Connect with us

Hi, what are you looking for?

ဆောင်းပါး

မြန်မာသတင်းထောက်တစ်ဦး၏ ရင်ဖွင့်သံ

“သူတစ်ပါးရဲ့ နာကျင်မှုတွေက ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါ”

ဥဂ္ဂါ ရေးသားသည်။

သတင်းထောက်တစ်ယောက်ရဲ့သတ္တိဆိုတာ နာကျင်မှုတွေကို မခံစားရခြင်းမဟုတ်ပါဘူး။ နာကျင်မှုတွေကြားမှာ အမှန်တရားကို ဆက်လက်ဖော်ထုတ်ရင်း ကိုယ်တိုင်ရှင်သန်နိုင်ဖို့ ကိုယ့်ကိုယ်ကိုလည်း လူသားတစ်ယောက်အဖြစ်ပြန်လည်ဂရုစိုက်နိုင်ခြင်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ Exile Hub ဟာ ကမ္ဘာတစ်ဝန်းက ဒေသခံတွေရဲ့အသံနဲ့ လူသိနည်းသော အကြောင်းအရာတွေကို အကျိုးအမြတ်မယူဘဲ နိုင်ငံတကာသို့ ဖော်ပြပေးနေတဲ့ မီဒီယာအဖွဲ့အစည်း Global Voices ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာသတင်းထောက်တွေနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေကြသူတွေကို လိုအပ်တဲ့ အကူအညီနဲ့ သင်တန်းတွေ ပံ့ပိုးပေးပြီး သူတို့ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်အောင်ကူညီပေးနေပါတယ်။

Exile Hubရဲ့အစီအစဉ်မှာပါဝင်ခွင့်ရရှိထားတဲ့ မြန်မာသတင်းထောက်တစ်ဦးက သတင်း‌မီဒီယာလောကထဲ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေနဲ့ ပြည်ပရောက်ဘဝရဲ့အခက်အခဲတွေကို ကိုယ်တွေ့ခံစားချက်တွေနဲ့အတူဒီဆောင်းပါးမှာပြန်လည်ရင်ဖွင့် မျှဝေထားပါတယ်။

Public Service Announcement

Public Service Announcement

“ဒီအလုပ်ကို ငါ ဆက်လုပ်နိုင်ပါ့မလား”ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်မေးခဲ့မိလဲဆိုတာတောင်မရေတွက်နိုင်တော့ပါဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့ သတင်းမီဒီယာလောကထဲ စဝင်ခဲ့တုန်းက ကျွန်တော်ဟာ စိတ်အားထက်သန်မှုတွေ၊ ယုံကြည်ချက်တွေနဲ့ အိပ်မက်တွေ အပြည့်ရှိနေခဲ့ပါတယ်။ သတင်းစာပညာဆိုတာ အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့အလုပ်၊ လူတွေရဲ့အသံကို လူအများကြားအောင် ပြောပြပေးနိုင်တဲ့အလုပ်လို့ ယုံကြည်ခဲ့ပါတယ်။

ဒါပေမဲ့ လေးနှစ်လောက်ကြာလာတဲ့အခါ တစ်နေရာရာမှာ ကိုယ့်ရဲ့အစိတ်အပိုင်းတချို့ကို တဖြည်းဖြည်း ဆုံးရှုံးလာနေပြီဆိုတာ သတိထားမိလာပါတယ်။

အသက် ၁၉ နှစ်အရွယ်တုန်းက ကိုယ်ရွေးချယ်ခဲ့တဲ့ဒီအလုပ်ဟာတစ်နေ့မှာကိုယ့်အသက်မွေးဝမ်းကျောင်း ဖြစ်လာသလို ကိုယ့်အိမ်ပြန်လမ်းကိုလည်း ပိုပြီးဝေးကွာသွားစေမယ့် အကြောင်းရင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။

၂၀၂၁ခုနှစ်မြန်မာ့နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာ ကျွန်တော်လည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း လုံခြုံရေးအခြေအနေတွေ ပိုဆိုးလာတဲ့အခါ အိမ်ကနေ ထွက်ခွာခဲ့ပြီး နောက်ဆုံးမှာတော့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့လေးကို ရောက်လာခဲ့ပါတယ်။

အဲဒီမှာ သတင်းစာပညာကို အခမဲ့သင်ယူခွင့်ရခဲ့တာက ကျွန်တော့်အတွက် ကံကောင်းခြင်းတစ်ခုပါပဲ။ငယ်ငယ်ကတည်းက စာရေးရတာကို ဝါသနာပါခဲ့ပါတယ်။ အစပိုင်းမှာ သတင်းတိုလေးတွေရေးတယ်။နောက်ပိုင်းမှာ ဆောင်းပါးတွေ‌၊ ဗီဒီယိုသတင်းတွေကိုလည်း ရိုက်ကူးတည်းဖြတ်တင်ဆက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့သတင်းတင်ဆက်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို သတင်းထောက်တစ်ယောက်လို့ခေါ်ရတာကိုဂုဏ်ယူခဲ့ပါတယ်။အဲဒီလောက်တောင် ဂုဏ်ယူခဲ့တာကြောင့် ကလောင်နာမည်တောင် မသုံးခဲ့ပါဘူး။ ကိုယ့်နာမည်ရင်းနဲ့ပဲ သတင်းတွေ ရေးသားတင်ဆက်ခဲ့ပါတယ်။

သတင်းစာပညာကို စလေ့လာတုန်းက ပထမဆုံးသင်ယူခဲ့ရတဲ့ သင်ခန်းစာတစ်ခုက ရိုးရိုးလေးပါပဲ။သတင်းတစ်ပုဒ်ရေးတဲ့အခါ ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ထည့်မရေးဖို့ပါ။ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကို သိလာခဲ့ပါတယ်။

သတင်းထောက်တွေလည်း လူသားတွေပါပဲ။

တစ်ခါတလေ သတင်းအင်တာဗျူးလုပ်ဖို့ သတင်းရင်းမြစ်တစ်ယောက်ကို ဖုန်းဆက်လိုက်တဲ့အခါ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြကြပါတယ်။ အဲဒီလို နားထောင်ပြီးတဲ့အခါ သူတို့ရဲ့နာကျင်မှုတွေဟာ ကိုယ့်စိတ်ထဲမှာပါ ကျန်နေခဲ့တတ်ပါတယ်။

ကျွန်တော့်တာဝန်က သူတို့ပြောတာတွေကို သေချာနားထောင်ဖို့၊ ပြီးတော့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တခြားသူတွေ သိမြင်နားလည်နိုင်အောင် စကားလုံးတွေနဲ့ ပြန်လည် ဖော်ပြပေးဖို့ပါပဲ။

ဒါပေမဲ့ တစ်ခါတလေ သူတို့ရဲ့အဖြစ်အပျက်တွေကို ကိုယ်တိုင်ထမ်းထားရသလို ခံစားရပြီး သူတို့ရဲ့နာကျင်မှုကို နှစ်ခါပြန်ခံစားနေရသလို ဖြစ်လာပါတယ်။

အင်တာဗျူးတချို့ပြီးသွားတဲ့အခါ ဖုန်းကိုချ၊ လက်ပ်တော့ဖွင့်ပြီး မျက်နှာပြင်ကိုပဲ ငေးကြည့် နေမိတတ်ပါတယ်။ ရေးစရာစကားလုံးတစ်လုံးမှ ထွက်မလာတော့ပါဘူး။

တစ်ခါက ထမင်းစားချိန်နီးနီးမှာ သတင်းရင်းမြစ်တစ်ယောက်ကို အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ ဗိုက်က ဆာနေပြီဆိုတာ သိပေမဲ့ သူ့အဖြစ်အပျက်ကို နားထောင်ပြီးတဲ့နောက် ရင်ထဲမှာ လေးလံနေသလို ခံစားရလို့ ဘာမှ မစားနိုင်ခဲ့ပါဘူး။

ဒီလိုအတွေ့အကြုံတွေတဖြည်းဖြည်းများလာတဲ့အခါ ကျွန်တော့်အတွင်းမှာလည်း တစ်ခုခု ပြောင်းလဲလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ ကျွန်တော် မငိုတော့ပါဘူး။အင်တာဗျူးတစ်ခု ပြီးသွားတာနဲ့ နောက်အလုပ်တစ်ခုကို ချက်ချင်း ဆက်လုပ်နိုင်လာပါတယ်။

ဒါပေမဲ့ အဲဒါဟာ သူတို့ရဲ့အဖြစ်အပျက်တွေက ကိုယ့်အပေါ် သက်ရောက်မှုမရှိတော့လို့ မဟုတ်ပါဘူး။ကိုယ့်ရဲ့ခံစားချက်တွေ တဖြည်းဖြည်း ထုံထိုင်းလာခဲ့တာပါ။

အဲဒီလို ခံစားချက်တွေ ထုံထိုင်းလာတာကို ကိုယ်တိုင်တောင်သတိမထားမိဘဲ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ပင်ပန်းလွယ်လာတယ်။ စိတ်တိုလွယ်လာတယ်။ အတွေးတွေ များလာတယ်။ စိတ်အခြေအနေတွေ ကျဆင်းလာတယ်။ တခြားသူတွေနဲ့ ဆက်ဆံရေးတွေတောင် ထိခိုက်လာခဲ့ပါတယ်။

ဒါပေမဲ့ ဒီအရာတွေအားလုံးကြားမှာ ထူးဆန်းတဲ့အချက်တစ်ခု ရှိနေခဲ့ပါတယ်။ကင်မရာအိတ်ကို ကောက်လွယ်ပြီး၊ ကင်မရာထောက်ခုံကို ထမ်းကာ သတင်းယူဖို့ အပြင်ထွက်တဲ့နေ့ တွေမှာတော့ အဲဒီပင်ပန်းနွမ်းနယ်မှုတချို့ ပျောက်ကွယ်သွားတတ်ပါတယ်။

လေတိုက်နေတဲ့လမ်းတွေတစ်လျှောက် လျှောက်သွားရင်း လူတွေနဲ့တွေ့ဆုံ၊ သူတို့ရဲ့ဘဝအကြောင်းတွေ နားထောင်နေတဲ့အခါ ရုတ်တရက် ကိုယ့်ကိုယ်ကို ပြန်သတိရလာပါတယ်။

“ငါ ဒီအလုပ်ကို အခုထိ ချစ်နေတုန်းပဲ”

အဲဒါကြောင့်လည်း ဒီအလုပ်ကို လုံးဝစွန့်လွှတ်ဖို့ မဖြစ်နိုင်ခဲ့တာပါ။ကိုဗစ်ကပ်ရောဂါနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကျွန်တော့်ရဲ့ ပညာရေးလမ်းကြောင်း ရပ်တန့်သွားခဲ့ပါတယ်။

သတင်းစာပညာဟာ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်လာခဲ့ပြီး တစ်နေ့တာ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားနေရတာကြောင့် ကိုယ့်အနာဂတ်အကြောင်း သေသေချာချာ စဉ်းစားဖို့ အချိန်တောင် မရှိခဲ့ပါဘူး။

နောက်ဆုံးမှာတော့ မေးခွန်းတစ်ခုက နေ့တိုင်းလိုလို ကိုယ့်နောက်ကို လိုက်လာခဲ့ပါတယ်။

“ငါ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲ”

တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက် ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတဲ့ ကြောက်စိတ်လည်း ဝင်လာခဲ့ပါတယ်။အဲဒီအချိန်မှာ မီဒီယာအဖွဲ့အစည်းတွေဟာလည်း ရန်ပုံငွေတွေ ဆုံးရှုံးလာကြတယ်။ အစီအစဉ်တွေ ပိတ်သိမ်းလာကြတယ်။ သတင်းထောက်တွေ အလုပ်လက်မဲ့ဖြစ်လာကြတယ်။

ကျွန်တော်အလုပ်လုပ်နေတဲ့ အစီအစဉ်တစ်ခု ရပ်ဆိုင်းသွားတဲ့အခါ အလုပ်လက်မဲ့ဖြစ်ခဲ့တာ ခုနစ်လလောက် ရှိခဲ့ပါတယ်။အဲဒီကာလဟာ ကျွန်တော့်ဘဝမှာ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုပါပဲ။

နောက်ထပ် တစ်နှစ်ကျော်အတွင်း သတင်းမီဒီယာနယ်ပယ်မှာ အလုပ်တစ်ခု ထပ်မရခဲ့ရင်တော့ အလုပ်အကိုင်လမ်းကြောင်းကို လုံးဝပြောင်းလဲတော့မယ်လို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးမှာ သတင်းထောက်တစ်ယောက်အဖြစ်ရော သတင်းတင်ဆက်သူ တစ်ယောက်အဖြစ်ပါ အလုပ်ပြန်လုပ်ခွင့်ရခဲ့ပါတယ်။ဒီအလုပ်ကို တကယ်ချစ်မြတ်နိုးလို့ ဆက်လုပ်နေတာပါ။

ဒါပေမဲ့ ဒီအလုပ်ကို ချစ်မြတ်နိုးရုံနဲ့ ပြည်ပမှာ နေရတဲ့ဘဝရဲ့ အခက်အခဲတွေက ပိုလွယ်ကူသွားတာတော့ မဟုတ်ပါဘူး။ရတဲ့ဝင်ငွေကလည်း တည်ငြိမ်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့ အမြဲတမ်း မလုံလောက်ပါဘူး။

အခက်ခဲဆုံးအရာကတော့ အိမ်ပြန်ချင်စိတ် အရမ်းပြင်းပြတဲ့နေ့တွေမှာတောင် အိမ်ပြန်လို့ မရနိုင်တာပါ။ကိုယ်တိုင် အိမ်မပြန်နိုင်ရင်တောင် မိသားစုကို ကိုယ့်ဆီလာလည်စေချင်ပါတယ်။ ဒါပေမဲ့ ငွေကြေး အခြေအနေကြောင့် အဲဒါကလည်း အမြဲတမ်း မဖြစ်နိုင်ပါဘူး။

ကိုယ်ချစ်ရတဲ့သူတွေကို တွေ့ချင်တယ်။ အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို စားချင်တယ်။ ကိုယ့်အိမ်ရဲ့ ရနံ့လေးကို လွမ်းတယ်။

အဲဒီထဲမှာ အလွမ်းဆုံးကတော့ အမေပါပဲ။

အမေက ကျွန်တော့်ကို တစ်ယောက်တည်း ကြိုးစားပျိုးထောင်ခဲ့တာပါ။ အခု အမေလည်း အသက်ကြီးလာပြီဆိုတော့ ကိုယ်တိုင်လည်း အမေ့ကို ပြန်လည်စောင့်ရှောက်ပေးချင်ပါတယ်။ကျွန်တော့်ရဲ့ အကြီးမားဆုံးကြောက်စိတ်တွေထဲက တစ်ခုကတော့ အမေ့ကို နောက်တစ်ကြိမ် ပြန်မတွေ့ရခင်မှာ အမေ့ဆီ တစ်ခုခုဖြစ်သွားမှာကိုပါပဲ။

အဲဒီလို အဝေးမှာနေရခြင်းက ပင်ပန်းလှတဲ့ ပြည်ပရောက်ဘဝကို ပိုပြီးလေးလံစေပါတယ်။တစ်ချိန်တုန်းက စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှု (Counseling) ကို ခံယူကြည့်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ တစ်ကြိမ်ဆွေးနွေးခအတွက် ထိုင်းဘတ် ၈၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာခန့်)ကုန်ကျပါတယ်။ရေရှည်ဆက်လက်ခံယူဖို့ ငွေကြေးမတတ်နိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ ရပ်နားလိုက်ရပါတယ်။

အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်လာခဲ့ ပါတယ်။ ကျွန်တော်ဟာ အခြေအနေပြင်းထန်တဲ့အတွက် ဆေးရုံကို နှစ်ကြိမ်တက်ခဲ့ရပါတယ်။

ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတစ်ခုမှာ ဆေးရုံတက်ရတာဟာ ငွေကြေးတတ်နိုင်ရင်တောင်ခက်ခဲပါတယ်။ငွေကြေးအခြေအနေကလည်း အဆင်မပြေဘူးဆိုရင် စိုးရိမ်ပူပန်မှုတွေက ပိုပြီးများလာပါတယ်။

အဲဒီအတွေ့အကြုံတွေကြောင့် ကိုယ့်ဘဝကို တစ်ခါတည်း အကြီးအကျယ် ပြောင်းလဲဖို့ ကြိုးစားတာကို ရပ်လိုက်ပါတယ်။အဲဒီအစား သေးသေးလေးကနေ စတင်ခဲ့ပါတယ်။

ဒီနေ့ အသက်ရှင်နေရတာကိုပဲ ကျေးဇူးတင်တတ်အောင် သင်ယူခဲ့ပါတယ်။ရာသီဥတုသာယာနေတယ်ဆိုရင် အဲဒီအတွက် ဝမ်းသာတတ်လာတယ်။အလုပ်တစ်ခု ပြီးမြောက်သွားရင်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူခွင့်ပေးလာတယ်။

နောက်ထပ် ငါးနှစ်၊ ဆယ်နှစ်ကြာရင် ကိုယ်ဘယ်နေရာမှာ ရှိနေမလဲဆိုပြီး စိတ်မပူတော့ဘူးလို့ ပြောရင်တော့ လိမ်ရာကျပါလိမ့်မယ်။ အခုထိလည်း စိတ်ပူနေတုန်းပါပဲ။

ဒါပေမဲ့ မသေချာမရေရာတဲ့ အနာဂတ်ထဲမှာပဲ အချိန်ကုန်မနေတော့ဘဲ ကိုယ့်ရှေ့မှာရှိနေတဲ့ ဒီနေ့တစ်နေ့ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

လူများတဲ့နေရာတွေကို ရောက်တဲ့အခါ အခုထိ တစ်ခါတလေ အဆင်မပြေဖြစ်တတ်ပါသေးတယ်။ အသက်ရှူရခက်လာတဲ့အချိန်တွေ၊စိတ်ခံစားချက်တွေရုတ်တရက် ပြောင်းလဲသွားတဲ့အချိန်တွေလည်း ရှိပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက သတင်းယူဖို့ အပြင်ထွက်နေတဲ့အချိန်မှာတော့ အလုပ်ထဲမှာ အာရုံအပြည့်စိုက်နိုင်ပြီး အဲဒီအခြေအနေတွေကို တစ်နည်းနည်းနဲ့ ကျော်ဖြတ်နိုင်ပါတယ်။

အခုနဲ့ အရင်က ကွာခြားသွားတာကတော့ ကိုယ့်ရဲ့ ဒီလိုအားနည်းချက်တွေကို အမြဲတမ်း တိုက်ထုတ်နေမယ့်အစား လက်ခံတတ်လာတာပါပဲ။

နောက်ထပ် သင်ယူခဲ့ရတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။အရာအားလုံးကို တစ်ယောက်တည်း ထမ်းပိုးထားဖို့ မလိုပါဘူး။

ကိုယ့်စကားကို နားထောင်ပေးမယ့်သူ၊ ကိုယ့်ကို ဂရုစိုက်ပေးမယ့်သူ၊ ရိုးရိုးလေးပဲဖြစ်ဖြစ် “အဆင်ပြေရဲ့လား” လို့ မေးပေးမယ့်သူတစ်ယောက် ရှိနေတာဟာ တစ်ခါတလေ စိတ်အတွက် ဆေးတစ်ခွက်လိုပါပဲ။

သတင်းစာပညာလောကထဲ စဝင်ခဲ့တုန်းက ကျွန်တော်ဟာ အမှန်တရားကို ရေးသားချင်တဲ့ လူငယ်တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။

လေးနှစ်ကြာပြီးနောက် နာကျင်စရာအဖြစ်အပျက်တွေ အများကြီးကို မြင်တွေ့ခဲ့ရတဲ့အခါ သူတစ်ပါးရဲ့အကြောင်းအရာတွေကို ပြောပြပေးဖို့အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာကိုလည်း သင်ယူဖို့လိုအပ်တယ်ဆိုတာ သိလာခဲ့ပါတယ်။

ကိုယ့်အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ အခုထိ မသိသေးပါဘူး။ဘယ်အချိန်မှာ အိမ်ပြန်ရမလဲဆိုတာလည်း မသိသေးပါဘူး။

ဒါပေမဲ့ အခုတော့ ယုံကြည်လာမိတဲ့ အရာတစ်ခုတော့ ရှိပါတယ်။

“အသက်ရှင်နေသေးသရွေ့ ကြိုးစားလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုခုတော့ အမြဲရှိနေပါသေးတယ်။” အဲဒီယုံကြည်ချက်နဲ့ပဲ ဆက်လက်ရှင်သန်နေပါတယ်။

အခက်အခဲတွေကြုံလာတဲ့အခါ ကိုယ့်ဘေးမှာ ရှိနေပေးခဲ့သူတွေ၊ ကိုယ့်ကို အားပေးကူညီခဲ့သူတွေနဲ့ အချိန်ပိုပေးပြီး နေထိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ကို ကိုယ့်ဘေးမှာ ရှိနေတုန်းမှာပဲ တန်ဖိုးထားတတ် ဖို့လည်း ကြိုးစားနေပါတယ်။

အိမ်ပြန်ချင်တဲ့စိတ်တွေနဲ့နေ့ရက်တွေကို ဖြတ်သန်းနေရပေမဲ့ ကျွန်တော်ဟာ အခုထိ ဆက်လက်ကြိုးစား ရှင်သန်နေဆဲပါ။

ကျွန်တော့်ရင်ထဲမှာ တစ်ပြိုင်နက်တည်း ရှိနေတဲ့ ဘဝနှစ်ခုဖြစ်တဲ့ သတင်းထောက်တစ်ယောက်အဖြစ်နဲ့ လူသားတစ်ယောက်အဖြစ် နှစ်ဖက်စလုံးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားနေဆဲပါပဲ။

ကိုးကား – Global Voices (Exile Hub)

ဆက်စပ်သတင်းများ