အမေရိကန် နိုင်ငံမှာ လူနေဧရိယာ ကားလမ်းဘေးကို ကပ်ပြီး ဂျက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့တုန်းက၊ ဖလော်ရီဒါပြည်နယ်၊ ပမ်းလ်ဘိချ်ခရိုင်၊ ခရက်စ်သာဗန် ရပ်ကွက်ထဲက ကားလမ်းတစ်ခုဘေးကို Learjet 60 အမျိုးအစား လေယာဉ်က ဦးခေါင်းစိုက် ထိုးဆင်းလာပြီး ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ ကားတစ်စီးရဲ့ နောက်ဖက်မှာ တပ်ဆင်ထားတဲ့ blackbox ကင်မရာက အဲဒီ ကြောက်စရာ လေယာဉ်ပျက်ကျမှု မြင်ကွင်းကို မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။
လေယာဉ်ဟာ ခရုစ်ဒုံးကျည်တစ်စင်း မြေပြင်ကို ထိမှန်သလို အရှိန်နဲ့ ထိုးဆင်းလာပြီး ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျတဲ့ နေရာမှာ ကားတချို့ ရှိနေခဲ့ပြီး မြေပြင်ပေါ်က လူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးပါဘူး။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ပေါ် လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံးသွားတယ်လို့ပဲ လတ်တလော ဖော်ပြထားပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မာအယ်လ်လာဂို စံအိမ်ကြီးနဲ့ ၉ မိုင်လောက်သာ ကွာဝေးပါတယ်။

Public Service Announcement
လေယာဉ်ပျက်ကျတဲ့ လမ်းဘေးနေရာမှာတော့ ကြီးမားလှတဲ့ မြေကျင်းချိုင့်ကြီး ဖြစ်ပေါ်လာတာကိုလည်း တွေ့ရပါတယ်။ အဲဒီချိုင့်ကြီးရဲ့ အနီးတဝိုက်မှာ မီးလောင်ထားတဲ့ အစအနတွေ ရှိနေပြီး လေယာဉ် အပျက်အစီး အစိတ်အပိုင်းတွေလည်း ပြန့်ကြဲနေခဲ့ပါတယ်။
လေယာဉ်ဟာ တက္ကဆက်စ်ပြည်နယ်၊ အော်စတင်မြို့က ထွက်ခွာလာပြီး ဘဟားမားစ်ကို ဦးတည်ပျံသန်းနေရင်း ဖလော်ရီဒါမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျံသန်းမှု မှတ်တမ်းတွေအရ လေယာဉ်ဟာ တစ်စက္ကန့်ကို ပေပေါင်းရာနဲ့ချီ စိုက်ဆင်းလာပြီး ပျက်ကျခဲ့တာလို့ သိရှိရပါတယ်။
ဗီဒီယို မှတ်တမ်းကို ကြည့်မယ်ဆိုရင် ဘယ်လောက် ကြမ်းတမ်းတဲ့ အခြေအနေ ဖြစ်ခဲ့သလဲ ဆိုတာကို မြင်နိုင်ကြောင်း၊ ဒုံးကျည်တစ်စင်း ကျရောက်လာတာနဲ့တောင် တူနေပြီး အပြင်းအထန် ပေါက်ကွဲခဲ့သလို အပျက်အစီးတွေကိုလည်း နေရာအနှံ့ တွေ့ခဲ့ရကြောင်း ဖလော်ရီဒါ မြို့တော်ဝန် ရွန်ဒီဆန်းတစ်က ပြောကြားခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ဘယ်သူတွေ လိုက်ပါလာခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ မြေပြင်ပေါ်မှာ လူအသေအပျောက် ရှိမရှိ ဆိုတာကိုလည်း ဆက်လက် စုံစမ်းနေကြောင်း ဒီဆန်းတစ်က ဆိုပါတယ်။
လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကိုလည်း လတ်တလောမှာ အတိအကျ မသိရသေးပါဘူး။ လေယာဉ်ပျက်ကျချိန်တုန်းက အဲဒီနေရာတဝိုက်မှာ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်နေပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပမ်းလ်ဘိချ်ခရိုင် မီးသတ်တပ်ဖွဲ့က လူအများအပြား သေဆုံးတဲ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ထားကြောင်းပဲ ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ နိုဝင်ဘာ ၁ ရက်နေ့က မာအယ်လ်လာဂို စံအိမ်ထဲမှာ ရှိနေခဲ့ပေမယ့် လေယာဉ် ပျက်မကျခင် တစ်နာရီလောက် အလိုကတည်းက Air Force One သမ္မတ စီးတော်လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
ကိုးကား: CNN





















































