်းဆီ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေပေးရာမှာ လစ်ဟာမှုတွေ ရှိခဲ့တာကလည်း အန္တရာယ်များတဲ့ ပျက်ကွက်မှု တစ်ခုအဖြစ် သူက ဝေဖန်ခဲ့ပါတယ်။
ရုရှားရဲ့ ရာဇန် ဒေသမှာတော့ ရေနံချက် စက်ရုံ မီးလောင်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရုရှားဟာ အဲဒီနေရာကို တိုက်ခိုက်ဖို့ ဒရုန်း ၆၉ စီးနဲ့ Flamingo ခရုစ်ဒုံးကျည် ၄ စင်းကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ဇီလန်စကီးရဲ့ အဆိုအရ ယူကရိန်းဟာ ရုရှားရဲ့ Sukhoi Su-34 တိုက်လေယာဉ် ၄ စီးကို ဖျက်ဆီးခဲ့ပြီး ၂ စီးကိုလည်း ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်း စစ်တပ်က သီးခြားထုတ်ပြန်ရာမှာတော့ ရုရှားတောင်ပိုင်းက ဗိုရိုနက်ချ် ဒေသမှာရှိတဲ့ လေတပ်စခန်း တစ်ခုကို Neptune ခရုစ်ဒုံးကျည် တစ်စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ကိုးကား: Guardian
















































