— နောင်နောင် ရေးသားသည်။
ကမ္ဘာကြီး ပူနွေးလာမှုရဲ့ သက်ရောက်မှုတွေဟာ အပူချိန် စံချိန်သစ်တွေ တင်တာတစ်ခုတည်းမှာ ရပ်တန့်မနေတော့ပေ။ ယခုအခါ အပူလှိုင်းတွေဟာ နေရာဒေသတစ်ခုကို ရက်အနည်းငယ်မျှသာ သက်ရောက်တဲ့ ရာသီဥတု ဖြစ်စဉ်တွေအဖြစ်ကနေ ကမ္ဘာ့ဒေသ အများအပြားကို လနဲ့ချီပြီး လွှမ်းခြုံနိုင်တဲ့ အပူလှိုင်းမုန်တိုင်းကြီးတွေအဖြစ် ပြောင်းလဲလာနေပါတယ်။
အပူလှိုင်းမုန်တိုင်းကြီးတွေရဲ့ သက်ရောက်မှုဟာ လူသားတို့ရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ လုံခြုံရေး၊ စီးပွားရေးနဲ့ သဘာဝ ဂေဟစနစ်တို့အပေါ် တစ်ပြိုင်နက်တည်း ကျရောက်လာနေပါတယ်။
Reuters ရဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ မှတ်တမ်းတွေအပေါ် အခြေခံတဲ့ စုံစမ်း လေ့လာမှုမှာ “Heat Storm” လို့ ခေါ်ဆိုတဲ့ အပူလှိုင်းမုန်တိုင်းတွေက အရင်ကထက် ပိုမို မကြာခဏ ဖြစ်ပေါ်လာပြီး ပိုမို ကျယ်ပြန့်ကာ ကြာရှည်လာတာကို ဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုမှာ အနည်းဆုံး ငါးရက် ဆက်တိုက် ဖြစ်ပေါ်ပြီး ကမ္ဘာ့မျက်နှာပြင်၏ အနည်းဆုံး ၁ ရာခိုင်နှုန်းကို လွှမ်းခြုံတဲ့ အပူလှိုင်းတွေကို အပူလှိုင်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

Public Service Announcement
၁၉၆၀ ပြည့်လွန်နှစ်များက တစ်နှစ်မှာ ပျမ်းမျှ ငါးကြိမ်ခန့်သာ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီဖြစ်စဉ်တွေဟာ အခု ဆယ်စုနှစ်အတွင်းမှာ တစ်နှစ်မှာ ပျမ်းမျှ ၁၀၂ ကြိမ်ခန့်အထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒီကိန်းဂဏန်းတွေက ကမ္ဘာ့အပူချိန် မြင့်တက်မှုရဲ့ အတိုင်းအတာကိုသာမက အပူဒဏ်ကို လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်က ပိုမို ကြာရှည် ခံစားလာရတဲ့ အခြေအနေကိုပါ ဖော်ပြနေပါတယ်။
ကမ္ဘာ့မျက်နှာပြင် အများစုကို လွှမ်းခြုံခဲ့တဲ့ အပူလှိုင်းမုန်တိုင်းတွေကို လေ့လာ ကြည့်ရမယ်ဆိုရင် မှတ်တမ်းတင်ခဲ့သမျှ အကြီးမားဆုံး အပူလှိုင်းမုန်တိုင်းဖြစ်တဲ့ Heat Storm Vera ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ၃၆၇ ရက်ကြာ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၃၁.၃ ရာခိုင်နှုန်းကို တစ်ပြိုင်နက်တည်း လွှမ်းခြုံခဲ့ပြီး ၎င်းရဲ့ သက်တမ်းတစ်လျှောက် ကမ္ဘာ့မျက်နှာပြင်ရဲ့ ၈၅ ရာခိုင်နှုန်းနီးပါးကို ဖြတ်သန်း သက်ရောက်ခဲ့ပါတယ်။
အဲဒီ အပူလှိုင်းမုန်တိုင်းရဲ့ သက်ရောက်မှုကို အမေရိကန်ကနေ အာရှ၊ ဥရောပနဲ့ အာဖရိကအထိ ကမ္ဘာ့ဒေသ အသီးသီးမှာ တွေ့မြင်ခဲ့ရပါတယ်။ နေရာတစ်ခုမှာ လူငယ် အားကစားသမားတစ်ဦးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သလို အခြားနေရာတွေမှာ သီးနှံများ ပျက်စီးခြင်း၊ တောရိုင်း တိရစ္ဆာန်များ သေဆုံးခြင်းနဲ့ ကလေးများ စာသင်ခန်းအတွင်း မူးလဲခြင်းတို့အထိ ဖြစ်ပေါ်စေခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ဘိုးဝီ (Bowie) အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်း ခေါင်းဆောင် အသက် ၁၇ နှစ်အရွယ် Justice Trumpler ဟာ အပူချိန် ၃၇.၈ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ အခြေအနေမှာ ဘောလုံး ကစားခဲ့ရပါတယ်။
ကစားနေတဲ့အချိန်တွင်းမှာ အန်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်ပေါ်လာခဲ့ပေမယ့် ပွဲကို ဆက်လက် ကစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျောက်ကပ် ပျက်စီးမှုနဲ့ ဦးနှောက် အလွန်အမင်း ရောင်ရမ်းမှုတို့ကြောင့် ဆေးရုံတင်ခဲ့ရပြီး ဦးနှောက်အတွင်း ဖိအား လျှော့ချဖို့ ဦးခေါင်းခွံကို ဖောက်ထုတ် ကုသရနိုင်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့ပါတယ်။
သူဟာ နှစ်ရက်အကြာမှာ ဆေးရုံကနေ ဆင်းနိုင်ခဲ့ပေမယ့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ဘောလုံး ကစားသမားအဖြစ် အနာဂတ် အခွင့်အလမ်းတွေအပေါ် သက်ရောက်မှုတွေကို ဆက်လက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်က အပူချိန် မြင့်မားတဲ့ အခြေအနေမှာ အားကစား ပြိုင်ပွဲတွေ ကျင်းပခြင်းက အားကစားသမားတွေအတွက် အသက်အန္တရာယ် ရှိနိုင်တာကို ထင်ရှားစေခဲ့ပါတယ်။
ဥရောပတောင်ပိုင်း စပိန်နိုင်ငံမှာတော့ အပူလှိုင်းမုန်တိုင်းနဲ့ မိုးခေါင်ရေရှားမှုတို့က သံလွင်စိုက်ပျိုးရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ ပုံမှန်အားဖြင့် အပူဒဏ်ကို အတော်အတန် ခံနိုင်တဲ့ သံလွင်ပင်တွေတောင်မှ အပူချိန် မြင့်မားမှုနဲ့ မိုးရေ ရှားပါးမှုကြောင့် ပန်းပွင့်ခြင်းနှင့် အသီးသီးခြင်းတို့ ထိခိုက်ခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်မှာ ကာကာဘွေး (Carcabuey) ဒေသရှိ သံလွင်ဆီ ကြိတ်စက်တစ်ခုမှာ တန်ချိန် ၅၆ တန်ခန့်ရှိတဲ့ အရည်အသွေးမြင့် သံလွင်ဆီကို ခိုးယူခံခဲ့ရပါတယ်။ ခိုးယူခံရတဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၅၄၆,၀၀၀ ခန့် ရှိပါတယ်။ အဲဒီကာလမှာ စပိန်ရဲ့ သံလွင်ဆီ ထုတ်လုပ်မှုမှာလည်း မူလပမာဏထက် ထက်ဝက်ခန့် ကျဆင်းခဲ့ပြီး သံလွင်ဆီ ဈေးနှုန်းဟာ ၄၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။
သီးနှံ အထွက်နှုန်း ကျဆင်းခြင်းဟာ လယ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက်စေရုံသာမက စားသုံးသူများအတွက် အစားအစာ ဈေးနှုန်းများကိုပါ မြင့်တက်စေကြောင်း ဒီဖြစ်ရပ်က ပြသနေပါတယ်။
ဘရာဇီးနိုင်ငံ အမေဇုန်ဒေသရှိ တဲဖေး (Tefé) ရေကန်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း မြစ်လင်းပိုင်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။ ရေကန်အတွင်း ရေအပူချိန်ဟာ ၄၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး အပူဒဏ်ကြောင့် ရေနေ သတ္တဝါများ အသက်ရှင် နေထိုင်ဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အဲဒီကာလအတွင်း လင်းပိုင် ၂၀၀ ကျော် သေဆုံးခဲ့တယ်။ သုတေသီတွေရဲ့ စစ်ဆေးမှုမှာ အချို့လင်းပိုင်တွေရဲ့ ဦးနှောက်မှာ ထိခိုက်ဒဏ်ရာတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ သွေးယိုစိမ့်မှု လက္ခဏာများ တွေ့ရှိခဲ့ကြပါတယ်။ အပူချိန် မြင့်မားမှု၊ မိုးခေါင်မှုနဲ့ အခြား ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ပေါင်းစပ် သက်ရောက်ခြင်းက အမေဇုန်ရဲ့ ထူးခြားတဲ့ ဂေဟစနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။
ဒီဖြစ်ရပ်က အပူလှိုင်းမုန်တိုင်းတွေရဲ့ အန္တရာယ်ဟာ လူသားတွေအပေါ်သာ သက်ရောက်ခြင်း မဟုတ်ဘဲ ရေချို ဂေဟစနစ်နဲ့ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန် မျိုးစိတ်တွေအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်တယ်ဆိုတာ ဖော်ပြနေပါတယ်။
အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံမှာ အပူလှိုင်းမုန်တိုင်းဟာ ပညာရေးကဏ္ဍကိုပါ ထိခိုက်စေခဲ့ပါတယ်။ တက်ကလိုဘန် မြို့ရှိ ကျောင်းတွေမှာ ကျောင်းသားတွေ မူးလဲခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အပူဒဏ်ဆိုင်ရာ လက္ခဏာတွေ ခံစားရတာတို့ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
အပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ အခြေအနေမှာ စိုထိုင်းဆ မြင့်မားမှုကြောင့် လူ့ခန္ဓာကိုယ်က ခံစားရတဲ့ အပူချိန်မှာ ၄၇ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ခဲ့ပါတယ်။ တချို့ဒေသတွေမှာ ခံစားရတဲ့ အပူချိန်ဟာ ၅၃ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ပါတယ်။
ကျောင်းသား ၄၀ ကျော် မူးလဲခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပြီး အပူဒဏ် ပြင်းထန်တာကြောင့် လူကိုယ်တိုင် တက်ရောက်တဲ့ စာသင်ခန်းတွေကို နိုင်ငံတစ်ဝန်း ယာယီ ရပ်နားခဲ့ရပါတယ်။ ကျောင်းဖွင့်ရက်နဲ့ ပညာသင်နှစ် ပြက္ခဒိန်ကိုလည်း ပြန်လည် ပြင်ဆင်ခဲ့ရတယ်။
ဒီအခြေအနေက အပူဒဏ်ဟာ အလုပ်လုပ်နေသူတွေနဲ့ သက်ကြီးရွယ်အိုတွေသာမက ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာသင်ကြားခွင့်နဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။
အပူလှိုင်းမုန်တိုင်းရဲ့ နောက်ထပ် ပြင်းထန်တဲ့ သက်ရောက်မှုကို အိုင်ဗရီကို့စ်နဲ့ ဂါနာနိုင်ငံတို့မှာ တွေ့မြင်ခဲ့ရပါတယ်။ ကမ္ဘာ့ကိုကိုး ထုတ်လုပ်မှုရဲ့ ထက်ဝက်ခန့်ကို ထုတ်လုပ်ပေးနေတဲ့ အဲဒီနိုင်ငံတွေမှာ အပူဒဏ်၊ မိုးခေါင်မှုနဲ့ အပင်ရောဂါတွေကြောင့် ကိုကိုး အထွက်နှုန်း သိသိသာသာ ကျဆင်းခဲ့တယ်။ ၂၀၂၃-၂၀၂၄ ရာသီမှာ နှစ်နိုင်ငံရဲ့ ကိုကိုး ထွက်ရှိမှုဟာ ထက်ဝက်ခန့် လျော့နည်းခဲ့ပါတယ်။
အိုင်ဗရီကို့စ်နိုင်ငံမှ ကိုကိုး စိုက်တောင်သူ Brou Kouassi ဟာ နှစ်ပေါင်း ၅၀ ခန့် ကိုကိုး စိုက်ပျိုးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အပူလှိုင်းမုန်တိုင်းကြောင့် သူ့ရဲ့ စိုက်ခင်းက ကိုကိုးသီးတွေ ခြောက်သွေ့သွားခြင်း၊ အရွက်များ ကြွေကျခြင်းနှင့် အပင်များ သေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ သီးနှံ အထွက်နှုန်း ကျဆင်းသွားတာကြောင့် မိသားစုရဲ့ ဝင်ငွေလည်း လျော့နည်းလာခဲ့တယ်။
၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ကိုကိုး ဈေးနှုန်းက သုံးဆနီးပါး မြင့်တက်ခဲ့ပေမယ့်လည်း စိုက်ပျိုးသူများစွာအတွက် ဈေးနှုန်း မြင့်တက်တာက အကျိုးအမြတ် တိုးလာခြင်းကို မဆိုလိုခဲ့ပါဘူး။ သီးနှံ ထွက်ရှိမှု လျော့နည်းတာကြောင့် ဝင်ငွေ ဆုံးရှုံးခဲ့ရပြီး ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ တခြားသီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးဖို့ထိ စဉ်းစားလာခဲ့ရပါတယ်။
Kouassi ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ ကျန်းမာရေး ပြဿနာတွေကို အပူလှိုင်းမုန်တိုင်းက တိုက်ရိုက် ဖြစ်စေခဲ့တယ်လို့ အတည်ပြုထားတာ မရှိပေမယ့်လည်း သီးနှံ ပျက်စီးမှုကြောင့် မိသားစုရဲ့ စီးပွားရေး အခြေအနေ ဆိုးရွားလာခဲ့ပြီး ဆေးကုသမှုနဲ့ ဈာပနအတွက်ပင် ငွေကြေး အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။ ဒီဖြစ်ရပ်က ရာသီဥတု ပြောင်းလဲမှုရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ထင်ရှားစေပါတယ်။
အပူလှိုင်းမုန်တိုင်းတွေဟာ နွေရာသီမှာသာ ဖြစ်ပေါ်တဲ့ ပြဿနာ မဟုတ်တော့ပါဘူး။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဥရောပရှိ ပိုလန်နိုင်ငံ တာထရာတောင်တန်းဒေသမှာ အပူချိန်ဟာ ၁၇ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပါတယ်။
ဆောင်းခိုနေသည့် ဝက်ဝံတွေ စောစီးစွာ နိုးထလာခြင်း၊ ဖားတွေ စောစီးစွာ ထွက်ပေါ်လာခြင်းနဲ့ ပန်းတွေ ပုံမှန်ထက်စောပြီး ပွင့်လာခြင်းတို့ကို တွေ့ရှိခဲ့ရပါတယ်။
အာတိတ်ဒေသနဲ့ ဂရင်းလန်းတို့မှာလည်း အပူချိန် မြင့်တက်မှုက လေထု လည်ပတ်မှု ပုံစံတွေကို ပြောင်းလဲစေပြီး မြောက်အမေရိကရဲ့ တချို့ဒေသတွေဆီကို အလွန်အေးတဲ့ လေများ ဆင်းသက်လာတဲ့ အခြေအနေတွေနဲ့လည်း ဆက်စပ်ခဲ့ပါတယ်။ အဲဒီလို အပူလွန်ကဲမှုနဲ့ အအေးလွန်ကဲမှုတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နိုင်တာဟာ ရာသီဥတု စနစ်ရဲ့ ရှုပ်ထွေးမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
အပူလှိုင်းမုန်တိုင်းတွေကြောင့် ဥရောပရှိ နှင်းလျှောစီး အပန်းဖြေစခန်း တချို့မှာ နှင်း မလုံလောက်တာကြောင့် ပိတ်ထားရပြီး တူရကီနိုင်ငံ အန်တယ်ယာ ဒေသမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းက အပူလှိုင်းမုန်တိုင်းတွေ ပိုမို ပြင်းထန်လာစေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့လို ရုပ်ကြွင်းလောင်စာတွေကို လောင်ကျွမ်း အသုံးပြုတာကြောင့် လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးလာပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာပါတယ်။
ဒါ့အပြင် အယ်လ်နီညို (El Niño) တို့လို သဘာဝ ရာသီဥတု ဖြစ်စဉ်တွေက အချို့ကာလတွေမှာ အပူဒဏ်ကို ပိုမို ပြင်းထန်စေနိုင်ပါတယ်။ အပူလှိုင်းတွေက မိုးခေါင်မှုနဲ့ ပေါင်းစပ်လာတဲ့အခါ မြေဆီလွှာ ခြောက်သွေ့ခြင်း၊ သီးနှံ ပျက်စီးခြင်း၊ ရေ အရင်းအမြစ်များ လျော့နည်းခြင်းနဲ့ တောမီး အန္တရာယ် မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
၂၀၂၆ ခုနှစ်မှာ စတင် ဖြစ်ပေါ်ခဲ့တဲ့ အပူလှိုင်းမုန်တိုင်း ရိုင်မုန်ဒို (Raimundo) ဟာ ကမ္ဘာ့အပူလွန်ကဲမှုရဲ့ အတိုင်းအတာကို ထပ်မံ ဖော်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အပူလှိုင်းမုန်တိုင်းဟာ ဥရောပတစ်ဝန်း အပူ ပြင်းထန်မှုနဲ့ စပိန်၊ ပြင်သစ်တို့မှာ တောမီး အန္တရာယ်ကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။
ဩဂုတ် ၂၈ ရက်မှာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၃၃.၈ ရာခိုင်နှုန်းအထိ လွှမ်းခြုံခဲ့ပြီး ယခင် အပူလှိုင်းမုန်တိုင်းကြီး Vera ရဲ့ အမြင့်ဆုံး လွှမ်းခြုံမှု စံချိန်ကို ကျော်လွန်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက် Reuters ရဲ့ ဖော်ပြချက်အရ Raimundo ဟာ အဲဒီအချိန်အထိ ကမ္ဘာ့မျက်နှာပြင်ရဲ့ လေးပုံသုံးပုံနီးပါးကို သက်ရောက် ဖြတ်သန်းခဲ့ပြီး အပူလွန်ကဲမှုရဲ့ ခြိမ်းခြောက်မှုက ကမ္ဘာ့ဒေသ အများအပြားအတွက် ဆက်လက် တည်ရှိနေခဲ့ပါတယ်။ နီပေါနိုင်ငံက ရေခဲမြစ်တစ်ခု ပြိုကျတာမတိုင်မီ ကာလအတွင်း အဲဒီဒေသက အပူလှိုင်းမုန်တိုင်းရဲ့ သက်ရောက်မှုကို ခံခဲ့ရပါတယ်။ ရေခဲမြစ်နဲ့ ကျောက်သား အောက်ခံ ပြိုကျမှုမှာ အပူချိန် မြင့်တက်မှုက ပါဝင် သက်ရောက်ခဲ့ဖွယ် ရှိပေမယ့် ဖြစ်ရပ်တစ်ခုချင်းစီရဲ့ အကြောင်းရင်းတွေကို သီးခြား စစ်ဆေးဖို့ လိုအပ်ပါတယ်။
အပူလှိုင်းမုန်တိုင်းတွေရဲ့ သက်ရောက်မှုတွေက နိုင်ငံတစ်နိုင်ငံတည်းမှာ ကန့်သတ်မနေပါဘူး။ အမေရိကန်မှာ လူငယ် အားကစားသမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေခဲ့သလို စပိန်မှာ သီးနှံ ထုတ်လုပ်မှုနဲ့ စားသုံးသူ ဈေးနှုန်းတွေကို ထိခိုက်စေခဲ့ပါတယ်။ အမေဇုန်မှာ တောရိုင်း တိရစ္ဆာန်တွေ သေဆုံးခဲ့ပြီး ဖိလစ်ပိုင်မှာ ကလေးများရဲ့ ပညာသင်ကြားခွင့်ကို ထိခိုက်စေခဲ့ပါတယ်။ အနောက်အာဖရိကမှာလည်း လယ်သမား မိသားစုများရဲ့ အသက်မွေးဝမ်းကျောင်းကို ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်များက အပူဒဏ်ကို ကြိုတင် သတိပေးနိုင်တဲ့ စနစ်များ၊ အားကစားနှင့် အလုပ်ခွင်တွေမှာ အပူဒဏ် ကာကွယ်ရေး၊ ကျောင်းတွေအတွက် ဘေးကင်းတဲ့ စာသင်ခန်း အခြေအနေများ၊ ရေ အရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတဲ့ စိုက်ပျိုးရေး နည်းလမ်းများ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။
အပူလှိုင်းမုန်တိုင်းတွေကို ရာသီဥတုဆိုင်ရာ စာရင်းအင်းတွေအဖြစ်နဲ့သာ ကြည့်ရှုလို့ မရတော့ပါဘူး။ အပူလှိုင်းမုန်တိုင်းတွေက လူသားတို့ရဲ့ အသက်အန္တရာယ်၊ စားနပ်ရိက္ခာ လုံခြုံရေး၊ စီးပွားရေး တည်ငြိမ်မှုနဲ့ သဘာဝ ဂေဟစနစ်တို့ကို တစ်ပြိုင်နက်တည်း ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ကမ္ဘာကြီး ပိုမို ပူနွေးလာတဲ့အခါ အပူဒဏ်ကို ကြိုတင် ပြင်ဆင် ကာကွယ်ခြင်းနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်းတို့ဟာ အနာဂတ်အတွက် ရွေးချယ်စရာ မဟုတ်တော့ဘဲ မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်လာနေပြီ ဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၂၆ ခုနှစ်မှာ အားကောင်းလာနေတဲ့ အယ်လ်နီညို ဖြစ်စဉ်ကလည်း ကမ္ဘာ့အပူချိန်အပေါ် ထပ်မံ ဖိအားပေးလာနိုင်ပါတယ်။ အောက်တိုဘာလအတွင်း ထုတ်ပြန်ထားတဲ့ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (NOAA) ရဲ့ ခန့်မှန်းချက်အရ ယခု အယ်လ်နီညိုဟာ ၂၀၂၆ နှစ်ကုန်ပိုင်းမှ ၂၀၂၇ ခုနှစ် အစောပိုင်းအထိ အားကောင်းမှ အလွန် အားကောင်းတဲ့ အဆင့်ထိ ဆက်လက် တည်ရှိနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်မှု၊ မိုးခေါင်ရေရှားမှုနဲ့ မိုးရွာသွန်းမှု ပုံစံ ပြောင်းလဲမှုများ ပိုမို ဆိုးရွားလာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
အယ်လ်နီညို ဖြစ်စဉ်တိုင်းက ကမ္ဘာ့ဒေသ အားလုံးမှာ အပူချိန်ကို တူညီစွာ မြင့်တက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရေရှည် ကမ္ဘာ့ ပူနွေးလာမှုနဲ့ အယ်လ်နီညိုတို့ ပေါင်းစပ် သက်ရောက်တဲ့အခါ အချို့ဒေသတွေမှာ အပူလွန်ကဲမှုနဲ့ မိုးခေါင်မှုတို့ ပိုမို ပြင်းထန်လာနိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာကို လွှမ်းခြုံလာတဲ့ အပူလှိုင်းမုန်တိုင်းများနဲ့ ယခုနှစ် အားကောင်းလာတဲ့ အယ်လ်နီညို ဖြစ်စဉ်တို့ဟာ သီးခြား ဖြစ်ရပ်များသာ မဟုတ်ဘဲ လူသားတို့ ရင်ဆိုင်နေရတဲ့ ရာသီဥတု အန္တရာယ်တွေကို ပိုမို နားလည်ပြီး ကြိုတင် ပြင်ဆင်ဖို့ သတိပေးချက်တွေလည်း ဖြစ်ပါတယ်။ ရာသီဥတု ခန့်မှန်းချက်တွေကို အချိန်မီ လိုက်နာခြင်း၊ အပူဒဏ် ကာကွယ်ရေးနဲ့ ရေ အရင်းအမြစ် စီမံခန့်ခွဲမှုတို့ကို အားဖြည့်ခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်းတို့က အနာဂတ်မှာ ပိုမို ပြင်းထန်လာနိုင်တဲ့ အပူဒဏ်ကို ရင်ဆိုင်ရာမှာ မဖြစ်မနေ လိုအပ်လာမှာ ဖြစ်ပါတယ်။
ကိုးကား — Reuters





















































