— ဥဂ္ဂါ ရေးသားသည်။
တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။
အလုပ်လုပ်ခွင့်ရပြီဆိုတော့ အားလုံး အဆင်ပြေသွားပြီလို့ ထင်ကြမလား။ တကယ်တော့ ဒုက္ခသည်စခန်းက သူတို့ရဲ့ဘဝတွေက အဲဒီလောက် မလွယ်ကူပါဘူး။ ဒုက္ခသည်စခန်းထဲမှာ စားဖို့ သောက်ဖို့အတွက် ရုန်းကန်ခဲ့ရတဲ့သူတွေဟာ စခန်းပြင်ပ ရောက်လာတော့လည်း နောက်ထပ် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။
အလုပ်ရှိပေမဲ့ လုပ်ခအပြည့် မရတာ၊ ကတိပေးထားတဲ့အလုပ်နဲ့ လက်တွေ့ လုပ်ရတဲ့အလုပ် မတူတာ၊ အလုပ်မစခင်ကတည်းက အကြွေးတင်နေတာတွေဟာ သူတို့အတွက် ကြုံတွေ့နေရဆဲ အခက်အခဲတွေပါ။ မိသားစု စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်လာကြရတာ ဖြစ်လို့ အဆင်မပြေတဲ့အခါ ချက်ချင်း လက်လျှော့ပြီး ပြန်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ ဒါကြောင့် အလုပ်လုပ်ခွင့်ရလာတာဟာ မျှော်လင့်ချက်တစ်ခု ဖြစ်ပေမဲ့ အလုပ်ရရုံနဲ့ သူတို့ရဲ့ ဒုက္ခတွေ အဆုံးသတ်သွားမှာတော့ မဟုတ်ပါဘူး။

Public Service Announcement
DW သတင်းဌာနက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်မှာ ဖော်ပြခဲ့တဲ့ ဘန်ကောက်မြို့ အခြေစိုက် သတင်းထောက် Zsombor Peter ရဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို မီးမောင်းထိုးပြ ထားပါတယ်။ ဒီသတင်းဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရလာတဲ့ ဒုက္ခသည်စခန်းက မြန်မာတွေအကြောင်း ဖြစ်ပေမဲ့၊ အမှန်တကယ်တော့ နေရပ်စွန့်ခွာပြီး အခြားနိုင်ငံမှာ အလုပ်လုပ်ရင်း အသက်ရှင် ရပ်တည်ဖို့ ကြိုးစားနေကြတဲ့ မြန်မာအားလုံးရဲ့ ဘဝအခြေအနေကိုပါ ထင်ဟပ်နေပါတယ်။
ဘန်ကောက်မြို့က အထပ်မြင့်တိုက်တာတွေ တစ်လုံးပြီးတစ်လုံး တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသား အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လုပ်နေကြပြီး သူတို့ထဲမှာ အသက် ၃၁ နှစ်အရွယ် မြန်မာဒုက္ခသည် တစ်ဦးဖြစ်တဲ့ ဝေဖြိုး (အမည်လွှဲ) လည်း ပါဝင်လာခဲ့ပါတယ်။
အပေါ်ယံ ကြည့်လိုက်ရင် သူဟာ အခြား အလုပ်သမားတွေနဲ့ ဘာမှ မကွာခြားပါဘူး။ အလုပ်လုပ်တယ်၊ လုပ်ခရတယ်၊ ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့နောက်ခံဘဝကတော့ မတူပါဘူး။
ဝေဖြိုးဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ကိုးခုအနက် တစ်ခုမှာ နေထိုင်ခဲ့သူပါ။ အဲဒီစခန်းတွေမှာ မြန်မာဒုက္ခသည် တစ်သိန်းကျော် နေထိုင်နေကြပြီး တချို့ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက စခန်းထဲမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် တချို့လူတွေအတွက် ဒုက္ခသည်စခန်း ဆိုတာ ယာယီ ခိုလှုံရာနေရာတစ်ခု မဟုတ်တော့ဘဲ ဘဝရဲ့ နှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။
ကိုယ့်နိုင်ငံက စစ်မီးကြောင့် သူများနိုင်ငံကို ထွက်ပြေးလာပြီး ခိုလှုံနေရတယ်။ ဒါပေမဲ့ ခိုလှုံခွင့်ရတယ်ဆိုတာ လွတ်လပ်စွာ နေထိုင်ပြီး ကိုယ့်ဘဝကိုယ် တည်ဆောက်ခွင့်ရတယ်လို့ မဆိုလိုပါဘူး။ အလုပ်လုပ်ခွင့် မရှိတဲ့အတွက် ကိုယ့်မိသားစုအတွက် ကိုယ်တိုင် ဝင်ငွေရှာဖို့တောင် အခွင့်အရေးမရှိဘဲ နိုင်ငံတကာ အကူအညီတွေကို မှီခိုနေရတဲ့ ဘဝ ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေကို ကိုယ်ချင်းစာကြည့်ရင် အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ဟာ အလုပ်လုပ်နိုင်ပါလျက်နဲ့ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ်တိုင် ငွေရှာခွင့် မရှိဘူးဆိုရင် ဘယ်လောက်တောင် အားငယ်ရမလဲ။ မိဘတွေရှိမယ်၊ သားသမီးတွေရှိမယ်၊ နေ့စဉ် စားဖို့ သောက်ဖို့ လိုအပ်ချက်တွေ ရှိမယ်။ ဒါပေမဲ့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ရှာဖွေ ဖြေရှင်းခွင့်ကတော့ ပိတ်ပင်ခံထားရပါတယ်။
ဒီလို အခြေအနေမျိုးမှာ အားကိုးနေရတဲ့ အဖွဲ့အစည်းတွေကပါ ထောက်ပံ့မှုတွေ လျှော့ချလိုက်တဲ့အခါ သူတို့အတွက် ရှင်သန် ရပ်တည်ဖို့ ဘယ်လောက်တောင် ခက်ခဲလာမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် ရင်လေးစရာ ကောင်းလှပါတယ်။
DW ဆောင်းပါးအရ အမေရိကန်ပြည်ထောင်စုရဲ့ USAID အပါအဝင် နိုင်ငံတကာ အကူအညီတွေ လျှော့ချခံရပြီးနောက် ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ထိခိုက်လာခဲ့ပါတယ်။ ယခင်က ရရှိနေတဲ့ ဆန်နဲ့ အခြား အခြေခံ စားသောက်ကုန်တွေ ပုံမှန် မရတော့ဘဲ ကျန်းမာရေး စောင့်ရှောက်မှုလည်း လုံလောက်မှု မရှိတော့ပါဘူး။
ဝေဖြိုးက သူတို့ရဲ့ နေ့စဉ် လိုအပ်ချက်တွေ မပြည့်မီတော့တဲ့အတွက် မိဘတွေနဲ့အတူ အိမ်နီးချင်းတွေဆီက ငွေချေးခဲ့ရပြီး စားနေကျ အစားအစာတွေကိုတောင် လျှော့စားခဲ့ရတယ်လို့ DW ကို ပြောပြပါတယ်။
ဒုက္ခသည်တွေရဲ့ အခက်အခဲဟာ စားဝတ်နေရေး မပြေလည်မှုတစ်ခုတည်းမှာ ရပ်တန့်မနေပါဘူး။ ဝင်ငွေမရှိလို့ အကြွေးယူရပြီး အကြွေးကို ပြန်ဆပ်ဖို့အတွက် နောက်ထပ် အခက်အခဲတွေကို ရင်ဆိုင်ရသလို မိသားစုဝင်တစ်ဦး နေမကောင်းဖြစ်လာတဲ့အခါ ကုသစရိတ် မတတ်နိုင်ခြင်းကလည်း စိုးရိမ်ပူပန်မှုကို ပိုမို ကြီးမားစေပါတယ်။ ဒီလိုနဲ့ အသက်ရှင် ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝဟာ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့ မကြိုးစားမီ နောက်ထပ် ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ အဆုံးမမြင်နိုင်သော ရုန်းကန်မှုတစ်ခု ဖြစ်လာပါတယ်။
ဒီလို အခြေအနေတွေကြောင့်ပဲ ထိုင်းအစိုးရဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ မူဝါဒတစ်ခုကို ပြောင်းလဲခဲ့ပါတယ်။ နှစ်ပေါင်းများစွာ စခန်းပြင်ပ ထွက်ပြီး အလုပ်လုပ်ခွင့် မရခဲ့တဲ့ မြန်မာဒုက္ခသည်တွေကို သတ်မှတ်ချက်တွေနဲ့အညီ အလုပ်လုပ်ခွင့်ပါမစ်တွေ စတင် ထုတ်ပေးခဲ့တာပါ။
တစ်ဖက်မှာလည်း ထိုင်းနိုင်ငံဟာ လုပ်သားလိုအပ်ချက်နဲ့ ရင်ဆိုင်နေရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်မြေ ပိုင်ဆိုင်မှု အင်ြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့ကာလအတွင်း ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာ ပြန်သွားခဲ့ကြတာကြောင့် လုပ်သား လိုအပ်ချက် ပိုမို ကြီးမားလာခဲ့ပါတယ်။
အစိုးရရဲ့ မူဝါဒ ပြောင်းလဲမှုဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒုက္ခသည်တွေအတွက် အကူအညီတွေ လျော့နည်းလာတာကြောင့် ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်ဖို့ လိုအပ်ချက် ပိုမို ကြီးမားလာသလို ထိုင်းနိုင်ငံဘက်မှာလည်း လုပ်သား လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဒီလို နှစ်ဖက်စလုံးရဲ့ လိုအပ်ချက်တွေ ဆုံစည်းလာတဲ့အခါ ဒုက္ခသည်တွေအတွက် အလုပ်အကိုင် ရရှိရေးနဲ့ ထိုင်းနိုင်ငံအတွက် လိုအပ်နေတဲ့ လုပ်သားအင်အား ဖြည့်ဆည်းရေးတို့အကြား အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ပထမနှစ်အတွင်း ဒုက္ခသည် ၆,၈၀၀ ခန့်ဟာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိခဲ့ကြပါတယ်။ ဝေဖြိုးလည်း အဲဒီအခွင့်အရေးကို ရရှိခဲ့သူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။
သူဟာ ဘန်ကောက်မြို့လယ်မှာ ဆောက်လုပ်နေတဲ့ ၁၂ ထပ်တိုက်ခန်း စီမံကိန်းတစ်ခုမှာ ကွန်ကရစ်လောင်းတာ၊ ငြမ်းဆင်တာ စတဲ့ အလုပ်တွေ လုပ်ကိုင်နေပါတယ်။ တစ်ရက်ကို ဘတ် ၄၀၀၊ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာဝန်းကျင် ရရှိနေတယ်လို့ ဆိုပါတယ်။
ဒီငွေဟာ လူတချို့အတွက် နည်းပါးတဲ့လုပ်ခလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ အရင်က ကိုယ့်မိသားစုအတွက် စားနပ်ရိက္ခာတောင် လုံလုံလောက်လောက် မရရှိခဲ့တဲ့သူတစ်ယောက်အတွက်တော့ အဲဒီငွေဟာ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ လမ်းစတစ်ခုပါပဲ။
ဝေဖြိုးကလည်း ကိုယ်တိုင် ဝင်ငွေရှာနိုင်လာတဲ့အတွက် မိသားစုရဲ့ စားဝတ်နေရေးနဲ့ မိဘတွေရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ပေးနိုင်တော့မယ်လို့ မျှော်လင့်နေပါတယ်။ အရင်ကလို တခြားသူတွေဆီက အကူအညီရမလားဆိုပြီး နေ့စဉ် စောင့်ဆိုင်းနေရတာနဲ့ ကိုယ်တိုင် အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့နိုင်တာဟာ အများကြီး ကွာခြားတယ်လို့ သူက DW ကို ပြောပါတယ်။
ဝေဖြိုးရဲ့ စကားထဲမှာ အလုပ်လုပ်ခွင့်ဆိုတာ ဝင်ငွေရရှိရေးထက် ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အကူအညီကို စောင့်မျှော်နေရသူတစ်ယောက်အဖြစ်မှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး မိသားစုကို ကိုယ်တိုင် ထောက်ပံ့နိုင်သူတစ်ယောက်အဖြစ် ရပ်တည်ခွင့်ရလာခြင်းပါပဲ။ ဒါ့အပြင် ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ပုံဖော်နိုင်ဖို့ အခြေခံအကျဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အလုပ်လုပ်ခွင့် ရလာတာနဲ့ ပြဿနာအားလုံး ပြေလည်သွားပြီလို့တော့ မဆိုနိုင်ပါဘူး။
ထိုင်းနိုင်ငံရဲ့ အလုပ်အကိုင် အစီအစဉ်အရ ဒုက္ခသည်တွေကို နိုင်ငံတစ်ဝန်းရှိ ခရိုင် ၇၆ ခုအနက် ၄၃ ခုမှာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေ ကလွဲလို့ အခြားအလုပ်တွေ လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာဖွန် ဝဲန်လွမ် (Praporn Waenluang) ကလည်း ဒုက္ခသည်တွေ စခန်းပြင်ပမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ စခန်းတွင်း အသက်မွေးဝမ်းကျောင်း သင်တန်းတွေ တိုးမြှင့်ပေးထားကြောင်း ပြောကြားထားပါတယ်။
ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IDC) ရဲ့ ထိုင်းနိုင်ငံ စီမံကိန်း ညှိနှိုင်းရေးမှူး စီဝါဝေါင် ဆုက်ထဝီ (Siwawong Sooktawee) ကလည်း အလုပ်ထွက်လုပ်ကြတဲ့ ဒုက္ခသည်တွေဟာ စခန်းတွင်းရရှိတဲ့ ဝင်ငွေထက် ပိုများတဲ့ငွေကို ရရှိလာကြတဲ့အတွက် ဝမ်းမြောက်နေကြတယ်လို့ ဆိုပါတယ်။
ဒီလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာတာဟာ ကောင်းတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အစီအစဉ် စတင်ပြီး တစ်နှစ်အတွင်းမှာပင် လက်တွေ့ အကောင်အထည်ဖော်မှု အတွင်း ရှိနေတဲ့ အားနည်းချက်တွေနဲ့ ပြုပြင်ဖို့ လိုအပ်တဲ့ အချက်တွေကို ဒုက္ခသည်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြလာကြပါတယ်။
အလုပ်ရှင်တချို့ဟာ အလုပ်သမားတွေနဲ့ တရားဝင် အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ် မချုပ်ဆိုဘဲ ဒုက္ခသည်စခန်းတွေကနေ အလုပ်ခေါ်ယူသွားကြပါတယ်။ အလုပ်အကိုင်နဲ့ လုပ်ခလစာ ကောင်းမွန်မယ်လို့ ကတိပေးထားပေမဲ့ လက်တွေ့ လုပ်ငန်းခွင်ကို ရောက်ရှိတဲ့အခါ မျှော်လင့်ထားတာထက် အလုပ် ပိုမို ပင်ပန်းရသလို လုပ်ငန်းခွင် အခြေအနေတွေကလည်း ကတိပေးထားသလောက် မကောင်းမွန်ကြပါဘူး။ တချို့ အလုပ်သမားတွေဆိုရင် မိမိတို့ မျှော်မှန်းထားတဲ့ လုပ်ခလစာကိုတောင် အပြည့်အဝ မရရှိကြပါဘူး။
ပိုဆိုးတာက မတရား ဆက်ဆံခံရတဲ့အခါ ဘယ်သူ့ဆီကို သွားတိုင်ရမလဲ၊ ဘယ်လို အကူအညီ တောင်းရမလဲဆိုတဲ့ တိကျ လွယ်ကူတဲ့ တိုင်ကြားရေးစနစ် မရှိသေးတာပါပဲ။
ကရင်အမျိုးသမီးများ အဖွဲ့အစည်း (KWO) ရဲ့ အထွေထွေ အတွင်းရေးမှူး နော်ကညောဖော ကလည်း အလုပ်သွားလုပ်လိုက်၊ အဆင်မပြေတာကြောင့် စခန်းကို ပြန်လာလိုက်နဲ့ အခုလို အခြေအနေမျိုးကို ထပ်ခါတလဲလဲ ရင်ဆိုင်နေရသူတွေ ရှိတယ်လို့ ပြောပါတယ်။ တချို့ ဒုက္ခသည်တွေဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့အတွက် စခန်းကနေ ထွက်ခွာသွားရပေမဲ့ အလုပ်မစတင်မီ ကုန်ကျစရိတ်တွေနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ စခန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကတောင် ငွေချေးပြီး ထောက်ပံ့ပေးကြရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေကို ကြည့်မယ်ဆိုရင် အလုပ်လုပ်ဖို့ ထွက်လာတဲ့ ဒုက္ခသည်တစ်ယောက်ဟာ ဝင်ငွေ မရရှိသေးခင်ကတည်းက ကုန်ကျစရိတ်တွေနဲ့ အကြွေးတွေကို ရင်ဆိုင်နေရတာပါ။ အလုပ်အကိုင် ရရှိမယ်၊ မိသားစုကို ထောက်ပံ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ငွေချေးယူခဲ့ရပေမဲ့ လက်တွေ့မှာ ကတိပေးထားတဲ့ လုပ်ခလစာကို မရရှိခဲ့ဘူးဆိုရင် အဲဒီအကြွေးကို ဘယ်လို ပြန်ဆပ်နိုင်မလဲဆိုတဲ့ မေးခွန်းက သူတို့အတွက် နောက်ထပ် စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။
အမှန်တကယ်တော့ အလုပ်လုပ်ခွင့် ရရှိခြင်းဟာ အခွင့်အလမ်းတစ်ခုကို ဖွင့်ပေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီအခွင့်အလမ်းကို အသုံးချပြီး အလုပ်လုပ်ကိုင်နေသူတွေ လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်ဖို့၊ လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခလစာ ရရှိဖို့နဲ့ အလုပ်ခွင်အတွင်း မတရားမှုတွေ ကြုံတွေ့လာရတဲ့အခါ ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် စနစ်တွေပါ ရှိနေဖို့ လိုအပ်ပါတယ်။
ဒုက္ခသည်တွေအတွက် ပိုမို ခက်ခဲစေတာက အလုပ်မစတင်ရသေးခင်ကတည်းက ကုန်ကျစရိတ်တွေကို ရင်ဆိုင်ရတာပါ။ ဆေးစစ်ခ၊ အစိုးရ ခွင့်ပြုချက်ရရှိရေးအတွက် ကုန်ကျစရိတ်၊ ခရီးစရိတ်နဲ့ အခြား အသုံးစရိတ်တွေကို အလုပ်ရှင်ဆီက ကြိုတင်ယူထားရပြီး နောက်ပိုင်းမှာ ရရှိမယ့် လုပ်ခလစာထဲက ပြန်လည် ဖြတ်တောက်ခံရတတ်ပါတယ်။ ဒီလိုနဲ့ အလုပ်မစရသေးခင်ကတည်းက အကြွေးတင်နေကြရပြီး အလုပ်လုပ်ရတဲ့ အကြောင်းရင်းက မိသားစုကို ထောက်ပံ့ဖို့ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ အကြွေး ပြန်ဆပ်နိုင်ရေးအတွက်ပါ ရုန်းကန်လာကြရပါတယ်။
ဒီလို အကြွေးဝန်ထုပ်ဝန်ပိုး ရှိနေတဲ့အခါ အလုပ်ရှင်ရဲ့ မတရား ဆက်ဆံမှုကို ကြုံတွေ့ရရင်တောင် အလုပ်ကနေ ထွက်ခွာဖို့ မလွယ်ကူတော့ပါဘူး။ အလုပ်ထွက်လိုက်ရင် ဝင်ငွေပြတ်သွားမယ်၊ ဝင်ငွေမရှိတော့ရင် အကြွေး ပြန်ဆပ်ဖို့ ခက်ခဲလာမယ်။ ဒုက္ခသည်စခန်းကို ပြန်သွားရင်လည်း မိသားစုရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းရမယ့် အခက်အခဲတွေက ရှိနေဆဲပါပဲ။ ဒီလို အခြေအနေတွေကြားမှာ အလုပ်သမားတစ်ယောက်ဟာ မတရားမှုကို လက်မခံချင်ပေမဲ့ အခြား ရွေးချယ်စရာ မရှိသလို ဖြစ်လာပြီး မိမိ ရသင့်တဲ့ အခွင့်အရေးတွေကိုတောင် တောင်းဆိုဖို့ ခက်ခဲလာနိုင်ပါတယ်။
DW ဆောင်းပါးမှာ ဖော်ပြထားတဲ့ အတွေ့အကြုံတစ်ခုက ဒီအခြေအနေကို ပိုမို ထင်ရှားစွာ မြင်တွေ့နိုင်စေပါတယ်။
ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကလေးနှစ်ယောက်ရဲ့ ဖခင်တစ်ဦးဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အခြား ဒုက္ခသည် ၂၀ ဦးနဲ့အတူ ကြံခုတ်အလုပ် လုပ်ဖို့ ထွက်ခွာခဲ့ပါတယ်။ တစ်ရက်လုပ်ခ ဘတ် ၂၅၀ ရမယ်လို့ ကတိပေးထားပေမဲ့ အလုပ်နေရာကို ရောက်တဲ့အခါ တစ်ရက် ဘတ် ၂၀၀ သာ ရရှိတဲ့ သစ်ပင် ခုတ်လုပ်ငန်းကို လုပ်ကိုင်ခိုင်းခဲ့တယ်လို့ သူက ပြောပြပါတယ်။
အလုပ်အမျိုးအစား ပြောင်းလဲသွားတာတင် မကဘဲ လုပ်ငန်းခွင် အခြေအနေတွေကလည်း အလွန် ခက်ခဲခဲ့ပါတယ်။ အရင်ကထက် ပိုမို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ရသလို ညအိပ်ဖို့ လျှပ်စစ်မီး မရှိတဲ့အတွက် အပြင်မှာပဲ အိပ်စက်ခဲ့ရပါတယ်။ သုံးစွဲဖို့ ရေကိုလည်း ရေကန်ကနေ သယ်ယူ အသုံးပြုခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီလို အခက်အခဲတွေနဲ့ သုံးလကြာ ရင်ဆိုင်ခဲ့ပြီးနောက် အလုပ်ကို ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ ထွက်ခွာလာခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သူတစ်ဦးတည်းရဲ့ အခက်အခဲကိုသာ သီးခြားခွဲပြီး မြင်လို့ မရပါဘူး။ သူ့နောက်မှာ မှီခို အားထားနေရတဲ့ ကလေးနှစ်ယောက် ရှိပြီး သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေ့စဉ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း တာဝန်ရှိနေပါတယ်။ မိသားစုအတွက် ပိုမို ကောင်းမွန်တဲ့ ဘဝတစ်ခု ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ထွက်လာခဲ့ပေမဲ့ အလုပ်က မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဆုံးရှုံးသွားရတာဟာ လုပ်ခလစာတစ်ခုတည်း မဟုတ်ပါဘူး။ အလုပ်ရှာဖို့အတွက် ရင်းနှီးခဲ့ရတဲ့ အချိန်၊ ခွန်အားနဲ့ ခရီးစရိတ်တွေအပြင် မိသားစုရဲ့ဘဝကို ပိုမို ကောင်းမွန်လာစေနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ ထိခိုက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး DW က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီအလုပ်အကိုင် အစီအစဉ်ရဲ့ အောင်မြင်မှုကို အလုပ်လုပ်ခွင့်ရရှိသူ အရေအတွက် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဒုက္ခသည် ၆,၈၀၀ ခန့် တရားဝင် အလုပ်လုပ်ခွင့် ရရှိလာတာဟာ အရေးပါတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပေမဲ့ အဲဒီအခွင့်အရေးကို ရရှိထားသူတွေ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ကြသလား၊ လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခလစာကို အပြည့်အဝ ရရှိကြသလား၊ အလုပ်ရှင်ရဲ့ မတရားမှုကို ကြုံတွေ့ရတဲ့အခါ ထိရောက်တဲ့ အကာအကွယ်နဲ့ တရားမျှတမှုကို ရရှိနိုင်ကြသလားဆိုတာတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီအလုပ်လုပ်ခွင့်ဟာ ဒုက္ခသည်တွေရဲ့ ဝင်ငွေ တိုးလာစေရုံသာမက သူတို့ရဲ့ ဘဝလုံခြုံမှု၊ မိသားစုရဲ့ ရပ်တည်နိုင်မှုနဲ့ ရေရှည် အနာဂတ်ကိုပါ အမှန်တကယ် ပိုမို ကောင်းမွန်လာစေနိုင်သလားဆိုတာပဲ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ပိုမို ထိရောက်ပြီး အလုပ်သမားတွေအတွက် အကျိုးရှိစေဖို့ အကြံပြုချက်တွေ တင်ပြထားကြပါတယ်။ အထူးသဖြင့် ဒုက္ခသည်စခန်းတွေမှာ အဓိက အသုံးပြုကြတဲ့ မြန်မာ၊ ကရင်နဲ့ ကယား (ကရင်နီ) ဘာသာစကားတွေနဲ့ အလုပ်စာချုပ်တွေကို တိတိကျကျ ဘာသာပြန်ပေးဖို့ လိုအပ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ ကိုယ်ချုပ်ဆိုမယ့် စာချုပ်ပါ အချက်အလက်တွေကို အပြည့်အဝ နားလည် သဘောပေါက်ပြီးမှ လက်မှတ် ရေးထိုးနိုင်ဖို့က အခြေခံကျတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်က အလုပ်သမားတွေ မတရားမှု ကြုံတွေ့လာရတဲ့အခါ လွယ်ကူစွာ တိုင်ကြား အကူအညီ တောင်းနိုင်မယ့် စနစ်တစ်ခု ရှိဖို့ပါ။ လုပ်ခလစာ မရတာ၊ ကတိပေးထားတဲ့ အလုပ်အစား တခြားအလုပ်ကို လုပ်ကိုင်ခိုင်းတာနဲ့ လုံခြုံမှု မရှိတဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ကြုံလာရရင် ဘယ်နေရာမှာ အကူအညီ တောင်းခံနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိထားဖို့ လိုပါတယ်။ ဒါ့အပြင် တိုင်ကြားလိုက်ခြင်းကြောင့် အလုပ် ဆုံးရှုံးရမှာ ဒါမှမဟုတ် နောက်ထပ် အခက်အခဲတွေ ကြုံတွေ့ရမှာကို စိုးရိမ်စရာ မလိုဘဲ မိမိရဲ့ အခွင့်အရေးကို လွတ်လပ်စွာ ကာကွယ် တောင်းဆိုနိုင်ဖို့လည်း လိုအပ်ပါတယ်။
ဒါ့အပြင် အလုပ်လုပ်ခွင့် ပြုထားတဲ့ ခရိုင်အရေအတွက်ကို တိုးချဲ့ပေးဖို့နဲ့ အလုပ်သမားတွေကို အလုပ်အကိုင်နဲ့ ချိတ်ဆက်ပေးနေတဲ့ ပွဲစားတွေကို စနစ်တကျ စိစစ် ကြီးကြပ်ဖို့လည်း အရေးကြီးပါတယ်။ အလုပ်အကိုင် ရှာဖွေရာမှာ ပွဲစားတွေအပေါ် အလွန်အမင်း မှီခိုနေရသူတွေဟာ သတင်းအချက်အလက် မပြည့်စုံမှုကြောင့် အခွင့်အရေး ဆုံးရှုံးရနိုင်သလို မလိုအပ်တဲ့ ငွေကြေး ကုန်ကျမှုတွေနဲ့ အမြတ်ထုတ်ခံရမှုတွေကိုလည်း ပိုမို ရင်ဆိုင်ရနိုင်ပါတယ်။
ဒီဆောင်းပါးဟာ တကယ်တော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အားလုံးရဲ့ လက်ရှိ ဘဝအခြေအနေတွေကိုပါ ထင်ဟပ်စေပါတယ်။ သူတို့ တစ်ဦးချင်းစီရဲ့ နောက်ခံ အခြေအနေတွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ဘဝ ဖြတ်သန်းမှုတွေဟာ မတူညီကြပေမဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးဖို့နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ရပ်တည်နိုင်ဖို့ ကြိုးစားနေကြရုံတွေကတော့ တူညီနေပါတယ်။
တချို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နေပူမိုးရွာ မရှောင် လုပ်ကိုင်ကြရသလို၊ တချို့က စက်ရုံတွေမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကြရတယ်။ တချို့ကလည်း စားသောက်ဆိုင်၊ ဈေးဆိုင်နဲ့ လယ်ယာလုပ်ငန်းတွေမှာ ရရာအလုပ်ကို လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ လုပ်ခလစာ ရတဲ့နေ့မှာတောင် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် မရှိကြဘဲ မိသားစုထံ ဘယ်လောက် ပို့မလဲ၊ အကြွေး ဘယ်လောက် ဆပ်မလဲ၊ နောက်လအတွက် ဘယ်လောက် ချန်ထားနိုင်မလဲဆိုတာကို တွက်ချက် ချိန်ဆရင်း ရှင်သန် ရပ်တည်နေကြရပါတယ်။
ထောက်ပံ့မှုတွေ လျှော့ချခံရအပြီး ရှင်သန် ရပ်တည်ရေးအတွက် စိုးရိမ်ပူပန်နေကြရတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ထိုင်းနိုင်ငံရဲ့ ဒုက္ခသည် အလုပ်အကိုင် အစီအစဉ်ဟာ ဘဝတွေကို ပြောင်းလဲနိုင်မယ့် မျှော်လင့်ချက်သစ်တစ်ခု ဖြစ်လာပါတယ်။ ယခင်က အခြားသူတွေရဲ့ အကူအညီကို စောင့်မျှော်ခဲ့ရသူတွေဟာ အခုအခါ ကိုယ်တိုင် အလုပ်လုပ်ပြီး ဝင်ငွေရှာဖို့ အခွင့်အရေး ရလာကြပြီး မိသားစုရဲ့ ဘဝအခြေအနေကို တစ်စတစ်စ ပိုမို ကောင်းမွန်လာစေဖို့ အခွင့်အလမ်းလည်း ရရှိလာကြပါတယ်။ ဒါဟာ သူတို့အတွက် အခက်အခဲတွေကြားကနေ ကိုယ့်ဘဝကိုယ် ပြန်လည် တည်ဆောက်နိုင်မယ့် လမ်းတစ်လမ်း ပွင့်လာခြင်းလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလမ်းဟာ အခုချိန်ထိတော့ ဖြောင့်ဖြူးနေပြီလို့ မဆိုနိုင်သေးပါဘူး။ ဒီအစီအစဉ်ကို အမှန်တကယ် အောင်မြင်တယ်လို့ သတ်မှတ်နိုင်ဖို့အတွက် အလုပ်လုပ်ခွင့် ပေးရုံနဲ့ မလုံလောက်ပါဘူး။ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်ပြီး လုံခြုံမျှတတဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။
တကယ်တော့ ဝေဖြိုးလို ဒုက္ခသည်တွေအတွက် အရေးကြီးဆုံးက သူတစ်ပါးရဲ့ အကူအညီကို အမြဲ မှီခိုနေရခြင်း မဟုတ်ဘဲ ကိုယ့်လုပ်အားနဲ့ ကိုယ့်ဘဝကိုယ် တည်ဆောက်နိုင်ဖို့၊ မိသားစုအပေါ် တာဝန် ကျေပွန်ဖို့၊ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့အညီ ရပ်တည် နေထိုင်နိုင်ဖို့နဲ့ မနက်ဖြန်အတွက် မျှော်လင့်ချက်ရှိရှိ ရှင်သန်နိုင်ဖို့ပါ။ ဒါကြောင့် အလုပ်လုပ်ခွင့် ပေးခြင်းဟာ သူတို့ဘဝအတွက် အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်ပေမဲ့ အဲဒီအခွင့်အရေးကို အမှန်တကယ် အကျိုးရှိစေဖို့ မျှတတဲ့ လုပ်ခလစာ၊ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်နဲ့ အလုပ်သမား အခွင့်အရေးတွေကိုပါ အာမခံပေးဖို့ လိုအပ်ပါတယ်။ အလုပ်အကိုင်တစ်ခု ရရှိခြင်းဟာ ဝင်ငွေ ရှာဖွေနိုင်ဖို့သာမက ကိုယ့်လုပ်အားနဲ့ ကိုယ့်ဘဝကိုယ် တည်ဆောက်ရင်း လူတစ်ယောက်အနေနဲ့ မိမိရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ရပ်တည်နိုင်ဖို့လည်း အရေးကြီးပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုက္ခသည် အလုပ်အကိုင် အစီအစဉ်ရဲ့ အောင်မြင်မှုဟာ အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်း တစ်ခုထဲ မဟုတ်ဘဲ အဲဒီ အခွင့်အလမ်းတွေက လူတွေရဲ့ဘဝမှာ ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်စေသလဲဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ အခွင့်အရေးတစ်ခု ပေးခြင်းရဲ့ တကယ့်တန်ဖိုးဟာ လမ်းတစ်လမ်းကို ဖွင့်ပေးနိုင်ခြင်းမှာသာမက မျှော်လင့်ချက် ပျောက်ဆုံးခဲ့သူတွေကို မိမိအနာဂတ် မိမိ ပြန်လည် ပုံဖော်နိုင်တဲ့ အင်အား ပေးစွမ်းနိုင်ခြင်းမှာ ရှိပါတယ်။
ကိုးကား — DW



















































